နေပြည်တော် စက်တင်ဘာ ၁၀
တောင်သူများကိုယ်တိုင်ပါဝင်သော အလားအလာကောင်းသည့် မြေပြန့်နှင့် တောင်ပေါ်ကုန်းမြင့် ယာစပါးမျိုး မွေးမြူရွေးချယ်ခြင်းအခမ်းအနားကို ယမန်နေ့က နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်း၌ ကျင်းပသည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာတင်ထွဋ်၊ ဦးဗိုလ်ဗိုလ်ကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်အားပေးကြပြီး တောင်သူများနှင့်အတူ စိတ်ကြိုက်မျိုးရွေးချယ်ကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးများသည် တောင်သူများ၏ စိုက်ပျိုး ထုတ်လုပ်မှုဆိုင်ရာ နည်းပညာ အခက်အခဲများ ဖြေရှင်းပေးရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် သုတေသီများ၊ ပညာရှင်များ၊ စိုက်ပျိုးပညာပေး တာဝန်ရှိသူများနှင့် တောင်သူများအကြား နီးကပ်စွာ ဆွေးနွေးအဖြေရှာ ဖော်ထုတ်ပေးနိုင်ရန် အပတ်စဉ် စနေနေ့တိုင်းကျင်းပပြုလုပ်သည့် (၆) ကြိမ်မြောက် တောင်သူနည်းပညာ ဆွေးနွေးပွဲ (Farmers’ Forum) သို့ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ဒေသရာသီဥတုနှင့်ကိုက်ညီပြီး မြေအမျိုးအစားအပေါ် မူတည်၍ သီးနှံပုံစံများ ပြောင်းလဲစိုက်ပျိုးနိုင်ရေး၊ ရာသီဥတုပြောင်းလဲသက်ရောက်လာမှုကြောင့် စိုက်ပျိုးရေ ရှားပါးလာသဖြင့် ရေခက်ခဲသည့် ဒေသများတွင် လယ်စပါးစိုက်ပျိုးမှုမှ ရာသီဥတုနှင့် လိုက်လျောညီထွေမှုရှိသည့် အထွက်ကောင်းယာစပါးများ ပြောင်းလဲစိုက်ပျိုးနိုင်ရန် တောင်သူများကိုယ်တိုင် ပူးပေါင်းပါဝင်သော လက်တွေ့အသုံးချ သုတေသနများဆောင်ရွက်သင့်ကြောင်း၊ လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ကြိုးပမ်းမှုများတွင် ကြုံတွေ့လာရသည့် စိန်ခေါ်မှုများအပေါ် အောင်မြင်စွာကျော်ဖြတ်နိုင်ရန် သက်ဆိုင်ရာဌာနများနှင့် တောင်သူများ၏ ပူးပေါင်းဆောင်ရွက်မှုသည် ပဓာနကျသော လုပ်ငန်း ရပ်ဖြစ်သည်ကိုသတိပြုကြပြီး လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က တောင်သူများ တွက်ခြေကိုက်ဝင်ငွေရပြီး စိုက်ပျိုးရေ အနည်းငယ်သာလိုအပ်သည့် သီးနှံများပြောင်းလဲစိုက်ပျိုးနိုင်ရေးအတွက် ရေအသုံးချသူများအဖွဲ့ (WUG)များအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ ရေကူနိုင်သော နည်းလမ်းပေါင်းစုံနှင့် စိုက်ပျိုးအသုံးပြုပြီးသော ရေများကိုရေထုတ်မြောင်းများ၊ ရိုးများမှအဆင့်ဆင့်ပြန်လည် အသုံးပြုနိုင်ရန် နည်းလမ်းများ ကို ရှာဖွေဖော်ထုတ်သွားကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် တောင်သူနည်းပညာဆွေးနွေးပွဲ(Farmers’ Forum)ကို ဆက်လက်ကျင်းပရာ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနတို့မှ ပညာရှင်များက ယာသီးနှံများအတွက် ရေလိုအပ်ချက်နှင့် ရေပေးသွင်းစနစ်များ၊ စိုက်ပျိုးရေ လိုအပ်ချက်စိန်ခေါ်မှုများနှင့် တုံ့ပြန် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများကို တင်ပြကြပြီး တောင်သူများနှင့် အပြန်အလှန်နှီးနှောဖလှယ် ဆွေးနွေးကြသည်။
ရာသီဥတု ပြောင်းလဲလာမှုကြောင့် ရေခက်ခဲသည့်ဒေသများတွင် လယ်စပါးစိုက်ပျိုးခြင်းမှ ရာသီဥတုနှင့် လိုက်လျောညီထွေမှုရှိသည့် ရေအနည်းငယ်သာလိုအပ်သော အထွက်ကောင်း ယာစပါးမျိုးများ အစားထိုးစိုက်ပျိုးနိုင်ရန်၊ ယာသီးနှံများအတွက် ရေလိုအပ်ချက်နှင့် ရေပေးသွင်းစနစ်များကို တောင်သူများ သိရှိလိုက်နာ ကျင့်သုံးနိုင်ကြစေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
#MyanmarNationalPost
No comments:
Post a Comment