MNP ၊ စက်တင်ဘာ ၁၆
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းက နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ(ခုတင်-၁၀၀၀) ပြည်သူ့ဆေးရုံကြီး၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေး လုပ်အားပေး ဆောင်ရွက်ခဲ့ကြသည်။
စုပေါင်းသန့်ရှင်းရေး လုပ်အားပေးပွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရှိ ဌာနကြီးများနှင့် တပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်နှင့်စာရေးဝန်ထမ်း စုစုပေါင်း ၇၀၀ ဦးတို့နှင့်အတူ ဆေးရုံကြီးရှိ ဆရာဝန်၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများက ဆေးရုံကြီးဝင်း အတွင်း/အပြင် သန့်ရှင်းသာယာ လှပရေးအတွက်ဆောင်ရွက်ခြင်း၊ ဆေးရုံအဆောက်အဦများပေါ်ရှိ အမှိုက်များ၊ သစ်ရွက် ခြောက်များအား ဖယ်ရှားရှင်းလင်းခြင်း၊ အဆောက်အဦဘေးထိစပ်နေသော သစ်ကိုင်းများ၊ သစ်ပင်ကြီး များအား အမြင်တင့်တယ်စေရေး၊ လေဝင်/လေထွက်ကောင်းမွန်စေရေးနှင့် အလင်းပွင့်စေရေးအတွက် ခုတ်ထွင်ရှင်းလင်းခြင်း၊ ချုံနွယ်ပိတ်ပေါင်းများ ဖယ်ရှားရှင်းလင်းခြင်းနှင့် ရေနုတ်မြောင်းများ ဖော်ထုတ်ခြင်း တို့ကို အတူတကွ စုပေါင်းသန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ဂုဏ်ပြု စုပေါင်းသန့်ရှင်ရေးလုပ်အားပေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီး ဒေါက်တာရဲမြင့်နှင့် ဆေးရုံတာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးကာ စုပေါင်းသန့်ရှင်းရေးလုပ်အားပေး ဆောင်ရွက်သည့် တပ်ဖွဲ့ဝင်၊ စာရေးဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများကို ရေသန့်၊ ကော်ဖီ၊ ဆီထမင်းနှင့် အကြော်စုံတို့ဖြင့် ဧည့်ခံကျွေးမွေးခဲကြောင်း သတင်းရရှိသည်။
#MyanmarNationalPost
No comments:
Post a Comment