ဒုတိယဝန်ကြီး ဦးအောင်မြိုင် မီးရထားလမ်းပိုင်းများနှင့် စက်ခေါင်းပြင်စက်ရုံများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးအောင်မြိုင် မီးရထားလမ်းပိုင်းများနှင့် စက်ခေါင်းပြင်စက်ရုံများ ကြည့်ရှုစစ်ဆေး


MNP ၊ စက်တင်ဘာ ၂၅

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၂၂ ရက် မှ ၂၄ ရက်အထိ မိတ္ထီလာ- မြင်းခြံသံမဏိစက်ရုံ ရထားလမ်းပိုင်း၊ ဇီးပင်ကြီး-ပွဲကောက်ရထားလမ်းပိုင်း၊ စက်ခေါင်းပြင်စက်ရုံ(ပြင်ဦးလွင်)၊ စက်ခေါင်းပြင်စက်ရုံ(မန္တလေး)၊ မန္တလေးဘူတာကြီး၊ လူစီးတွဲနှင့်ကုန်တွဲပြင်စက်ရုံ (မြစ်ငယ်)နှင့် မြစ်ငယ်ရထားလမ်းတံတားသစ်တို့ကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် မိတ္ထီလာ-မြင်းခြံ သံမဏိစက်ရုံသို့သွားသည့် ရထားလမ်းပိုင်းတစ်လျှောက် အဆင့်မြှင့်တင်ပြုပြင် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို RBE ရထားဖြင့် စီးနင်းလိုက်ပါစစ်ဆေးပြီး ရထားလမ်းဘေး ဘယ်/ညာရှိ လဲလှယ်ထားသည့် သံလမ်းအဟောင်းနှင့် ဆက်စပ်ပစ္စည်းများကို နေရာတစ်ခုသတ်မှတ်၍ စနစ်တကျစုပုံထားရန်၊ လမ်းပိုင်းအတွင်းရှိ အချက်ပြနှင့် သတိပေးမှတ်တိုင်များ ယိုင်နဲ့ နေမှု၊ ဆေးရောင်ပြယ်လွင့်နေမှုတို့ကို စစ်ဆေးပြုပြင်သွားရန်၊ လမ်းခင်းကျောက် ဖြည့်တင်းထား သည့် နေရာများတွင် သတ်မှတ်ပုံစံအတိုင်း စနစ်တကျပါကင်ရိုက်၍ အချောသပ်လုပ်ငန်းများ ဆောင်ရွက်သွားရန်၊ မြေပြန့်လမ်းပိုင်းဖြစ်သဖြင့် လမ်းပိုင်းအချောသပ်ဆောင်ရွက်ပြီးပါက မိုင်နှုန်းတိုးမြှင့်ပြေးဆွဲနိုင်ရေး ဆောင်ရွက်ရန်၊ ရထားလမ်းတံတားနေရာများရှိ ဆွေးမြည့်နေသည့် သစ်သားဇလီဖားတုံးများအား အမြန်လဲလှယ်သွားရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဇီးပင်ကြီး-ပွဲကောက်ရထားလမ်းပိုင်းကို RGC ဖြင့် စစ်ဆေးခဲ့ရာ ရထားလမ်းဘေးတစ်လျှောက်နှင့် ဘူတာယာဒ်ဝင်းများရှိ မြက်၊ ချုံနှင့် အမှိုက်ရှင်းလင်းသွားရန်၊ Point နှင့် အချက်ပြစနစ်များ၊ Level Crossing နေရာများ ကောင်းမွန်စေရေး စစ်ဆေးသွားရန်နှင့် ဘူတာများရှိ ဝန်ထမ်း နေအိမ်လိုင်းခန်းပျက်စီးနေမှုကို စစ်ဆေးပြုပြင်သွားရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် စက်ခေါင်းပြင်စက်ရုံ (ပြင်ဦးလွင်)၊ စက်ခေါင်းပြင် စက်ရုံ(မန္တလေး)နှင့် လူစီးတွဲနှင့် ကုန်တွဲစက်ရုံ(မြစ်ငယ်)တို့ကို ကြည့်ရှုစစ်ဆေးပြီး အသစ်တပ်ဆင် ထုတ်လုပ်နေသည့် လူစီးတွဲသစ်များ အချိန်မီပြီးစီးရေး၊ ကုန်တွဲများအချိန်မီ ပြုပြင်ပြီးစီးရေး၊ ပြည်ပမှစက်အပိုပစ္စည်း ဝယ်ယူမှုများ လျှော့ချနိုင်ရန်အတွက် မိမိစက်ရုံကြီးများတွင် အရည်အသွေးပြည့်မီသည့် အပိုပစ္စည်းများ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်တို့ကို မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် မန္တလေးဘူတာကြီးကို စစ်ဆေးပြီး ဘူတာနှင့် ယာဒ်ဝင်းအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ဘူတာယာဒ်ဝင်းလမ်းများ ကြံ့ခိုင်မှုကောင်းမွန်အောင် စစ်ဆေးဆောင်ရွက်ရေး၊ ရထားပြေးဆွဲရာတွင် အန္တရာယ်ကင်းရှင်းစေရန်အတွက် အရေးကြီးသည့် Point နှင့် အချက်ပြစနစ်များ ကောင်းမွန် စေရေး၊ ရထားစီးခရီးသည်နှင့်ပစ္စည်းများ လုံခြုံရေးအတွက် မြန်မာ့မီးရထားရဲတပ်ဖွဲ့နှင့် ဘူတာရှိ မီးရထားဝန်ထမ်းများ ပူးပေါင်း၍ စနစ်တကျကြပ်မတ်စစ်ဆေး ဆောင်ရွက်ရန်နှင့် ရထားစီး ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ နားနေသွားလာနိုင်အောင် စီစဉ်ဆောင်ရွက်ရေးတို့ကို ဆွေးနွေး မှာကြားသည်။

ထို့နောက် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း၌ အဓိကကျသည့် မြစ်ငယ်တံတားသစ်သို့ သွား ရောက်စစ်ဆေး၍ ရေရှည်ကြံ့ခိုင်မှုရှိစေရေး စဉ်ဆက်မပြတ် စစ်ဆေးသွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)