နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် ဆန်နှင့်စားသုံးဆီများ ရောင်းချနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် ဆန်နှင့်စားသုံးဆီများ ရောင်းချနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်




MNP ၊  စက်တင်ဘာ  ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဒေသခံပြည်သူများအား သက်သာသောဈေးနှုန်းများ၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် ဆန်နှင့်စားသုံးဆီများ ရောင်းချနိုင်ရေးအတွက် ဆန်လုပ်ငန်းရှင်များ၊ စားသုံးဆီလုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအသင်း MSME အသင်းဥက္ကဋ္ဌ၊ နေပြည်တော် ဆန်ဒေသကော်မတီ၊ ဆန်လုပ်ငန်းရှင်များနှင့် စားသုံးဆီလုပ်ငန်းရှင်များ တက်ရောက်ကြသည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ပြည်သူများ၏ စားဝတ်နေရေးပြေလည်စေရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကို ထိန်းသိမ်းဆောင်ရွက်နိုင်ရန်ရှေ့ရှုလျက် ပြည်သူများအား စားသုံးဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် နေပြည်တော်စားသုံးဆီ ဖြန့်ဖြူးရောင်းချရေးကြီးကြပ်မှုကော်မတီ၊ ခရိုင်/ မြို့နယ်စားသုံးဆီဖြန့်ဖြူးရောင်းချရေးကြီးကြပ်မှု ကော်မတီများကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ မြို့နယ်(၈)မြို့နယ်အတွက် နေပြည်တော်စားသုံးသူရေးရာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် နေပြည်တော် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းသား (၂၄)ဦးက ရက်သတ္တပတ်လျှင်(၅-ရက်သာ)၊ (၂၀၀)ပေပါအား ခွဲတမ်းချ၍ ပြန်လည် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ စားသုံးဆီရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းနှင့် ရောင်းချခြင်းရှိ/မရှိ၊ ရောင်းချရန် အစီအစဉ်အတိုင်း ရောင်းချမှုများအား စစ်ဆေးကြပ်မတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ နေပြည်တော်အတွင်း မြို့နယ်(၈)မြို့နယ်ရှိ ဆန်လုပ်ငန်းရှင်ကြီး များအနေဖြင့်လည်း သက်ဆိုင်ရာမြို့နယ်အလိုက် သက်သာသော နှုန်းထားဖြင့် ပြည်သူလူထုအား ဆန်များ ဆက်လက်ရောင်းချပေးစေလိုကြောင်း၊ ဆန်နှင့် ဆီများကို အမှန်တကယ်လိုအပ်သည့် ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဖြူးရောင်းချနိုင်ရေး စနစ်တကျစီမံဆောင်ရွက်စေလိုကြောင်း၊ နေပြည်တော်အတွင်းရှိ ဝေးလံခေါင်ပါးသည့် ဒေသများတွင် တာဝန်ထမ်းဆောင်နေသော ဆရာ/ ဆရာမများနှင့် ပညာရေးဝန်ထမ်းများအတွက် စားအုန်းဆီနှင့် ဆန်များအား သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူလူထုအား အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်နှင့်စားသုံးဆီများကို သက်သာသော နှုန်းထားဖြင့် စနစ်တကျခွဲဝေရရှိရေး တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ဆန်လုပ်ငန်းရှင်များနှင့် ဆီလုပ်ငန်းရှင်များမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း၊ နေပြည်တော်အတွင်းရှိ ပြည်သူလူထု၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း၊ သွင်းအားစုများ ဈေးသက်သာစေရန်လည်း သက်ဆိုင်ရာဌာနဆိုင်ရာများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ကြရန်လိုကြောင်း၊ကုန်ဈေးနှုန်းတည်ငြိမ်စေရေး၊ ပြည်သူလူထုစားဝတ်နေရေး ပြေလည်စေရေးကိုလည်း အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ Export Quality အဆင့်မီသည့် ထုတ်ကုန်များ တိုးတက် အောင် ကြိုးစားထုတ်လုပ်ကြရန်လိုကြောင်း ပြောကြားသည်။ 


ထို့နောက် နေပြည်တော်စားသုံးဆီဖြန့်ဖြူးရောင်းချရေးကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးဇေယျာလင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဒေသခံပြည်သူများအား သက်သာ သောဈေးနှုန်းများ၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် ဆန်နှင့်စားသုံးဆီများ ရောင်းချနေမှုနှင့် ဆက်လက်ရောင်းချမည့်အခြေအနေများကို ဆွေးနွေးတင်ပြသည်။


ယင်းနောက် နေပြည်တော်စားသုံးဆီ ဖြန့်ဖြူးရောင်းချရေးကြီးကြပ်မှုကော်မတီအတွင်းရေးမှူး နေပြည်တော်စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးခမ်လျန်စွမ်းနှင့် ဌာနဆိုင်ရာများ၊ နေပြည်တော်အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအသင်း MSME အသင်းဥက္ကဋ္ဌ၊ နေပြည်တော်ဆန်ဒေသကော်မတီ၊ ဆန်လုပ်ငန်းရှင်များနှင့် စားသုံးဆီလုပ်ငန်းရှင် များက သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြသည်။


ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြဆွေးနွေးမှုများအပေါ် လိုအပ်သည် များကို ဖြည့်စွက်ဆွေးနွေးပေးသည်။ 


ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင် များနှင့်အတူ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်နှင့် ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိ ရပ်ကွက်တို့၌ နေပြည်တော်၊ ခရိုင်/မြို့နယ်စားသုံးဆီဖြန့်ဖြူးရောင်းချရေးကြီးကြပ်မှုကော်မတီတို့၏ ကြီးကြပ်မှုဖြင့် စားသုံးဆီအား သတ်မှတ်ရည်ညွှန်းဈေးနှုန်း (၁)ပိဿာလျှင် ၅၄၀၀ ကျပ်ဖြင့် အိမ်ထောင်စု(၁)စု (၁)ပိဿာနှုန်းကို တိုကင်စနစ်ဖြင့် သပြေကုန်းရပ်ကွက်တွင် အိမ်ထောင်စု (၅၅၀)စုနှင့် ဒက္ခိဏသီရိရပ်ကွက်တွင် အိမ်ထောင်စု (၅၅၀)စုကို ပြည်သူများလက်ဝယ်အရောက် ရောင်းချနေမှုအား သွားရောက်ကြည့်ရှုအားပေးပြီး ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။


အဆိုပါ နေပြည်တော်၊ ခရိုင်/မြို့နယ်စားသုံးဆီဖြန့်ဖြူးရောင်းချရေးကြီးကြပ်မှုကော်မတီတို့၏ ကြီးကြပ်မှုဖြင့် စားသုံးဆီများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ကျန်ရှိသည့်မြို့နယ် များအား သတ်မှတ်ရက်အတိုင်း ပြည်သူများ လက်ဝယ်အရောက် ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


ထွန်းထွန်းဝင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)