MNP ၊ စက်တင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ စက်တင်ဘာလ (၂၆) ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ ခုနှစ်၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၃/၂၀၂၃) ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိုးစပါးများ ရိတ်သိမ်းနေသည့်အချိန်ဖြစ်၍ အလေအလွင့်နည်းပါးပြီး စပါးရိတ်သိမ်းခြွေလှေ့စက်များဖြင့် စနစ်တကျရိတ်သိမ်းရန်လိုအပ်ကာ ရိတ်သိမ်းပြီး မိုးစပါးများအမိုးအကာအောက် အမြန်ဆုံးရောက်ရှိရန်လိုအပ်ကြောင်း၊ မြို့နယ်အလိုက် မိုးစပါးရိတ်သိမ်းရာတွင်လိုအပ်သည့် ရိတ်သိမ်းခြွေလှေ့စက်များ လုံလောက်မှုရှိစေရေး စီစဉ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိုးစပါးရိတ်သိမ်းပြီးပါက ဒုတိယသီးနှံဖြစ်သည့် ပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံများအား အထွက်ကောင်းပြီး ပန်းတိုင်အထွက်နှုန်းရရှိနိုင်သည့် မျိုးကောင်းမျိုးသန့်မျိုးစေ့များ လုံလောက်စွာရရှိစေရေး ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ အယ်နီညိုရာသီဥတုဖြစ်၍ ဒုတိယသီးနှံစပါးစိုက်ပျိုးမည့် နေရာများတွင် မြို့နယ်စိုက်ပျိုးရေးလုပ်ငန်း ကြီးကြပ်မှုအဖွဲ့များက သေချာကွင်းဆင်း၍ စိုက်နည်းစနစ်များ သရုပ်ပြပေးရန်၊ အသိပညာပေးရန်လိုအပ်ပြီး စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ရရှိစေရေးနှင့် တစ်နှစ်(၃)သီး စိုက်ပျိုးမည့် လယ်မြေများအား မျိုး၊ မြေ၊ ရေ၊ နည်းမှန်မှန်ကန်ကန် စနစ်တကျရွေးချယ်စိုက်ပျိုးသွားရန် အရေးကြီးကြောင်း၊ နွေစပါးစိုက်ပျိုးနိုင်ရေးအတွက် ချောင်းပိတ်မြောင်းပိတ်လုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေး မြေနေရာရွေးချယ်တင်ပြပေးရန်နှင့် ကုန်ကျစရိတ်နှင့် ရရှိနိုင်သည့် အကျိုးကျေးဇူးအပေါ်ချိန်ဆတင်ပြရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေများအကျိုးရှိရှိ စနစ်တကျသုံးစွဲနိုင်ရေးနှင့် လေလွင့်မှုမရှိစေရေး ကျေးရွာအုပ်စုအလိုက်ဖွဲ့ပေးထားသည့် Water User Group အား အသိပညာပေးခြင်းလုပ်ငန်းများ ကြိုတင်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ စိုက်နည်းစနစ်ပြောင်းလဲနိုင်ရေး ယခင်နှစ်က Drum Seeder များ ဖြန့်ဝေပေးခဲ့သလို ယခုနှစ်တွင်လည်း တန်ဖိုးနည်းကောက်စိုက်စက်များ ဖြန့်ဝေပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် မြေဆီမြေနှစ်ကောင်းမွန်စေရေး သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်စိုက်ပျိုးနိုင်ရေး မြို့နယ်အလိုက် စီမံချက်ချမှတ်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်/ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးများက မိုးစပါးရိတ်သိမ်းနေမှုနှင့် ဒုတိယသီးနှံဖြစ်သည့် ပဲအမျိုးမျိုးနှင့်ဆီထွက်သီးနှံ အထွက်ကောင်းမျိုးများ ပြောင်းလဲစိုက်ပျိုးနိုင်ရေးစီစဉ်ထားနေမှု၊ နွေစပါးစိုက်ပျိုးနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများအား အသီးသီးတင်ပြခဲ့ကြရာ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူး တိုင်းဒေသကြီးအတွင်း စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး လုပ်ငန်းစီမံချက်များအား Power Point များဖြင့် အသီးသီးတင်ပြခဲ့သည်။
ယင်းနောက် တင်ပြချက်များနှင့်ပတ်သက်၍ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေများအား အကြံပြုတင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment