မြန်မာနိုင်ငံ၏ Digital Transformation ခရီးကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ရန်အတွက် e-Government အား မဖြစ်မနေ ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာနိုင်ငံ၏ Digital Transformation ခရီးကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ရန်အတွက် e-Government အား မဖြစ်မနေ ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ပြောကြား




MNP ၊ စက်တင်ဘာ ၅

မြန်မာနိုင်ငံတွင် e-Government လုပ်ငန်းများကို အစိုးရအုပ်ချုပ်ရေးယန္တရားတွင်ပါဝင်သည့် အစိုးရအဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများအသီးသီးမှ လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ “Consultative Workshop on Myanmar e-Governance Master Plan 2030 (မူကြမ်း)" အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂) အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အမှာစကားပြောကြားသည်။


အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ယနေ့ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီးသည် အုပ်ချုပ်မှု၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအစရှိသော ကဏ္ဍအသီးသီးတွင် Digital Transformation ကို ဦးစားပေးပြီး အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ Digital Transformation ခရီးကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ရန်အတွက် e-Government အား မဖြစ်မနေ ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂ၏ E-Government Development Index (EGDI) တွင် အလယ်အလတ်အဆင့်သို့ ကူးပြောင်းနိုင်ခဲ့ပြီး ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံအနက် ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံသည်အဆင့် ၁၆၉ ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် အဆင့် ၁၃၄ သို့ ရောက်ရှိလာပြီး အဆင့် ၃၅ ဆင့် တိုးတက်လာခဲ့ပါကြောင်း၊ ယင်းတိုးတက်မှုများသည် ထင်ရှားသော ရလဒ်ကောင်းများဖြစ်သည့်အတွက် ဆက်လက်ထိန်းသိမ်းသွားရန် လိုအပ်မည်ဖြစ်ပါကြောင်း။


ယနေ့ကမ္ဘာ့နိုင်ငံအများစုသည် e-Government ကို ကျော်လွန်ပြီး Digital Government ကို ဦးတည်လျှောက်လှမ်းနေကြပြီဖြစ်၍ မြန်မာနိုင်ငံသည်လည်း ယခုအချိန်မှစ၍ Digital Government ကို ဦးတည်ချည်းကပ် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်သွားနိုင်ရန် အဓိကလိုအပ်ချက်တစ်ခုဖြစ်သော တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့် National Strategic Vision ကို ချမှတ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကမ္ဘာတစ်ဝန်း လျင်မြန်စွာ ပြောင်းလဲတိုးတက်နေသည့် Digital World၊ New Digital trends များနှင့်အတူ နောက်ကျကျန်ခြင်းမရှိဘဲ လိုက်ပါဆောင်ရွက်နိုင်ရန် ယခင် e-Governance Master Plan ကို ဖြည့်စွက် မွမ်းမံပြင်ဆင်ပြီး ယခု Myanmar e-Governance Master Plan 2030 ရေးဆွဲခြင်းခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုမူကြမ်းတွင် မျှော်မှန်းချက်၊ ရည်ရွယ်ချက်များ၊ မဟာဗျူဟာများ၊ လုပ်ငန်းစဉ်မူဘောင်များကို ထည့်သွင်းရေးဆွဲထားပြီး ၂၀၃၀ ပြည့်နှစ်အထိ ကာလတို၊ ကာလရှည်အချိန်အပိုင်းအခြားအလိုက် ဆောင်ရွက်ရန်လုပ်ငန်းများ၊ တည်ဆောက်သွားသင့်သော နည်းပညာအခြေခံအဆောက်အဦများ၊ ရေးဆွဲပြဌာန်းသင့်သော ICT ဆိုင်ရာဥပဒေ၊ မူဝါဒ၊ လမ်းညွှန်ချက်များနှင့် စံချိန်စံညွှန်းသတ်မှတ်ချက်များကိုလည်း ပြည့်စုံစွာ ထည့်သွင်းထားပါကြောင်း။ 


အဆိုပါ လုပ်ငန်းအစီအမံများကို ထိရောက်အကျိုးရှိစွာ စနစ်တကျ အကောင်အထည်ဖော်ဆောင်ခြင်းအားဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး အထောက်အပံ့ကောင်းဖြစ်စေပြီး ရေရှည်တည်တံ့ ခိုင်မြဲသော၊ ဆန်းသစ်တီထွင်မှုများနှင့် အားလုံးပါဝင်နိုင်သည့်အခြေအနေများကို လမ်းဖွင့်ပေးထားသော၊ နိုင်ငံတကာ/ အာဆီယံ အသိုက်အဝန်းများနှင့်ပေါင်းစည်းသော Digital Economy ဖွံ့ဖြိုးတိုးတက်မှုကို ရရှိလာမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် အစီအမံတစ်ခုဖြစ်သည့် Myanmar e-Governance Master Plan 2030 မူကြမ်းအပေါ်တွင် ယခုအလုပ်ရုံဆွေးနွေးပွဲမှ ကောင်းမွန်သည့်အကြံပြုချက်များ၊ ရလဒ်ကောင်းများ ဖော်ထုတ်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။


ဆက်လက်၍ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ e-Government ဌာန၊ ညွှန်ကြားရေးမှူးက Myanmar e-Governance Master Plan 2030 (မူကြမ်း)တွင်ပါဝင်သော လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသည့် အစိုးရအဖွဲ့အစည်းများ၏ Chief Information Officer (CIO) များက အကြံပြုဆွေးနွေးကြသည်။


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ  ပြည်ထောင်စုဝန်ကြီးများ၊  ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့မှ Chief Information Officer (CIO) များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)