MNP ၊ စက်တင်ဘာ ၁၈
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သည့် မိန်းကလေးများအား ကျောင်းအခြေပြု သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေး(HPV) ထိုးနှံပေးခြင်းကို ယနေ့ နံနက်ကစတင်ကာ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက လိုက်လံဆောင်ရွက်ခဲ့ကြသည်။
ကာကွယ်ဆေးထိုးနှံရာတွင် ခရိုင်ကျန်းမာရေးမှူး ဦးစိုးအောင်၊ မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ခင်စိုးလှိုင်နှင့် ကျောင်းအလိုက် ဆရာ၊ ဆရာမများက ကြီးကြပ်ဆောင်ရွက်ခဲ့ကြပြီး ကျန်းမာရေးဝန်ထမ်းများက သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေး(HPV) ထိုးနှံခြင်းနှင့်ပတ်သတ်၍ လိုက်နာရမည့် ရှောင်ရန်/ဆောင်ရန်အချက်များကို အသိပညာပေးဟောပြောကာ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးခဲ့ကြသည်။
သားအိမ်ခေါင်း ကင်ဆာရောဂါသည် ကမ္ဘာတစ်ဝှမ်းလုံးရှိ အမျိုးသမီးများတွင် စတုတ္ထမြောက် အဖြစ်အများဆုံး ကင်ဆာရောဂါဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်သောအမျိုးသမီးများမှာ ဒုတိယမြောက်အဖြစ်အများဆုံး ရောဂါဖြစ်ကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးကို မိန်းကလေး ငယ်များအား စောလျင်စွာ ထိုးနှံခြင်းက သားအိမ်ခေါင်းကင်ဆာရောဂါကို အစောဆုံး ကာကွယ်နိုင်မည့် အခွင့်အလမ်း ဖြစ်ကြောင်း သိရသည်။
သထုံမြို့နယ်အတွင်း ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်းကို အခြေခံပညာကျောင်းပေါင်း(၁၆၇)ကျောင်းမှ ကျောင်းသူ (၆၄၇၂)ဦးအား ဆေးထိုးစုရပ်ပေါင်း(၂၀) သတ်မှတ်ကာ စက်တင်ဘာလ ၁၈ ရက်နေ့ မှ ၂၉ ရက်နေ့ အထိ ထိုးနှံပေးနေပြီး ကျောင်းမနေသူများနှင့် ကျောင်းအခြေပြုထိုးနှံခြင်း၌ ကျန်ရှိသူများကို ပြည်သူလူထုအခြေပြုအဖြစ် အောက်တိုဘာလ ၁၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ သတ်မှတ်စုရပ်နေရာအသီးသီးတို့၌ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment