Naypyitaw State Academy ဆေးသိပ္ပံပညာမဟာဌာနတွင် သင်ကြားမည့် ဆရာ/ဆရာမများ ခန့်ထားနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

Naypyitaw State Academy ဆေးသိပ္ပံပညာမဟာဌာနတွင် သင်ကြားမည့် ဆရာ/ဆရာမများ ခန့်ထားနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ


MNP ၊ စက်တင်ဘာ ၈

Naypyitaw State Academy ဆေးသိပ္ပံပညာမဟာဌာနတွင် ဆေးပညာအခြေခံနှစ်သင်တန်းကို အဆင်ပြေချောမွေ့စွာ ဖွင့်လှစ်နိုင်ရေးအတွက် သင်ကြားမည့် ဆရာဆရာမများ ခန့်ထားနိုင်ရေး၊ ဝန်ထမ်းရေးရာကိစ္စရပ်များ၊ သင်ကြားရေးဆိုင်ရာ ပစ္စည်းများဖြည့်တင်းနိုင်ရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန နေပြည်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဆေးလက်တွေ့အခြေခံဘာသာရပ် ပါမောက္ခ/ဌာနမှူးများ၊ Naypyitaw State Academy မှ ဒုတိယပါမောက္ခချုပ်နှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။


အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက Naypyitaw State Academy ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၉ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဝိဇ္ဇာပညာမဟာဌာန၊ သိပ္ပံပညာမဟာဌာန၊ ဥပဒေပညာမဟာဌာန၊ စီးပွား ရေးပညာမဟာဌာန၊ ဆေးသိပ္ပံပညာမဟာဌာန၊ လူမှုရေးပညာမဟာဌာနနှင့် အားကစားပညာမဟာဌာန စသည့် သင်ကြားရေးမဟာဌာနကြီး ခုနစ်ခုတို့ဖြင့် ဖွဲ့စည်းတည်ထောင်ထားပြီးဖြစ်ပါကြောင်း၊ ဆေးသိပ္ပံပညာမဟာဌာန ဖွင့်လှစ်နိုင်ရေးအတွက် ယခင်နှစ်ကပင် စတင်စီစဉ်ဆောင်ရွက်ခဲ့ရာ ယခုနှစ် နိုဝင်ဘာလတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင် သူများမှစ၍ ဆေးပညာအခြေခံနှစ်သင်တန်းကို စတင် ဖွင့်လှစ်နိုင်တော့မည်ဖြစ်ပါကြောင်း။


Naypyitaw State Academy သို့ တက်ရောက်ခွင့်ရရှိမည့် ကျောင်းသား ကျောင်းသူများအား ရွေးချယ်ရာတွင် ၎င်းတို့အောင်မြင်သည့်စာစစ်ဌာနအပေါ် မူတည်၍ စနစ်တကျရွေးချယ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မိမိတို့ဆေးတက္ကသိုလ်များတွင် လက်ရှိသင်ကြားလျက်ရှိသည့် Outcome-based Integrated Curriculum ဖြင့် တစ်ပြေးညီ သင်ကြား ပို့ချနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဆေးပညာအခြေခံနှစ် (Foundation Year)Semester(I)တွင် သင်ကြားပို့ချပေးမည့် ဆရာ ဆရာမများမှာ ပညာရေး ဝန်ကြီးဌာန Naypyitaw State Academy မှ ဆရာ ဆရာမများဖြစ်သဖြင့် ၎င်းတို့ကို မိမိတို့သင်ရိုး ညွှန်းတမ်း၊ ဆန်းစစ်ခြင်းပုံစံများဖြင့် အကျွမ်းဝင်မှုရှိစေရန် ဘာသာရပ်ဆိုင်ရာ ဝါရင့်သင်ကြားရေး ဆရာ ဆရာမများ ပါဝင်သောအဖွဲ့နှင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း။


Naypyitaw State Academy သို့ တက်ရောက်ခွင့်ရရှိမည့် ကျောင်းသား ကျောင်းသူများ၏ အရည် အသွေးပြည့်မီမှုကိုလည်း အလေးထားဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ Naypyitaw State Academy တွင် ဆေးသိပ္ပံပညာမဟာဌာန၏ ဘွဲ့ကြိုသင်တန်းများဆိုင်ရာ သင်ကြားရေး ဆရာ ဆရာမများခန့်ထားရေး၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့် ခေတ်မီသင်ထောက်ကူပစ္စည်းများ ပြည့်စုံမှုရှိစေရန် ဖြည့်တင်းရေးကိစ္စရပ်များကို Naypyitaw State Academy ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ညှိနှိုင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။


ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက သင်ကြားရေးဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဝန်ထမ်းခန့်ထားရေးဆိုင်ရာ ကိစ္စရပ်များ၊ သင်ထောက်ကူပစ္စည်းများဖြည့်တင်းရေးဆိုင်ရာကိစ္စရပ်များ၊ ဝန်ထမ်းအိမ်ရာ၊ ကျောင်းသား အဆောင်တည်ဆောက်ရေးကိစ္စရပ်များ၊ Naypyitaw State Academy ဒုတိယပါမောက္ခချုပ်က လက်ရှိ Naypyitaw State Academy ၏ ဖွဲ့စည်းပုံ၊ သင်ကြားရေးဆိုင်ရာကိစ္စရပ်များ၊ အဆောက်အအုံတည်ဆောက် ပြီးစီးမှုဆိုင်ရာကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ညှိနှိုင်းဆွေးနွေးသည်။


ယင်းနောက်တာဝန်ရှိသူများက Academic Campus နှင့် Clinical Campus များဖြစ်သော Naypyitaw State Academy နှင့် ခုတင်(၅၀)ဆံ့ ဇမ္ဗူသီရိဆေးရုံ နေပြည်တော်တို့သို့ သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)