ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ အမျိုးသားလူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန(NIA) ဒုတိယဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ အမျိုးသားလူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန(NIA) ဒုတိယဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေး


MNP ၊ စက်တင်ဘာ ၂၀

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ e-ID စနစ် လုပ်ငန်းဆောင်ရွက်မှုနှင့် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦး၊ အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်းတို့နှင့်အတူ စက်တင်ဘာ ၁၇ ရက် နံနက် ၈ နာရီ မိနစ် ၄၀ က ရန်ကုန်မြို့မှ တရုတ် ပြည်သူ့သမ္မတနိုင်ငံ ဘေဂျင်းမြို့သို့ လေကြောင်းခရီး ဖြင့်ထွက်ခွာရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်တုံးပြည်နယ် ကွမ်ကျိုးမြို့ ဘိုင်ရန် (Bai Yun) အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိရာ ကွမ်ကျိုးလူဝင်မှုကြီးကြပ် ရေးနှင့်စစ်ဆေးရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ချုပ် Ms. Zhao Hui က လေဆိပ်ဧည့်ခန်းမ၌ ကြိုဆိုနှုတ်ဆက်၍ ဒေသတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်ဝင်/ပြည်ထွက်စစ်ဆေးရေးလုပ်ငန်း ဆောင်ရွက် မှုအခြေအနေများကို ရှင်းလင်းပြောကြားကာ နှစ်နိုင်ငံလူဝင်မှုကြီးကြပ်ရေးဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်နိုင်ရေး အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကွမ်ကျိုးမြို့ ဘိုင်ရန် (Bai Yun) အပြည်ပြည် ဆိုင်ရာလေဆိပ်မှတစ်ဆင့် ည ၇ နာရီတွင် ဘေဂျင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှ တာဝန်ရှိသူများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။

စက်တင်ဘာ ၁၈ ရက်နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘေဂျင်းမြို့ရှိ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ အမျိုးသားလူဝင်မှုကြီးကြပ်ရေးဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန(NIA)သို့ သွားရောက်၍ NIA ၏ ဒုတိယဝန်ကြီးနှင့်တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် အပြည့်အဝထောက်ခံရပ်တည် မှုအခြေအနေ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်အောက်ရှိ NIA ဌာနမှ လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာမူဝါဒများ၊ ပြည်ဝင်/ပြည်ထွက်နှင့် နယ်စပ်ဒေသကာကွယ်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ၊ တရားဥပဒေစိုးမိုးရေးအတွက် ပူးပေါင်းဆောင်ရွက်မှု၊ တရုတ်-မြန်မာ နယ်စပ်ဂိတ်များနှင့် နယ်နိမိတ် တစ်လျှောက် ဝင်/ထွက်မှုစနစ်တကျဖြစ်စေရေး ဆောင်ရွက်နေမှုနှင့် နှစ်နိုင်ငံလူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း စမ်းသပ်သန်းခေါင်စာရင်းကောက်ယူမည့်အခြေအနေနှင့် ၂၀၂၄ ခုနှစ်အတွင်း ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူနိုင်ရေး စီစဉ်ဆောင်ရွက်နေမှု၊ e - ID စနစ် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ယင်းလုပ်ငန်းစဉ်များအောင်မြင်ရေးအတွက် တရုတ်နိုင်ငံအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ မြန်မာနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မူဝါဒများနှင့် လုပ်ငန်းဆောင်ရွက်မှု၊ တရုတ်နိုင်ငံအပါအဝင် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် နိုင်ငံများနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများပူးပေါင်းဆောင်ရွက်နေမှု၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်များ၌ နှစ်နိုင်ငံ ပြည်သူများ တရားဝင် ဝင်/ထွက်သွားလာမှုနှင့် တရားမဝင် ဝင်/ထွက်မှုမရှိစေရေးအတွက် တားဆီး ကာကွယ်ဆောင်ရွက်မှု၊ နှစ်နိုင်ငံလူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ နီးကပ်စွာ ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရေးအခြေအနေများနှင့်စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းပြောကြားကာ နှစ်ဦးနှစ်ဖက် ဆွေးနွေးချက်များအပေါ် အပြန်အလှန် အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် NIA ၏ ဒုတိယဝန်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး ဒုတိယဝန်ကြီး Mr. Xu Ganlu က ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘေဂျင်းမြို့ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်အောက်ရှိ သုတေသနဌာန(၁)သို့ သွားရောက်လေ့လာကြရာ ဌာနတာဝန်ခံက သုတေသနဌာန(၁)၏ လုံခြုံရေးဆိုင်ရာ နည်းပညာအသုံးပြုဆောင်ရွက်သည့် လုပ်ငန်းတစ်ခုချင်းအလိုက် ဆောင်ရွက်မှုနှင့်ပတ်သက်၍ နမူနာခင်းကျင်းပြသထားမှုများကို လိုက်လံရှင်းလင်းပြသသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား အစည်းအဝေးခန်းမ၌ လုပ်ငန်းတာဝန်ခံ Mr. Yu Rui နှင့် တာဝန်ရှိသူများက ဌာန၏လုပ်ငန်းများဆောင်ရွက်မှု၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ လုံခြုံ ရေးဆိုင်ရာပစ္စည်းများ သုတေသနပြုထုတ်လုပ်ပေးမှု၊ တရုတ်နိုင်ငံသားများအတွက် နိုင်ငံသားမှတ်ပုံတင် ကတ်ပြားကို နည်းပညာဆိုင်ရာ ID ကတ်များအဖြစ် ထုတ်ပေးမှု၊ ရဲတပ်ဖွဲ့တွင် အသုံးပြုနိုင်သည့် ဝတ်စုံများထုတ်ပေးမှု၊ လုပ်ငန်းကဏ္ဍအသီးသီး၌ လုံခြုံရေးဆိုင်ရာ စစ်ဆေးဆောင်ရွက်နိုင်သည့်ဝတ်စုံများထုတ်ပေးမှုကို ရှင်းလင်းပြောကြားရာ ပြည်ထောင်စု ဝန်ကြီးကသိရှိလိုသည်များ၊ မရှင်းလင်းသည့်အချက်များကို ပြန်လည်မေးမြန်းဆွေးနွေးပြီး လုပ်ငန်းတာဝန်ခံများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)