မြန်မာနိုင်ငံ၏ သဘာဝရေပြင်မှ ဖမ်းဆီးရရှိသည့် ရေထွက်ကုန်ပစ္စည်းနှင့် မွေးမြူရေး ရေထွက်ကုန်ပစ္စည်းများ တရုတ်နိုင်ငံသို့ တင်ပို့ရေးဆိုင်ရာ SPS သဘောတူစာချုပ်များချုပ်ဆိုမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံ၏ သဘာဝရေပြင်မှ ဖမ်းဆီးရရှိသည့် ရေထွက်ကုန်ပစ္စည်းနှင့် မွေးမြူရေး ရေထွက်ကုန်ပစ္စည်းများ တရုတ်နိုင်ငံသို့ တင်ပို့ရေးဆိုင်ရာ SPS သဘောတူစာချုပ်များချုပ်ဆိုမည်


MNP ၊ စက်တင်ဘာ ၁၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့တွင် ကျင်းပမည့် ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု (Belt and Road Initiative - BRI)တွင် ပါဝင်သည့်နိုင်ငံများအတွက် သွင်းကုန်နှင့်ပို့ကုန် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုညီလာခံနှင့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲသို့တက်ရောက်ရန် ယမန်နေ့က ရန်ကုန်မြို့မှ တရုတ်နိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ စီမံကိန်းဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များ ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၄ ရက်မှ ၁၇ ရက်အထိကျင်းပမည့် ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု (Belt and Road Initiative - BRI)တွင်ပါဝင်သည့် နိုင်ငံများအတွက် သွင်းကုန်နှင့်ပို့ကုန် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုညီလာခံနှင့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲများသို့ သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဖြစ်ပြီး ညီလာခံတွင် မြန်မာနိုင်ငံ၏ သဘာဝရေပြင်မှ ဖမ်းဆီးရရှိသည့် ရေထွက်ကုန်ပစ္စည်းနှင့် မွေးမြူရေးရေထွက် ကုန်ပစ္စည်းများ တရုတ်နိုင်ငံသို့ တင်ပို့ရေးဆိုင်ရာ SPS သဘောတူစာချုပ်များ ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment