MNP ၊ စက်တင်ဘာ ၆
ဂျာမနီနိုင်ငံမှ Tesla ၏ Giga Berlin စက်ရုံမှဒီဇယ်အင်ဂျင်ဖြင့် ခုတ်မောင်းသည့် လွန်းပျံရထား စက်တင်ဘာလ ၄ ရက်မှစ၍ စတင်ပြေးဆွဲလျက် ရှိသည်။
Tesla ဘူတာသို့ ပထမဆုံးရထားစီးလာသော အလုပ်အသွားအပြန် ခရီးသည်များကို စီးနင်းစဉ်အတွင်း တေးဂီတတီးခတ်သည့် DJ က ဖျော်ဖြေပေးခဲ့သည်။ စက်ရုံမှ လုပ်သားများ အလုပ် အသွားအပြန်အတွက် အခမဲ့ ဝန်ဆောင်မှု ပေးသည့်ရထား ဖြစ်ပါသည်။ ခရီးသည် ၄၀၀ ဦးအထိ လိုက်ပါစီးနင်းနိုင်ပြီး "Giga Train" ဟု အမည်တွင်သည်။
ရထားတွင် တပ်ဆင်ထားသော ဒီဇယ်အင်ဂျင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူပြီး ၎င်းဓာတ်အားဖြင့် ရထားကို မောင်းနှင်သည်။ လျှပ်စစ်ကားစစ်စစ်ကို ထုတ်လုပ်သည့် ကမ္ဘာ့ထိပ်တန်း အီးဗီကုမ္ပဏီကြီးက လျှပ်စစ်ရထား မသုံးစွဲသဖြင့် ဝေဖန်မှုများ ထွက်ပေါ်သည်။ အကယ်စင်စစ် Tesla ပိုင်ဆိုင်သည့်ရထား မဟုတ်ချေ။ ဂျာမန်ကုမ္ပဏီ NEB (Die Niederbarnimer Eisenbahn) က ပြေးဆွဲပေးသည့် ရထားဖြစ်သည်။
Tesla က ရထားလမ်းကိုသာ ဝယ်ယူပိုင်ဆိုင်ထားသည်။ German Regional Railway Group DRE ထံမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ကတည်းက ဝယ်ယူထားခဲ့ပြီး ယခုမှ ရထားစတင်ပြေးဆွဲခြင်း ဖြစ်သည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် သက်ဆိုင်ရာ အာဏာပိုင်တို့ထံမှ အတည်ပြု ခွင့်ပြုချက် ရရှိခဲ့သည်။ ဧပြီလနှင့် ဇွန်လအကြား စတင်ပြေးဆွဲရန် လျာထားခဲ့ပြီး စက်တင်ဘာလဆန်းတွင် စတင်ပြေးဆွဲနိုင်ခဲ့ပါသည်။
လွန်းပျံရထားသည် တနင်္လာနေ့မှ သောကြာနေ့အထိ တစ်ရက်လျှင် ခေါက်ရေ ၆၀ ပြေးဆွဲပေးသည်။ မိနစ် ၄၀ တစ်စင်း ထွက်သည်။ စက်ရုံမှ လုပ်သား ၁,၅၀၀ ကျော်အတွက် စီစဉ်ပေးထားခြင်း ဖြစ်သည်။ စက်ရုံလုပ်သား မဟုတ်သူများလည်း အခမဲ့ လိုက်ပါစီးနင်းနိုင်သည်။ စက်ရုံ လုပ်သားများ နေထိုင်ကြသည့် စက်ရုံအနီးရှိ Erkner မြို့မှ Fangschleuse ဘူတာရုံနှင့် စက်ရုံဝင်းမှ Grünheide ဘူတာရုံတို့အကြား ပြေးဆွဲသည်။
ယခင်က လွန်းပျံဘတ်စ် ပြေးဆွဲပေးနေသည်ကို ရုပ်သိမ်းလိုက်ပြီ ဖြစ်သည်။ Giga Berlin စက်ရုံသည် ယခင်က စနေနေ့ အလုပ်ဆင်းရသော်လည်း ယခုအခါ စနေနှင့် တနင်္ဂနွေ ၂ ရက်နားသဖြင့် လွန်းပျံရထားကို တနင်္လာမှ သောကြာအထိသာ ပြေးဆွဲပေးခြင်း ဖြစ်သည်။
#MyanmarNationalPost
No comments:
Post a Comment