MNP ၊ စက်တင်ဘာ ၂၆
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယမန်နေ့က ရန်ကုန်မြို့ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ တောင်အာရှနှင့် အရှေ့တောင်အာရှ (နိုင်ငံတကာဒေသတွင်း) ပြန်ကြားရေးစင်တာမှ အမှုဆောင်အယ်ဒီတာချုပ် မစ္စတာကျန့်ရော့ကူနှင့်အဖွဲ့အား လက်ခံတွေ့ဆုံပြီး ၂၀၂၃ ခုနှစ် တရုတ်-မြန်မာ Twin City Media Forum ကျင်းပရေး ဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုအား မြှင့်တင်ဆောင်ရွက်နိုင်မှုကြောင့် ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုအထိ ပိုမိုတိုးတက်ခိုင်မြဲအောင် တည်ဆောက်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ၂၀၂၃ ခုနှစ် တရုတ်-မြန်မာ Twin City Media Forum ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်မှုသည် အထူးသင့်လျော်ကောင်း မွန်မှုဖြစ်ပါကြောင်း၊ ယခင်လက ယူနန်ပြည်နယ်သို့ ရောက်ရှိခဲ့စဉ် ဧည့်ဝတ်ကျေပွန်မှုအတွက်လည်း အမှတ်တရရှိပြီး ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ယခုလ(၂၂/၂၃)ရက်များက ဗီယက်နမ်နိုင်ငံတွင် ကျင်းပခဲ့သည့် အာဆီယံ ပြန်ကြားရေးဝန်ကြီးများ အစည်းအဝေးသို့သွားရောက်ခဲ့စဉ် တရုတ်နိုင်ငံပြန်ကြားရေးဝန်ကြီး H.E. Mr. SUN YELI နှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံမီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ မီဒီယာကဏ္ဍ တိုးမြှင့်ဆောင်ရွက်မှုဖြင့် နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများချစ်ခင်ရင်းနှီးမှု ပိုမိုတိုးတက်အောင် ဆောင်ရွက်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း၊ တရုတ်-မြန်မာ Twin City Media Forum ကို မန္တလေးမြို့၌ ယခုနှစ် နိုဝင်ဘာတတိယပတ်တွင် ခမ်းနားထည်ဝါစွာဖြင့် ကျင်းပနိုင်ရန်နှင့် တရုတ်နိုင်ငံမှ အင်အား ၃၀ ခန့်နှင့် မြန်မာဘက်မှ အင်အား ၇၀ ခန့် ပေါင်းအင်အား ၁၀၀ ခန့် ဖိတ်ကြား၍ စီစဉ်ဆောင်ရွက်မည်ဖြစ်ပြီး ဖိုရမ်ပြီးပါက တရုတ်ဧည့်သည်များ နေပြည်တော်သို့ လာရောက်လေ့လာလည်ပတ်နိုင်ရေး ညှိနှိုင်းဆောင်ရွက် စေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ယူနန်ကိုယ်စားလှယ်က မီဒီယာကဏ္ဍပူးပေါင်းဆောင်ရွက်မှုသည် ဆွေမျိုးပေါက်ဖော်နှစ်နိုင်ငံအတွက် အကျိုးရှိပါကြောင်း၊ ယဉ်ကျေးမှုကြွယ်ဝသည့် မန္တလေးမြို့တွင် ဖိုရမ်ကျင်းပရန်ရွေးချယ်နိုင်ခြင်းအပေါ် နှစ်ခြိုက်သဘောတူပါကြောင်း၊ ဖိုရမ်တွင် နှစ်နိုင်ငံယဉ်ကျေးမှု ဖျော်ဖြေရေးအစီအစဉ်ကိုလည်း ထည့်သွင်းဆောင်ရွက်လိုပါကြောင်းနှင့် ဖိုရမ်ကျင်းပရေး အစီအစဉ်ကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ နှစ်ဖက်တက်ရောက်လာသူများက ဖိုရမ်အောင်မြင်စွာ ကျင်းပနိုင်ရေး အပြန်အလှန် ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ယူနန်ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ Myanmar International (MI)Channel မှ အပတ်စဉ် ရိုက်ကူးထုတ်လွှင့်နေသည့် ကျောင်းသူနှစ်ဦးအား အင်္ဂလိပ်ဘာသာဖြင့် ဗဟုသုတ မေးမြန်း/ဖြေဆိုမှု စွမ်းရည်ပြိုင်ပွဲ (Quiz Time Program)ရိုက်ကူးမှုကို ကြည့်ရှုအားပေးပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် MRTV-HD Channel မှ နေ့စဉ် နံနက်၁၀နာရီတွင် တိုက်ရိုက် Live ရိုက်ကူးထုတ်လွှင့်နေသည့် “သတင်းထဲက သတင်း” အစီအစဉ်ကို ကြည့်ရှုအားပေးပြီး တင်ဆက်မည့် သတင်းများရွေးချယ်မှု၊ တင်ဆက်မှုပုံစံ၊ ဝတ်ဆင်မှု၊ လေ့လာဆန်းသစ်မှု များနှင့်စပ်လျဉ်း၍ ဆွေးနွေးမှာကြားကာ တာဝန်ကျဝန်ထမ်းများအား ချီးမြှင့်ငွေ ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ပြည် ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ဗိုလ်တထောင်မြို့နယ်ရှိ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရုံးသို့ သွားရောက်ပြီးဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)နှင့်အဖွဲ့အား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး ပြည်ပနိုင်ငံများနှင့် မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများ ဆွေးနွေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment