MNP ၊ စက်တင်ဘာ ၂၁
ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးသည် United Nations Women's Guild of Vienna (UNWG) က ကြီးမှူး၍၊ ၂၀-၉-၂၀၂၃ ရက်တွင် Vienna International Centre ၌ ကျင်းပသည့် ''မိခင်နှင့် ကလေးသူငယ်များအား ထောက်ပံ့ကူညီပေးရေးရန်ပုံငွေအတွက် နေ့လယ်စာ ဈေးရောင်းပွဲတော်'' (UNWG Charity International Luncheon) တွင် မြန်မာအစားအစာများကို ရောင်းချလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဈေးရောင်းပွဲတော်တွင် မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့်အတူ သြစတြီးယား၊ အမေရိကန်၊ သြစတြေးလျ၊ အာမေးနီးယား၊ ဗြိတိန်၊ ဘော့စနီးယား၊ တရုတ်၊ ကင်မရွန်၊ အီဂျစ်၊ အီသီယိုးပီးယား၊ ပြင်သစ်၊ ဂျာမနီ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီတလီ၊ ဂျပန်၊ ဂျော်ဒန် ၊ကာဂျစ်စတန်၊ ကင်ညာ၊ တောင်ကိုရီးယား၊ မော်ဒိုဗာ၊ မွန်ဂိုလီးယား၊ နီဂျား၊ နိုင်ဂျီးရီးယား၊ ဥဘက်ကစ္စတန်၊ ပါကစ္စတန်၊ ပါလက်စတိုင်း၊ ဖိလစ်ပိုင်၊ ဆားဘီးယား၊ စလိုဗက်ကီးယား၊ ဆော်ဒီအာရေဗျ၊ သီရိလင်္ကာ၊ ဆူဒန်၊ တာဂျစ်ကစ္စတန်နိုင်ငံများ အပါအဝင် စုစုပေါင်း (၃၅) နိုင်ငံမှ အဖွဲ့ရုံးများက ပါဝင်ဆင်နွှဲလှူဒါန်းခဲ့ကြသည်။
United Nations Women's Guild of Vienna သည် ၁၉၆၇ ခုနှစ်တွင် တည်ထောင်ခဲ့သော ပရဟိတအဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ ရည်ရွယ်ချက်မှာ ကမ္ဘာတစ်ဝှမ်းတွင် အကူအညီလိုအပ်နေသော မိခင်နှင့်ကလေးသူငယ်များအား ထောက်ပံ့ကူညီပေးရန်ဖြစ်ပြီး လက်ရှိတွင် အဖွဲ့အစည်း၌ နိုင်ငံပေါင်း (၁၀၀) ကျော်မှ အဖွဲ့ဝင် (၅၀၀) ခန့် ပါဝင်၍ UNWG အဖွဲ့ဝင်များမှာ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးများမှ အမျိုးသမီးဝန်ထမ်းနှင့် ဇနီးများဖြစ်ကြပြီး၊ အခကြေးငွေ မယူဘဲ စေတနာ့ဝန်ထမ်း လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment