MNP ၊ စက်တင်ဘာ ၁၉
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့်အတူ ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ လှိုင်သာယာစက်မှုဇုန် ကနောင်ခန်းမတွင် မင်္ဂလာဒုံခရိုင်နှင့် အင်းစိန်ခရိုင်တို့မှ မသန်သော်လည်း စွမ်းကြသူ(၄၅၀)ဦးအား ဆန်နှင့်ဆီများလှူဒါန်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
လှူဒါန်းပေးအပ်ပွဲအခမ်းအနားတွင် ဦးခင်ရီ က နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့ပြီး တက်ရောက်လာကြသော မသန်စွမ်းသူများနှင့် လူမှုရေး အသင်းများမှ တာဝန်ရှိသူများက ၎င်းတို့၏ လိုအပ်ချက်အချို့အား တင်ပြကြရာ ဦးခင်ရီ က “ မိမိတို့အဖွဲ့အစည်းသည် စားသောက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ကူညီသည့်အနေဖြင့် လှူဒါန်းခြင်းဖြစ်ပါကြောင်း၊ ယခု အခမ်းအနားသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း တတိယအကြိမ်မြောက် လှူဒါန်းခြင်း ဖြစ်ပါကြောင်း၊ ပမာဏနည်းသော်လည်း စိတ်ရင်းစေတနာ နှောင်ကြိုးကင်းမဲ့စွာဖြင့် လှူဒါန်းရခြင်း ဖြစ်ပါကြောင်း၊ အဖွဲ့အစည်းတစ်ခု အနေနှင့် ကူညီဆောင်ရွက်လို့ရသည့် ကိစ္စရပ်များကို အမြန်ဆုံးဆောင်ရွက် ပေးမည်ဖြစ်ကြောင်း နှင့် ဆက်စပ်အဖွဲ့အစည်းများဖြင့် ချိတ်ဆက် ဆောင်ရွက်ရန်လိုအပ်သည့် ကိစ္စရပ်များကိုလည်း တတ်နိုင်သမျှကူညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ” ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး နှင့် ပါတီ ကော်မတီဝင်များ၊ မင်္ဂလာဒုံခရိုင်၊ အင်းစိန်ခရိုင်တို့မှ ခရိုင်ပါတီဥက္ကဋ္ဌများနှင့် ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် ပါတီကော်မတီဝင်များ၊ မသန်သော်လည်းစွမ်းကြသူများ နှင့် လူမှုရေးအသင်းအဖွဲ့များ အပါအဝင် စုစုပေါင်း အင်အား(၁၀၃၆)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment