MNP ၊ စက်တင်ဘာ ၂၇
ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် အာရှ-ပစိဖိတ်ဒေသတွင်း ရုပ်သံလွှင့်လုပ်ငန်းများ ဖွံ့ဖြိုးရေးဆိုင်ရာအဖွဲ့အစည်း (Asia – Pacific Institute for Broadcasting Development-AIBD) တို့ ပူးပေါင်း၍ “သတင်းမှားများ ကိုင်တွယ်ဖြေရှင်းရန် မီဒီယာသိနားလည်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင် ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ MRTV နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ပုဂ္ဂလိက ရုပ်/သံမီဒီယာများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်တည်ဆောက်ရေးနှင့် နိုင်ငံတော်မီဒီယာ၏ အခန်းကဏ္ဍခေါင်းစဉ်ဖြင့် Video Clip ကို ဦးစွာ ဖွင့်လှစ်ပြသသည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အဖွင့်အမှာစကားပြောကြားရာတွင် ဒစ်ဂျစ်တယ်ခေတ်တွင် မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှုပညာရပ်သည် သတင်းမှားများကို တိုက်ဖျက်ရန်အတွက် မရှိမဖြစ်လိုအပ်သည့် mechanism တစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်ခန့်မှစတင်ပြီး Smart Phone အသုံးပြုမှု ကျယ်ပြန့်လာခြင်းနှင့်အတူ Smart Phone သုံးစွဲသူများအနေဖြင့် သတင်းမှားများနှင့် အခြားသော Online မှ အန္တရာယ်များကို ရင်ဆိုင်နေကြရပါကြောင်း၊ အထူးသဖြင့် mobile phone အများဆုံးအသုံးပြုနေကြသည့် လူငယ်များအကြားတွင် ပိုမိုပျံ့နှံ့နေကြောင်း၊ မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင်ရှိသည့် သတင်းသမားများနှင့် သတင်းမီဒီယာအများစုသည် သတင်းမှားများအန္တရာယ်ကို သိရှိ၊ နားလည်သဘောပေါက်မှုနှင့် သတင်းမှားများ ဖော်ထုတ်နိုင်မှု စွမ်းဆောင်ရည်အားနည်းနေပါကြောင်း၊ လူငယ်အများစုသည် သတင်းတု၊ သတင်း မှားများအပေါ် စိစစ်နိုင်မှု verification skill မရှိသည့်အတွက် သတင်းအချက် အလက်အမှားများ၏ သွေးဆောင်ဖြားယောင်းမှုကို ခံနေကြရပါကြောင်း၊ အဆိုပါ သတင်းမှားတိုက်ဖျက်မှုဆိုင်ရာ ဘာလီကြေညာစာတမ်းကို အကောင်အထည်ဖော်ဆောင်ရွက်မှု ကဏ္ဍတစ်ရပ်အဖြစ် ယခုအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ကြောင်း၊ အာရှ - ပစိဖိတ် ဒေသတွင်း၊ အာဆီယံဒေသတွင်း၌လည်း သတင်းမှားတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းထားပါကြောင်း၊ အဆိုပါအဖွဲ့တွင် မြန်မာနိုင်ငံ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအပါအဝင် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ ပါဝင်ဆောင်ရွက်နေကြပြီး သတင်းမှန်ထုတ်ပြန်ခြင်း၊ မီဒီယာဥပဒေများနှင့် မီဒီယာမူဝါဒဆိုင်ရာများ ပြန်လည်သုံးသပ်ခြင်း၊ သတင်းမှားများတိုက်ဖျက်မှုတွင် မီဒီယာသတင်းအချက်အလက် သိနားလည်မှု (Media digital literacy)ကဏ္ဍများအပါအဝင် အများပြည်သူကို အသိပညာပေးသည့် လုပ်ငန်းစဉ်များကို အာဆီယံဒေသတွင်းအဆင့်တွင် ပါဝင် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်ပြီး AIBD မှ Program Manager Ms.Monica Phang က အလုပ်ရုံဆွေးနွေးပွဲနှင့် စပ်လျဉ်း၍လည်းကောင်း၊ အလုပ်ရုံဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးသူ မလေးရှားနိုင်ငံ Universiti Teknologi MARA-Ui TM တက္ကသိုလ် ဆက်သွယ်ရေးနှင့် မီဒီယာလေ့လာရေး ဌာန၊ နိုင်ငံရေးနှင့် လူမှုမီဒီယာလေ့လာသုံးသပ်သူ Associate Professor , ဒေါက်တာ ဆာရာချင်နာဆာမိက လည်းကောင်း နှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် AIBD မှ Program Manager Ms.Monica Phang တို့က အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့်အတူ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသူများ စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ၏ ပထမနေ့အစီအစဉ်ကို ယနေ့နံက်ပိုင်းမှစ၍ ကျင်းပလျက်ရှိရာ Associate Professor ဒေါက်တာ ဆာရာချင်နာဆာမိက စာနယ်ဇင်းပညာ၏ ဓမ္မဓိဋ္ဌာန်ကျမှုနှင့် Content များအပေါ် တန်ဖိုးထားမှု၊ စာနယ်ဇင်းပညာဂုဏ်သိက္ခာကို စိန်ခေါ်နေသည့် သတင်းမှားများ၊ အလိမ်အညာများ၊ ကောလာဟလများနှင့် လှည့်စားမှု များ၏ပစ်မှတ်များ၊ လုပ်ကြံသတင်းနှင့် ဝေဖန်ပိုင်းခြားနိုင်မှုကို ဖော်ထုတ်ရန် နည်းလမ်းများ (သို့မဟုတ်) သတ်မှတ် ချက်များနှင့် အများပြည်သူ၏ သဘောထား /အမြင်ကို ပြောင်းလဲရာတွင် သတင်း သမားများ၏အခန်းကဏ္ဍစသည့် ခေါင်းစဉ်များကို ဦးဆောင်ဆွေးနွေးပြီး တက်ရောက်လာကြသူများကလည်း အပြန်အလှန်ဆွေးနွေးကာ အတွေ့အကြုံများ မျှဝေကြသည်။
အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းမှစ၍ စက်တင်ဘာ ၂၈ ရက်အထိ နှစ်ရက်တာ ကျင်းပလျက်ရှိရာ သတင်းမီဒီယာလုပ်ငန်းများ လက်တွေ့ဆောင်ရွက်နေကြသူများ ဖြစ် သည့် ပြန်ကြားရေးဝန်ကြီးဌာနရှိ ဦးစီး ဌာနများနှင့် လုပ်ငန်းတို့မှ ဝန်ထမ်းများ၊ MRTV နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည် ပုဂ္ဂလိက TV & FM များမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ ပညာရှင်များ စုစုပေါင်း ၅၀ ပါဝင်တက်ရောက်လျက်ရှိသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာအသံနှင့်ရုပ်မြင်သံကြား (MRTV) သည် AIBD တွင် တင်းပြည့်အဖွဲ့ဝင်အဖြစ် ၁၉၉၇ ခုနှစ် ဇူလိုင် ၂၉ ရက်မှစ၍ ဝင်ရောက်ခဲ့ပြီး AIBD ၏ Seminar ,WorkShop, Webinar များတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် AIBD နှင့် ပူးပေါင်း၍ အလုပ်ရုံဆွေးနွေးပွဲကို ယခင်က (၂)ကြိမ် ကျင်းပပြီးဖြစ်ရာ ယခုကျင်းပမှုသည် တတိယအကြိမ်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment