ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး B.Ed(စာပေးစာယူ)သင်တန်းတက်ရောက်နေသော ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပြေးခုန်ပစ်ပြိုင်ပွဲသို့ ယှဉ်ပြိုင်ကြမည့် အားကစားသမားများအား တွေ့ဆုံအားပေး၊ အောင်ပွဲရကရင်ပြည်နယ်လက်ဝှေ့အသင်းအား ဂုဏ်ပြုကြိုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး B.Ed(စာပေးစာယူ)သင်တန်းတက်ရောက်နေသော ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပြေးခုန်ပစ်ပြိုင်ပွဲသို့ ယှဉ်ပြိုင်ကြမည့် အားကစားသမားများအား တွေ့ဆုံအားပေး၊ အောင်ပွဲရကရင်ပြည်နယ်လက်ဝှေ့အသင်းအား ဂုဏ်ပြုကြိုဆို


MNP ၊ အောက်တိုဘာ ၁၄

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများသည် ဆရာအတတ်ပညာဦးစီးဌာန၊ ဘားအံပညာရေးဒီဂရီကောလိပ်တွင် ပညာရေးဘွဲ့ B.Ed (၂/၂၀၂၂)ဒုတိယနှစ်နှင့် (၄/၂၀၂၃)ပထမနှစ် (စာပေးစာယူ)သင်တန်းတက်ရောက်နေသော သင်တန်း သား၊ သင်တန်းသူ ဆရာ၊ ဆရာမများနှင့် ယမန်နေ့ နံနက် ၉ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ တွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခုသင်တန်းတွင် ကရင်ပြည်နယ်အတွင်းရှိ အလယ်တန်းပြနှင့် အထက်တန်းပြ ဆရာ၊ ဆရာမစုစုပေါင်း (၅၈၁)ဦး တက်ရောက်ကြပြီး ခေတ်နှင့်လျော်ညီသော သင်ကြားနည်းဆိုင်ရာ ဆရာ့အတတ်ပညာများ ပိုမိုကျွမ်းကျင်လာပြီး ပညာရေးလောကတွင်မရှိမဖြစ်လိုအပ်သည့် ပညာရေး(B.Ed)ဘွဲ့ရ ဆရာ၊ ဆရာမများ ပိုမိုပေါ်ထွန်းလာစေရန်နှင့် အရည်အချင်းပြည့်ဝသော အထက်တန်းပြဆရာ၊ ဆရာမများ လုံလောက်စွာရရှိရေးအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းခွင်အတွေ့အကြုံရှိပြီးသား ဝါရင့်အလယ်တန်းပြ၊ အထက်တန်းပြ ဆရာ၊ ဆရာမများကို ပိုမိုတတ်သိနားလည်သော ကျွမ်းကျင်ပညာရေးပညာရှင်များဖြစ်လာအောင် လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ပြီး သင်တန်းမှထပ်မံရရှိသည့် ခေတ်မီသင်ကြားနည်းစနစ်များကိုအသုံးပြုပြီး မိမိတို့တာဝန်ကျရာဒေသများတွင် ကျောင်းသား၊ ကျောင်းသူများအား ထူးချွန်ထက်မြတ်သော နိုင်ငံ့သားကောင်းများဖြစ်အောင်၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိသူများဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ဘားအံပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ဆရာမကြီးက သင်တန်းဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများအတွက် ငွေကျပ်(၅၈)သိန်း (၁)သောင်းကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ဆရာတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများက တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အကအလှများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။

တွေ့ဆုံပွဲအပြီးတွင် ပညာရေးဘွဲ့ B.Ed(၂/၂၀၂၂)ဒုတိယနှစ်နှင့် (၄/၂၀၂၃)ပထမနှစ် (စာပေးစာယူ) သင်တန်း တက်ရောက်နေသော သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများသည် ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ဇွဲကပင်ပန်းခြံ၊ ကန်သာယာ၊ ဦးပေါက်တံတားတို့အား လည်ပတ်လေ့လာခဲ့ကြကြောင်း သိရသည်။

အလားတူ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ အောက်တိုဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ၂၀၂၃ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၅)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်နယ်ပြေးခုန်ပစ်အသင်းအား ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ တွေ့ဆုံအားပေး၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ဦးစွာ ကရင်ပြည်နယ်ပြေးခုန်ပစ်အသင်းမှ အားကစားသမားများက ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင်များအား တစ်ဦးချင်းမိတ်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်ပြေးခုန်ပစ်အသင်းအနေဖြင့် ကျင်းပပြီးစီးခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ပြေးခုန်ပစ်ပြိုင်ပွဲများကို နှစ်စဉ်မပြတ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အောင်မြင်မှု အစဉ်အလာကောင်းများလည်း ရှိခဲ့ကြောင်း၊ ယခုပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားလူငယ်မောင်မယ်များအနေဖြင့် မိမိတို့ယှဉ်ပြိုင်ရမည့် အားကစားနည်းအလိုက် အကောင်းဆုံးစံချိန်များရရှိအောင် ပြည်နယ်ဂုဏ်ကိုဆောင်နိုင်အောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် အစွမ်းကုန် ကြိုးစားယှဉ်ပြိုင်ကစားကြရန် တိုက်တွန်းလိုပြီး ရရှိသည့်အောင်မြင်မှုများအလိုက် ဂုဏ်ပြုချီးမြှောက်မှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်ပြေးခုန်ပစ်အသင်းအား အောင်နိုင်ရေးအလံနှင့် အောင်နိုင်ရေးထောက်ပံ့ငွေကျပ် (၁၀)သိန်းကို ထောက်ပံ့ပေးအပ်ပြီး အားကစားဝါသနာရှင်များက ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကရင်ပြည်နယ်ပြေးခုန်ပစ်အသင်းမှ အားကစားသမားလူငယ်မောင်မယ်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၃ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ်လက်ဝှေ့ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အောင်ပွဲရ ကရင်ပြည်နယ်လက်ဝှေ့အသင်းအား ဂုဏ်ပြုချီးမြှင့်သည့်အခမ်းအနားကို မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ဇနီး ဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာ၊ ယှဉ်ကျေးမှုအဖွဲ့များ၊ လက်ဝှေ့အားကစားဝါသနာရှင်များက အိုးစည်ဒိုးပတ်များ၊ ကရင့်ရိုးရာယဉ်ကျေးမှုဒုံးအကများဖြင့် သီဆိုတီးမှုတ်ကခုန်ပြီး ပြန်လည်ရောက်ရှိလာသော လက်ဝှေ့အားကစားသမားများအား အောင်သပြေခက်နှင့် ပန်းကုံးများစွပ်၍ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

၂၀၂၃ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်လက်ဝှေ့ပြိုင်ပွဲတွင် ကရင်ပြည်နယ်လက်ဝှေ့အသင်းမှ အမျိုးသား(၁၀)ဦး၊ အမျိုးသမီး(၈)ဦး စုစုပေါင်း (၁၈)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေ(၃)၊ ငွေ(၃)၊ ကြေး(၂)ဖြင့် အမျိုးသားတံခွန်စိုက်ဒိုင်းဆုနှင့် အမျိုးသမီးပဉ္စမအဆင့်ရရှိခဲ့ခြင်းအတွက် ယခုကဲ့သို့ ဂုဏ်ပြုကြိုဆိုကြခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်လက်ဝှေ့အသင်းအောင်နိုင်ရေး တွေ့ ဆုံအားပေးခဲ့စဉ်က ပြောကြားခဲ့သည့်အတိုင်း အားကစားသမားများ၏ ကြိုးစားခဲ့သည့်အောင်မြင်မှုအပေါ် ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ထိုက်တန်သော ဂုဏ်ပြုချီးမြှင့်မှုကို ဂုဏ်ယူစွာ ကျင်းပပေးခြင်းဖြစ်ကြောင်း၊ နောက်နှစ်များတွင်လည်း ဒီထက်မက ပိုမိုပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် ယခုကဲ့သို့ အောင်မြင်မှုအစဉ်အလာကောင်းများကို ထိန်းသိမ်းကာ လက်ဝှေ့အားကစားနည်းဖြင့် ကရင်ပြည်နယ်ဂုဏ်ကို မြှင့်တင်ကြိုးပမ်းအားထုတ်ခဲ့ကြသော အုပ်ချုပ်မှုအဖွဲ့နှင့် အားကစားသမားမောင်မယ်များအား ကရင်ပြည်နယ်သူ/ပြည်နယ်သားအားလုံး၏ကိုယ်စား ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်လက်ဝှေ့အသင်း အုပ်ချုပ်မှုအဖွဲ့နှင့် အားကစားသမားများက ၎င်းတို့ရရှိခဲ့သော အမျိုးသားတံခွန်စိုက်ဆုဖလားကို ပြည်နယ်ဝန်ကြီးချုပ်ထံ အပ်နှံကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရွှေတံဆိပ်ဆုရရှိသော လက်ဝှေ့အားကစားသမား (၃)ဦးအား ငွေကျပ်(၅)သိန်းစီ၊ ပြည်နယ်ဝန်ကြီး ချုပ်၏ဇနီးက ငွေတံဆိပ်ဆုရရှိသော လက်ဝှေ့အားကစားသမား(၃)ဦးအား ငွေကျပ်(၃)သိန်းစီ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ကြေးတံဆိပ်ဆုရရှိသော လက်ဝှေ့အားကစားသမား (၃)ဦးအား ငွေကျပ် (၂)သိန်းစီ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသူကျော်က အုပ်ချုပ်မှုအဖွဲ့(၅)ဦးအား ငွေကျပ်(၂)သိန်းစီ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ဆုရရှိခြင်းမရှိသည့် အားကစားသမား (၁၀)ဦးအား ငွေကျပ်(၁)သိန်းစီ၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်များဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူက ကရင်ပြည်နယ်လက်ဝှေ့အသင်းအား ငွေကျပ် (၅၀)သိန်းတို့ကို အသီးသီး ဂုဏ်ပြုချီးမြှင့်ခဲ့ကြပြီး ကရင်ပြည်နယ်လက်ဝှေ့အသင်းအုပ်ချုပ်သူက ပြိုင်ပွဲအတွေ့အကြုံအား ရှင်းလင်းတင်ပြကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကရင်ပြည်နယ်လက်ဝှေ့အသင်း နည်းပြ၊ အုပ်ချုပ်သူများနှင့် အားကစားသမားများ၊ တက်ရောက်လာသူများက ဂုဏ်ပြုတည်ခင်းသည့် ညနေစာကို အတူတကွ သုံးဆောင်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လက်ဝှေ့အားကစားသမားမောင်မယ်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ 


စောမျိုးမင်းသိန်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)