ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


MNP ၊ အောက်တိုဘာ ၁၄

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယမန်နေ့က သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် အင်ဘက်ကုန်းကျေးရွာနှင့် သဲဖြူကျေးရွာတို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင် ကုန်ထုတ် လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် အင်ဘက်ကုန်းကျေးရွာသို့ သွားရောက်ပြီး တပ်ကုန်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းမှ အသင်းအမှုဆောင်များ၊ အသင်းသား တောင်သူများနှင့် တွေ့ဆုံရာ သမဝါယမဦးစီးဌာန ဦးစီးမှူးနှင့် အသင်းအမှုဆောင်များက အသင်းသား တောင်သူ ၂၆ ဦးတို့၏ စိုက်ပျိုးဧက ၄၄ ဧကကျော်ပေါ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရက နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် တစ်ဧကလျှင် ငွေကျပ် နှစ်သိန်းနှုန်းနှင့် ညီမျှသော မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ဈေးကွက်ရရှိရေး ချိတ်ဆက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ စိုက်နည်းစနစ်၊ စိုက်ပျိုးရေရရှိရေးတို့အတွက် မိမိတို့ ဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနတို့မှ ပံ့ပိုးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ငွေများကို သီးနှံပေါ်လျှင် သတ်မှတ်ကာလအတွင်း အပြေအကျေပေးသွင်းကြရန် တိုက်တွန်းမှာကြားပြီး ကျေးရွာအသင်းသားတောင်သူများ၏ စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် ထန်းတောကြီးကျေးရွာအုပ်စု သဲဖြူကျေးရွာသို့ရောက်ရှိပြီး စနစ်ကျ လယ်ယာမြေ ၁၃၉ ဧကပေါ်တွင် ကျေးရွာ သမဝါယမ အသင်းသားများ၊ ကျေးရွာတောင်သူများ စိုက်ပျိုးထားသော မိုးစပါးစိုက်ပျိုးထားရှိမှုအခြေအနေများ ကိုလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ထောက်ပံ့ရန်ပုံငွေဖြင့် မွေးမြူထားသော ဝက်မွေးမြူရေးလုပ်ငန်းနှင့် မြေပဲစိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ကျေးရွာနေပြည်သူများ၏ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။    


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)