MNP ၊ အောက်တိုဘာ ၂၆
မော်လမြိုင်မြို့ရှိ အ.ထ.က(၉)ကျောင်း မီးလောင်မှုဖြစ်စဉ်မှ သံသယဖြစ်ဖွယ်အမျိုးသမီးတစ်ဦးအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်၊ နံနက် ၃ နာရီ ၄၀ မိနစ်တွင် မော်လမြိုင်မြို့၊ ပန်းဘဲတန်း ရပ်ကွက်၊ အမှတ်(၉)ကျောင်းလမ်းရှိ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးဦးစီးသော မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများမှ မီးသတ်ယာဉ် ၈ စီး၊ ရေသယ်ယာဉ် ၃ စီး၊ အုပ်ချုပ်မှုယာဉ် ၁ စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း၊ မီးလောင်မှုကြောင့် အလျား ၉၅ ပေ၊ အနံ ၃၀ ပေရှိ သွပ်မိုး၊ အုတ်ခံ၊ ပျဉ်ထောင် ၂ ထပ်ကျောင်းဆောင်အဆောက်အဦ ၁ လုံးနှင့် အလျား ၄၀ ပေ၊ အနံ ၃၀ ပေရှိ RC ၂ ထပ် သင်ထောက်ကူအဆောက်အဦ ၁ လုံးတို့ မီးလောင်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုးငွေကျပ် ကိုးဆယ့်သုံးသိန်းခုနှစ်သောင်းငါးထောင်ကျပ်ခန့်ရှိကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ သံသယဖြစ်ဖွယ်အမျိုးသမီးတစ်ဦးအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးလျက်ရှိကြောင်း၊ မီးလောင်မှုဖြစ်စဉ်ကြောင့် ပျက်စီးသွားသော အဆောက်အဦများအား ပြန်လည်ပြုပြင်တည်ဆောက်သွားမည်ဖြစ်ကြောင်းနှင့် ကျောင်းသူ၊ ကျောင်းသားများအား ကျောင်းပြန်လည်ဖွင့်ချိန်တွင် နှစ်သုတ်တက်စနစ်ဖြင့် အရှိန်မပျက်ပညာသင်ကြားနိုင်ရေး စီစဉ်ထားပါကြောင်း သတင်းထုတ်ပြန်ထားသည်။
အဆိုပါ မော်လမြိုင်မြို့ရှိ အ.ထ.က(၉)ကျောင်း မီးလောင်မှုဖြစ်စဉ်သည် ဒုတိယအကြိမ် ဖြစ်ပြီး ပထအကြိမ်လောင်ကျွမ်းစဉ်ကလည်း စာသင်ကျောင်းဆိုးရွားစွာ ပျက်စီးခဲ့ရပြီး ကျောင်းသား/သူများ ပညာသင်ကြား၊ သင်ယူမှု အဆက်မပြတ်စေရေး တာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်ခဲ့ရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment