ရွှေတိဂုံစေတီတော် (အနောက်ဖက်မုခ်နှင့် ပြည်သူ့ရင်ပြင်ပန်းခြံကြား) မြေအောက်လမ်းကူး လူသွားဥမင် (Underpass) အဆောက်အဦ ရတနာပန္နက်တော်တင်မင်္ဂလာပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတိဂုံစေတီတော် (အနောက်ဖက်မုခ်နှင့် ပြည်သူ့ရင်ပြင်ပန်းခြံကြား) မြေအောက်လမ်းကူး လူသွားဥမင် (Underpass) အဆောက်အဦ ရတနာပန္နက်တော်တင်မင်္ဂလာပြုလုပ်


MNP ၊ အောက်တိုဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (လမ်း/တံတား) မှ တာဝန်ယူတည်ဆောက်မည့် ရွှေတိဂုံစေတီတော် (အနောက်ဖက်မုခ်နှင့် ပြည်သူ့ရင်ပြင်ပန်းခြံကြား) မြေအောက်လမ်းကူး လူသွားဥမင် (Underpass) အဆောက် အဦရတနာပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်း၌ ပြုလုပ်ရာ အခမ်းအနားသို့ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် တိပိဋက ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ စေတိယင်္ဂဏပဝရ သီရိမဟာဓမ္မာဂုရု သ.စ.အဓမ္မာစရိယ (ဝဋံသကာ) ပါဠိပါရဂူ၊ လှရတနာဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒွိပိဋကဓရ ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကာ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ဆရာတော်ကြီးများက ရတနာပန္နက်တော်နှင့် ရွှေလက်ရိုက်တော်တို့ကို ပရိတ်နံ့သာရည်များ ပက်ဖျန်း၍ သိဒ္ဓိမင်္ဂလာဆင်ယင်ချီးမြှင့်တော်မူကြသည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ရတနာပန္နက်တော်အား စိုက်ထူ၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။

အဆိုပါ မြေအောက်လမ်းကူးဥမင် (Underpass) အဆောက်အဦတည်ဆောက်ရာတွင် ဥမင်လူသွားလမ်းအကျယ် ၂၃ ပေ၊ အလျား ၄၆၁ ပေ ၉လက်မ၊ ဝင်ထွက်ပေါက် ၄ ခု၊ ရွေ့လျား စက်လှေကား ၄ စင်း၊ မသန်စွမ်းသူများ အသုံးပြုရန် ၁၀ ယောက်စီး စက်လှေကား ၂ စင်းတို့ဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး ဥမင်တည်ဆောက်ပြီးစီးပါက ၁ နာရီလျှင် လူဦးရေ ၁၄၀၀၀ ဦး ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကာ တည်ဆောက်ကာလမှာ ၁၄ လခန့်ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)