MNP ၊ အောက်တိုဘာ ၂၄
ကုလသမဂ္ဂ၏ ဘိန်းအစားထိုးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒလမ်းညွှန်ချက်များ (United Nations Guiding Principles on Alternative Development) ချမှတ်သည့် (၁၀)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို (၆၆)ကြိမ်မြောက် မူးယစ်ဆေးဝါးဆိုင်ရာ ကော်မရှင် အစည်းအဝေး(Commission on Narcotic Drugs-CND) ဥက္ကဋ္ဌ ကိုလံဘီယာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် H.E. Mr. Miguel Camilo Ruiz Blanco ကကြီးမှူးလျက် ၂၃-၁၀-၂၀၂၃ ရက်တွင် ဗီယင်နာအပြည်ပြည်ဆိုင်ရာစင်တာ၌ hybrid format ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့်အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးမင်းသိမ်းက online မှတစ်ဆင့်လည်းကောင်း၊ ဘာသာရပ်တာဝန်ခံ သံမှူးဦးရဲမောင်သိမ်းက in-person အဖြစ်လည်းကောင်း တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် CND ဥက္ကဋ္ဌနှင့် UNODC အမှုဆောင်ညွှန်ကြားရေးမှူးတို့က အဖွင့်မိန့်ခွန်းများပြောကြားရာ၌ ကုလသမဂ္ဂ၏ ဘိန်းအစားထိုးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒ လမ်းညွှန်ချက်များအား ၂၀၁၃ ခုနှစ်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ အတည်ပြု ခဲ့ကြောင်း၊ ယင်းလမ်းညွှန်ချက်များနှင့်အညီ ကုလသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်း လျက် ဘိန်းအစားထိုးသီးနှံများစိုက်ပျိုးခြင်း၊ ဆင်းရဲနွမ်းပါးမှုလျှော့ချခြင်း၊ အမျိုးသမီးနှင့်ကလေး သူငယ်များအခန်းကဏ္ဍမြှင့်တင်ခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက် လျက်ရှိကြောင်း၊ အဆိုပါလမ်းညွှန်ချက်များသည် ပြီးခဲ့သည့် ဆယ်စုနှစ်ကာလအတွင်း မူးယစ် ဆေးဝါးတရားမဝင် ကုန်သွယ်မှုနှင့်စိုက်ပျိုးမှုများကို ကိုင်တွယ်ဖြေရှင်းရာ၌ အရေးကြီးသော အခန်းကဏ္ဍမှပါဝင်ခဲ့ကြောင်း၊ ဆင်းရဲနွမ်းပါးမှုနှင့် တရားမဝင်ဘိန်းစိုက်ပျိုးမှုတို့အကြား ရောက်ရှိ နေသော လူမှုဘဝများ လွတ်မြောက်နိုင်ရေးအတွက် ရေရှည် တည်တံ့ခိုင်မြဲပြီး သဘာဝ ပတ်ဝန်းကျင်မထိခိုက်စေသည့် ဘိန်းအစားထိုးသီးနှံများ စိုက်ပျိုးမှုတွင် များစွာ အထောက်အကူဖြစ်စေကြောင်း၊ ယင်းအစားထိုးသီးနှံများအား public-private partnership မှတစ်ဆင့် ကမ္ဘာ့ဈေးကွက်အထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ ယနေ့အခမ်းအနားတွင် မိမိတို့ အနေဖြင့် ကုလသမဂ္ဂ မူဝါဒလမ်းညွှန်ချက်များအတိုင်း ဘိန်းအစားထိုးသီးနှံစိုက်ပျိုးခြင်းဖြင့် ရရှိခဲ့သည့် အတွေ့အကြုံများကိုဖလှယ်ပြီး အနာဂတ်တွင် ပိုမိုတိုးချဲ့ လုပ်ဆောင်သွားနိုင်မည့် နည်းလမ်းများ ကို ရှာဖွေသွားရန်ဖြစ်ကြောင်းတို့ကို ထည့်သွင်းပြောကြားခဲ့ကြပါသည်။ ထို့နောက် အစည်း အဝေးတက်ရောက်လာသော အဖွဲ့ဝင်နိုင်ငံအချို့က ၎င်းတို့ကူညီဆောင်ရွက်နေသော ဘိန်းအစားထိုးဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြသည်။
မြန်မာနိုင်ငံတွင် ဘိန်းအစားထိုးဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ဖင်လန်နိုင်ငံတို့က ၎င်းတို့၏ ပံ့ပိုးဆောင်ရွက်နေမှုများကို ထည့်သွင်း ပြောကြားခဲ့ပြီး၊ UNODC က မြန်မာနိုင်ငံ၌ ဆောင်ရွက်လျက်ရှိသည့် ဘိန်းအစားထိုး သီးနှံစိုက်ပျိုးမှု အစီအစဉ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်း ဘိန်းအစားထိုး သီးနှံများအဖြစ် ကော်ဖီ၊ လက်ဖက်နှင့် ထောပတ်သီးများ စိုက်ပျိုးနေမှု၊ စိုက်ပျိုးရရှိသည့် သီးနှံများအား ဥရောပတိုက်အထိ တင်ပို့ရောင်းချနိုင်မှု၊ ဘိန်းစိုက်ပျိုးမှုကြောင့် ထိခိုက်သွားသည့် မြေနှင့်သဘာဝပတ်ဝန်းကျင်အား ပြန်လည်ထိန်းသိမ်းပြုပြင်နေမှု၊ ဘိန်းအစားထိုးအဖြစ် ကော်ဖီ စိုက်ပျိုးမှုကြောင့် ရရှိသည့် လူမှုရေးနှင့် စီးပွားရေးအကျိုးအမြတ်များကို ဗီဒီယို မှတ်တမ်းဖြင့် ပြသရှင်းလင်းခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂတွင် NUG အကြမ်းဖက်အဖွဲ့မှ ကျော်မိုးထွန်း က မြန်မာပြည်ကို ကိုယ်စားပြုသယောင် ပြည်ဖျက်မီဒီယာများတွင် ဖော်ပြနေသော်လည်း တိုင်းရေးပြည်ရာကိစ္စများကို အစိုးရက တရားဝင်ခန့်အပ်ထားသည့် ကုလသမဂ္ဂနှင့်အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးမင်းသိမ်းက တာဝန်ယူဆောင်ရွက်နေခြင်း ဖြစ်သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment