ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ တက်ရောက်လာခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ တက်ရောက်ဆွေးနွေးပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် တောင်းဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ တက်ရောက်လာခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ တက်ရောက်ဆွေးနွေးပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် တောင်းဆို



MNP ၊ အောက်တိုဘာ ၁၆

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ  မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌  ကျင်းပပြုလုပ်ရာ ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့  တက်ရောက်လာခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ တက်ရောက်ဆွေးနွေးစေလိုပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် တောင်းဆိုခဲ့ကြကြောင်း သိရသည်။


အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီနှင့် ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့မှ ခေါင်းဆောင်များ၊ NCA ဖြစ်ပေါ်လာရေး ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသည့် တပ်မတော်အရာရှိကြီးများ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီမှ အရပ်သားကိုယ်စားလှယ်များ၊ မှတ်ပုံတင်ခွင့်ပြုခဲ့သည့် နိုင်ငံရေးပါတီ ၃၇ ပါတီမှ ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက် လျက်ရှိသည့် အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် လေ့လာသူ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။


အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာကြသူများက “NCAမှသည် စဉ်ဆက်မပြတ်ဆက်လက် ဆောင်ရွက်ရမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြရာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ ရှေ့ဆက်လက်ဆောင်ရွက်သင့်သည့် အကြံပြုချက်များ၊ စိန်ခေါ်မှုများ၊ အားသာချက်နှင့် အားနည်းချက်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။  


ထို့နောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ဆွေးနွေးချက်များမှ ရရှိလာသည့် သဘောထားများကို ပြန်လည်စုစည်းဆွေးနွေးပြီး အလုပ်ရုံဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်သည်။


အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်သူအားလုံးက ဆွေးနွေးချက်များအရ ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့  တက်ရောက်လာခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ တက်ရောက်ဆွေးနွေးစေလိုပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် တောင်းဆိုခဲ့ကြကြောင်း သိရသည်။   


ယမန်နေ့က ကျင်းပသည့် NCA လက်မှတ်ရေးထိုးခြင်း ၈နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က "ကျွန်တော်တို့အစိုးရအနေနဲ့ ချမှတ်ထားတဲ့ “ရှေ့သို့ချီမည်ပန်းတိုင်ဆီ” စိတ်ဓာတ်နဲ့အညီ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နဲ့ ဦးတည်ချက်(၉)ရပ်ပါအတိုင်း မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်သလို နိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းရေးအတွက် NCA ကို အလေးထားဆောင်ရွက်သွားမှာဖြစ်လို့ ပြည်သူလူထုတစ်ရပ်လုံးကလည်း ပူးပေါင်းဆောင်ရွက်သွားကြပါ။ ထာဝရငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့အတွက် NCAလက်မှတ်ရေးထိုးပြီးတဲ့ အဖွဲ့အစည်းများကလည်း NCA ပါ ကတိကဝတ်ကို စောင့်ထိန်းကြဖို့နဲ့ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားကြပါ။ NCA မှာ လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေနဲ့ကလည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူတို့ရဲ့ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးအတွက် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကြီးတည်ဆောက်ရာမှာ ထဲထဲဝင်ဝင်ပါဝင်နိုင်ဖို့အတွက် တွေ့ဆုံညှိနှိုင်းရေးဆွေးနွေးပွဲများဆီသို့ အရောက်လှမ်းခဲ့ကြပါ" ဟု ထည့်သွင်း ပြောကြားသွားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)