MNP ၊ အောက်တိုဘာ ၁၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ဒေသခံပြည်သူများသည် ဉယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ပင်များကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ နှစ်ရှည်ခံပင်များဖြစ်သည့် ကွမ်းသီးပင်နှင့် သစ်ပင်ကြီးများပေါ်တွင် တောင်ပေါ်ကွမ်းကြမ်းများကို စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ဒေသထွက်တောင်ပေါ်ကွမ်းကြမ်းများသည် နွေရာသီတွင် ဈေးကောင်းရရှိသော်လည်း မိုးရာသီတွင် ဈေးများကျဆင်းလျက်ရှိကြောင်း၊ တောင်ပေါ်ကွမ်းကြမ်းအရွက်များကို ပေါင်းခံ၍ ဒေသတွင်း ပေါင်းများပြုလုပ်၍ ရောင်းချရကြောင်း၊ ကွမ်းပေါင်းများသည်ကရင်တိုင်းရင်းသားလူမျိုးစုအများဆုံး ကြိုက်နှစ်သက်သည့်အပြင် ပြည်နယ်တွင်းဝယ်လိုအားကောင်းကြောင်း၊ ကျေးရွာအုပ်စု များရှိ တောင်ပေါ် ဒေသများတွင် အဓိကထွက်ရှိပြီး ကွမ်းပေါင်းတစ်ပိဿာ (၃၅၀၀)ကျပ်ဖြင့် လှိုင်းဘွဲ၊ မြိုင်ကြီးငူအထူးဒေသနှင့် ဘားအံမြို့မှ အဓိကဝယ်ယူကြောင်း တောင်ပေါ်ကွမ်းကြမ်းဖြင့် ကွမ်းပေါင်း ပြုလုပ်သည့်လုပ်ငန်းသည် တစ်နှစ်ပတ်လုံးလုပ်ကိုင်သည့် လုပ်ငန်းဖြစ်သဖြင့် ဒေသနေပြည်သူများ အပိုဝင်ငွေရရှိကြောင်း ဒေသနေပြည် သူတစ်ဦးထံမှ သိရသည်။
ရှမ်းရွာသစ်မြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉)အုပ်စုရှိပြီး ဒေသနေပြည်သူအများစု သည် စပါး၊ မြေပဲ၊ နှမ်း၊ ကြံ၊ ဝဉ၊ ငရုပ်၊ကွမ်းရွက်၊ ကွမ်းသီးများကို ရာသီအလိုက်စိုက်ပျိုးကြပြီး လှိုင်းဘွဲမြို့နှင့် ဘားအံမြို့များသို့ အဓိကထားတင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
ဇင်လေး
https://t.me/MyanmarNationalPost
No comments:
Post a Comment