၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ






MNP ၊ အောက်တိုဘာ ၄

၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိဝဏ္ဏသိဒ္ဓိလက်ဝှေ့အားကစားရုံ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြသည်။


အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများတက်ရောက်ကြသည်။


အခမ်းအနားတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အမှာစကားပြောကြားရာတွင် ယနေ့ပြိုင်ပွဲကို လာရောက်ယှဉ်ပြိုင်ကြသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် ပြိုင်ပွဲတွင် တရားသောယှဉ်ပြိုင်ခြင်းဖြင့် အနိုင်ရရှိအောင် ကြိုးစားဆောင်ရွက်မည်ဆိုသည့် အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် အသန့်ရှင်းဆုံးပါဝင်ယှဉ်ပြိုင်ကြစေလိုကြောင်း၊ မိမိတို့၏ခံနိုင်ရည်၊ ဇွဲ၊ စိတ်ဓာတ်များနှင့် တစ်ဉီးချင်း အရည်အချင်းအစွမ်းအစများကို အစွမ်းကုန်ဖော်ထုတ်ပြသကြစေလိုကြောင်း၊ အားကစားသမားကောင်းများပီသစွာ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကိုလည်း စနစ်တကျ လေးစားလိုက်နာသွားကြရန် လိုအပ်ကြောင်း၊ ပြိုင်ပွဲတွင်ကြီးကြပ်မည့် ဒိုင်လူကြီးများအနေဖြင့်လည်း ဘက်လိုက်မှုကင်းပြီး ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများအတိုင်း တရားမျှတမှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက်ပေးကြစေလိုကြောင်း၊ မြန်မာ့လက်ရွေးစင်အသင်းကြီးကို အင်အားဖြည့်တင်းပေးနိုင်မည့် မျိုးဆက်သစ်လူငယ် လက်ဝှေ့အားကစားသမားကောင်းများဖြစ်လာစေရေး ကြိုးစားအားထုတ်သွားကြရန် တိုက်တွန်းမှာကြားရင်း ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီးလက်ဝှေ့ပြိုင်ပွဲကို ဖွင့်လှစ်ပေးလိုက်ကြောင်း ပြောကြားသည်။


ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန် (၄) ချက်ကို ရွတ်ဆိုကြသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူတို့သည် ပြိုင်ပွဲဝင်အားကစားသမားများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြပြီး ပြိုင်ပွဲပွဲစဉ်ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။


၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲကို နိုင်ငံတစ်ဝှမ်းလုံးတွင်ရှိသည့် လူငယ်/လူရွယ်များ လက်ဝှေ့အားကစားနည်းအား ပိုမိုစိတ်ပါဝင်စားလာစေပြီး လက်ဝှေ့အားကစားနည်း ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ထူးချွန်ထက်မြတ်သည့် နိုင်ငံ့ကိုယ်စားပြု သွေးသစ်လက်ဝှေ့အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေး ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ပြီး ယနေ့တွင် အမျိုးသား (၅၁) ကီလို၊ အမျိုးသမီး (၄၈) ကီလို၊ အမျိုးသား (၅၄) ကီလို၊ အမျိုးသား (၆၀) ကီလိုနှင့် အမျိုးသား (၆၇) ကီလိုတန်း ပွဲစဉ်များကို ယှဉ်ပြိုင်ခဲ့ကြပြီး သတ်မှတ်ထားသည့်ကီလိုတန်းအလိုက် လက်ဝှေ့ပွဲစဉ်များကိုလည်း အောက်တိုဘာ ၁၁ ရက်အထိ ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)