နောင်တော်လေး (ဘိုကလေး)
ယနေ့ည ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ တပ်မတော်စခန်းများအား KIA အဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်မှုဖြစ်စဉ်နဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်ထားတယ်။ ဒါကို ကျွန်တော် သတင်းတစ်ခုလို မမြင်ဘူး။ အထူးအဆန်းတစ်ခုလို့ မြင်နေတယ်။
KIA ဆိုတာ NLD ဦးဆောင်သူများဖွဲ့စည်းထားတဲ့ NUG အကြမ်းဖက်အဖွဲ့နဲ့ ပူးပေါင်းပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ အများအပြားကို သတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တယ်။ တပ်မတော်သားများဆိုတာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားတဲ့ တာဝန်ထားများကို ထမ်းဆောင်နေရတဲ့ နိုင်ငံသားကောင်းများ ဖြစ်တယ်။
နစကအစိုးရရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က ဒီသတင်းကို ထုတ်ပြန်ထားသလို KIA အကြမ်းဖက်အဖွဲ့က တပ်မတော်သားများကို ဖမ်းဆီးစစ်ဆေးနေတဲ့ ရုပ်သံတွေ ထုတ်လာတာကို တွေ့ရတယ်။ စစ်မြေပြင်မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားတွေ အကြမ်းဖက်သမားများထံ သုံ့ပန်းအဖြစ် ကျရောက်ရတဲ့ ဖြစ်စဉ်မျိုးလောက် ရှက်စရာကောင်းတာတော့ မရှိဘူး။ အကြမ်းဖက်သမားတွေရဲ့ လက်ချက်ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးရတဲ့ ဖြစ်စဉ်တွေ၊ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေ သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေ မြင်ရတိုင်း တွေ့ရတိုင်း တပ်မတော်အရာရှိကြီးတွေရဲ့ ရပ်တည်ဆောင်ရွက်ချက်တွေဟာ မှန်ကန်တည့်မတ်မှု မရှိတော့ဘူးလို့ ရှုမြင်လာတယ်။
စစ်မြေပြင်မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားတွေကို တစ်ခွန်းတစ်ပါဒတောင် ပြစ်တင်ပြောဆိုစရာ အကြောင်းမရှိဘူး။ တပ်မတော်သားများဟာ အကြီးအကဲများရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ အလုပ် လုပ်ကြရတာ ဖြစ်တယ်။ အကြမ်းဖက်သမားတွေက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့အခါ စွမ်းအားရှိသမျှ ခံခံကာကွယ်ကြတယ်။ ငါမသေ ငါ့စခန်းမကျစေရ ဆိုတဲ့ စိတ်ဓာတ်နဲ့ အလုပ် လုပ်ကြတယ်။ မြေပြင်အခြေအနေမှာ အကြမ်းဖက်သမားအင်အားက သာလွန်နေလို့ စစ်ကူ ပစ်ကူခေါ်တဲ့အခါတိုင်း မသိကျိုးကျွန်ပြုနေကြတယ်။ ခပ်ရိုင်းရိုင်း ပြောရရင်တော့ မင်းတို့ အသေခံလိုက်ကြဆိုပြီး ပြစ်ထားတဲ့ အခြေအနေမျိုးတွေ မြင်တွေ့ခဲ့ရတယ်။ အကြမ်းဖက်နှိမ်နင်းရေး တာဝန်ထမ်းဆောင်နေကြတဲ့ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ အဲဒီလို အဖြစ်မျိုးတွေနဲ့ မကြာခဏကြုံတွေ့ရတယ်။
ဒီလိုဖြစ်စဉ်မျိုး ဖြစ်ပေါ်ခြင်းဟာ မြေပြင်မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်များရဲ့ အပြစ်လား။ ဖြစ်ပေါ်နေတဲ့ အခြေအနေတစ်ရပ်အပေါ်မှာ မှန်ကန်စွာ သုံးသပ်ပြီး စစ်ကူ ပစ်ကူ တာဝန်ယူဆောင်ရွက်ပေးရမယ့် သူတွေရဲ့ အပြစ်လား။
NLD အစွန်းရောက်တွေက အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်လာတဲ့ ကာလတလျှောက်လို့ ပြောရင် (တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူထားတဲ့ ကာလတလျှောက်)လို့ ပြောရမှာပဲ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ တိုင်းပြည်ရဲ့ အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူ ဆောင်ရွက်ရခြင်းက တိုင်းပြည်ကို မူလအခြေအနေသို့ ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ မူလအခြေအနေဆိုတာက ဆူပူအကြမ်းဖက်မှုတွေ ကင်းရှင်းပြီး တည်ငြိမ်အေးချမ်းတဲ့ အခြေအနေမျိုးကို ဆိုလိုခြင်း ဖြစ်ပါတယ်။
တစ်နှစ်တာကာလအတွင်းမှာလည်း အကြမ်းဖက်နှိမ်နင်းရေးကို ဖိဖိစီးစီး လုပ်ဆောင်ခြင်း မရှိသလို၊ ၂နှစ်တာ ကာလရောက်လာသည့်တိုင်အောင်လည်း အကြမ်းဖက်သမားတွေရဲ့ ရက်စက်ယုတ်မာရိုင်းစိုင်းမှုတွေသာ အားကောင်းမောင်းသန် ဖြစ်နေပြီး အကြမ်းဖက်နှိမ်နင်းရေးမှာ ထူးခြားပြောင်းလဲလာတဲ့ အခြေအနေမျိုးမရှိတဲ့အတွက်ကြောင့် KIA, PDF ဆိုးသွမ်းနေတဲ့ မြို့နယ်တွေက ဒေသခံတွေဟာ မိမိတို့ရဲ့ အိုးအိမ်စည်းစိမ် ပိုင်ဆိုင်မှု အားလုံးကို စွန့်လွှတ်ပြီး တစ်ရပ်တစ်ကြေးကို ပြောင်းရွှေ့ပြေးရတဲ့ အခြေအနေမျိုးတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီလို KIA, PDF အကြမ်းဖက်ဘေးအန္တရာယ်ကြောင့် အတိဒုက္ခရောက်နေရတဲ့ ပြည်သူတွေအတွက် ဘာတွေ တာဝန်ယူတာမျိုး ရှိသလဲလို့ မေးရင်လည်း ဘာမှ တာဝန်ယူမှု မရှိဘူး။ နစကအစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားမှာ ရှိတဲ့ မြို့နယ်/ခရိုင် တာဝန်ရှိသူအများစုက အကြမ်းဖက်ဘေးအန္တရာယ်ကြောင့် အတိဒုက္ခရောက်နေသူတွေကို ကူညီမှုမပေးချင်ဘူး။ စောင့်ရှောက် ကာကွယ်ဖို့ ဝေးစွ။ မဖြစ်သာတဲ့ အခြေအနေမျိုး ခဏတဖြုတ်လောက်သာ ဟန်ပြ လုပ်ပေးချင်ကြတာပါ။ တာဝန်ယူ၊ တာဝန်ခံပြီး ကာကွယ်မှု ပေးတယ်ဆိုတာ မရှိပါဘူး။
KIA က ဝင်ရောက်စီးနင်းတိုက်ခိုက်မှု နဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်ထားရာမှာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေလိုသောရည်ရွယ်ချက်များဖြင့် KIA တပ်မဟာ (၆) လက်အောက်ခံတပ်ဖွဲ့များနှင့် ပူးပေါင်းအဖွဲ့များက အောက်တိုဘာ ၁၉ ရက် နံနက် ၆ နာရီခွဲခန့်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၏ အနောက်တောင်ဘက် ၁၀ မိုင်ခန့်အကွာရှိ တပ်မတော်မှ နယ်မြေထိန်း လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် နမ့်ကွတ်စခန်းအား နေရာ (၃) နေရာမှ အင်အားအလုံးအရင်း ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်လာရာ စခန်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များက မဆုတ်မနစ် ပြန်လည်ခုခံတိုက်ခိုက်ခဲ့သော်လည်း သောင်းကျန်းသူအင်အား များပြားလာမှုကြောင့် စစ်ကူစစ်ကြောင်းများမရောက်မီ ညနေ ၄ နာရီခွဲခန့်တွင် စခန်းမှခေတ္တဆုတ်ခွာခဲ့ပြီး စစ်ကူစစ်ကြောင်းများဖြင့် ပြန်လည်ပူးပေါင်းလျက် စခန်းနေရာအား ပြန်လည်သိမ်းပိုက်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားတာကို တွေ့ရပါတယ်။
တပ်မတော်အရာရှိကြီးများအနေနဲ့ KNU, KIA ဆိုတဲ့ လက်နက်ကိုင်အဖွဲ့များဟာ ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့နဲ့ လက်တွဲပြီး နိုင်ငံရေးလုပ်စားနေတာကိုလည်း သိကြပါတယ်။ လူမျိုးရေး၊ ဘာသာရေးကို ပစ်မှတ်ထားပြီး ပဋိပက္ခဖန်တီးလိုသူတွေဆိုတာကိုလည်း KIA, PDF ရဲ့ လုပ်ရပ်တွေကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ တပ်မတော်အနေနဲ့ တည်ငြိမ်အေးချမ်းရေးကို ရှေးရှုပြီး တစ်ဖက်သတ် အပစ်အခတ် ရပ်စဲပေးမှုတွေ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့တယ်။ NCA လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်းများကိုလည်း NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်းကြဖို့၊ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေအနေနဲ့လည်း တွေ့ဆုံဆွေးနွေးပြီး လက်မှတ်ရေးထိုးနိုင်ဖို့ ဖိတ်ခေါ်ထားပြီးပြီ။ ဒီထက်ပိုပြီး ဘာတွေ လုပ်ပေးရအုံးမှာလဲ။ ဒါဟာ လုံလောက်တဲ့အခြေအနေဖြစ်နေပြီ။
ငြိမ်းချမ်ရေးအတွက် တပ်မတော်ဘက်က လိုက်လျောနိုင်သမျှ လိုက်လျောခဲ့တယ်။ တံခါးတွေ ဖွင့်ပေးထားတယ်။ တစ်ဖက်က ဥပဒေစိုးမိုးရေးဆိုတာကိုလည်း မျက်ကွယ်ပြုထားလို့ မရဘူးလေ။ အောက်တိုဘာ ၁၅ရက်နေ့က ကျင်းပသွားတဲ့ အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီး ပြောကြားသွားတဲ့ မိန့်ခွန်းမှာ -
"NCA စာချုပ်ရဲ့ ဖြစ်ပေါ်လာပုံနဲ့ သဘောတရား၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်ပေါ်လာပုံနဲ့ သဘောတရားတွေကို ကွဲကွဲပြားပြားသိဖို့ လိုအပ်ပါတယ်။ NCA စာချုပ်ဟာ နိုင်ငံတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ကတိကဝတ်ပြု သဘောတူညီချက်၊ သဘောတူစာချုပ်ဖြစ်ပါတယ်။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကတော့ နိုင်ငံတော်နဲ့ နိုင်ငံသူ၊ နိုင်ငံသား တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးအကြား အာမခံချက်ပေးထားတဲ့ ဥပဒေ ဖြစ်ပါတယ်။ အဖွဲ့အစည်း ၂ ခုအကြား သဘောတူညီချက် ကတိကဝတ်ဟာ နိုင်ငံသူ၊ နိုင်ငံသား တိုင်းရင်းသားပြည်သူလူထု အားလုံးအပေါ်မှာထားမယ့် သဘောတူညီချက်၊ အာမခံချက် ပြုထားတဲ့ ဥပဒေအပေါ်မှာ လွှမ်းမိုးဖို့မသင့်ပါဘူး။ ဆိုလိုတာက NCA ကို အလေးအနက်ထားရမှာဖြစ်ပေမယ့် NCA စာချုပ်ကနေ တစ်ဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ဆောင်ရွက်ရာမှာ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ထင်မြင်ချက်၊ ယူဆချက်၊ လိုလားချက်တွေကို တူညီဆန္ဒများအဖြစ် စုစည်းဆွေးနွေးနေတာ ဖြစ်ပါတယ်။ ဒီအထဲက အခြေခံဥပဒေကို ပြင်ဆင်ရမယ့်အချက်များပါလာရင် နောင်ဖြစ်ပေါ် လာမယ့် လွှတ်တော်အသီးသီးကတစ်ဆင့် အဆုံးအဖြတ်ကို ခံယူဆောင်ရွက်သွားရမှာပဲ ဖြစ်ပါတယ်။" လို့ ထည့်သွင်းပြောကြားသွားခဲ့တာမျိုး ရှိပါတယ်။
ယနေ့ မျက်မှောက် ဖြစ်ပေါ်နေတဲ့ အခြေအနေအပေါ် မူတည်ပြီး ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်တာ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲပေးတာမျိုး လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်တာကို လုပ်ဆောင်သလို ဥပဒေစိုးမိုးရေး၊ အကြမ်းဖက်နှိမ်နင်းရေးကလည်း တည်ဆဲဥပဒေများနဲ့အညီ လုပ်ဆောင်ရမှာပဲ မဟုတ်ပါလား။
စစ်ရေးစစ်ရာကို စီမံခန့်ခွဲတဲ့ တပ်မတော်အရာကြီးများဟာ မြေပြင်အခြေအနေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အကြပ်အတည်းတွေ့နေရတဲ့ အခိုက်အတန့်မျိုးမှာ စစ်ကူ ပစ်ကူ အချိန်မှီ မပေးဘူး။ လုံခြုံရေးတပ်ဖွဲ့ဝင်များဟာ အကြမ်းဖက်သမားများ လက်ချက်နဲ့ ကျဆုံးရတဲ့အခြေအနေမျိုး ဖြစ်ခဲ့ရတယ်။ အကြမ်းဖက်သမားများဟာ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများ၊ ဆရာ/ ဆရာမများအပါအဝင် လက်နက်မဲ့ အစိုးရဝန်ထမ်းများကို ရက်စက်စွာ သတ်ဖြတ်ခဲ့သော အမှုပေါင်း (၆၀၀၀) ကျော် အကြမ်းဖက်သမားများ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်များရဲ့ နောက်ဆက်တွဲ (Follow Up) ဆရာတော်သံဃာတော်တစ်ပါးကို သတ်ဖြတ်သွားတဲ့ အကြမ်းဖက်သမားများ မိပါပြီ၊ ဘယ်မြို့/ ဘယ်ရွာက ဆရာမကို သတ်ဖြတ်သွားတဲ့ အကြမ်းဖက်သမားများကို မိပါပြီဆိုတဲ့ သတင်းထုတ်ပြန်ချက်မျိုးက အင်မတန်နည်းပါးလှပါတယ်။
အကြမ်းဖက်နှိမ်နင်းရေးဆိုတာ တပ်မတော်အရာရှိကြီးများ ကိုယ်တိုင် လုပ်ရတဲ့ အလုပ်မဟုတ်ပါဘူး။ မူဝါဒမှန်ကန်စွာ ချမှတ်ပေးဖို့နဲ့ လိုအပ်တဲ့ ပံ့ပိုးမှုများ ဆောင်ရွက်ပေးဖို့လောက်သာ ဖြစ်ပါတယ်။ လက်ရှိ မြင်တွေ့နေရတဲ့ အခြေအနေမှာ တပ်မတော်အရာရှိကြီးများက အကြမ်းဖက်သမားများကိုတော့ အလွန်အမင်း စာနာထောက်ထားပြီး ညှာတာလိုက်တာ လွန်ရော။ အကြမ်းဖက်ဘေးအန္တရာယ်သင့်နေတဲ့ ပြည်သူများကိုတော့ တပ်မတော်အရာရှိကြီးများကလည်း မျက်နှာလွှဲထားသလို အရာရှိ အဆင့်ဆင့် (ကြီးရာမှ ငယ်ရာသို့) တာဝန်ခံမယ့်သူ မရှိပါဘူး။ ကိုယ့်အကြောင်းနဲ့ ကိုယ် အကြမ်းဖက်သမားသတ်လို့ သေတာ။ တပ်မတော်သားတွေက အကြမ်းဖက်နေတာ မဟုတ်ဘူး။ ဒီလောက်နဲ့ လုံလောက်ပြီလား။ အကြမ်းဖက်သမားများမှာ စည်းမျဉ်းစည်းကမ်းဆိုတာ မရှိဘူးလေဗျာ။ ဒီလို အန္တရာယ်မျိုးတွေ မကျရောက်စေဖို့ ဥပဒေတွေ ရေးဆွဲပြဋ္ဌာန်းထားတယ်။ ဥပဒေနဲ့အညီ အလုပ် လုပ်ရမယ့် အဖွဲ့အစည်းတွေလည်း ဖွဲ့စည်းထားတယ်။ မလုပ်ကြဘူးဆိုရင် ဥပဒေဟာ စာရွက်ပဲ၊ အကျိုးသက်ရောက်မှု မရှိဘူး။
လက်ရှိအစိုးရဟာ အင်မတန် သဘောထား နူးညံ့ပျော့ပြောင်းလွန်းတဲ့ အစိုးရလို့ ဆိုရင်လည်း မမှားနိုင်ပါဘူး။ အခြားသော နိုင်ငံများမှာ အကြမ်းဖက်အဖွဲ့အစည်းများ၊ အကြမ်းဖက်သမားများအပေါ် ယခုကဲ့သို့ အလွန်အမင်း ညှာတာထောက်ထားတဲ့ အစိုးရမျိုး မရှိသလောက်ကို ရှားပါလိမ့်မယ်။ NLD အစွန်းရောက်တွေနဲ့ KIA, KNU လို အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ ရက်စက်ယုတ်မာမှုတွေသာ မရှိဘူးဆိုရင် လက်ရှိအစိုးရရဲ့ ရပ်တည်ချက်ဟာ ဘာမှ ဝေဖန်ထောက်ပြစရာ မရှိလောက်အောင် ကောင်းမွန်တဲ့ အစိုးရဖြစ်ပါလိမ့်မယ်။
အကြမ်းဖက်ဘေးအန္တရာယ်တွေ ဖြစ်ပေါ်နေတဲ့ ကာလမှာ နူးညံ့ပျော့ပြောင်းလွန်းတဲ့ အစိုးရနဲ့ ရက်စက်ယုတ်မာမှုတွေကို အလွန်အကြူး လုပ်ဆောင်နေတဲ့ NLD(NUG), KIA, KNU အကြမ်းဖက်အဖွဲ့များ ရှိနေခြင်းဟာ အစွန်းနှစ်ဖက်လို ဖြစ်နေတယ်။ အစွန်းနှစ်ဖက်ကြားမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ လက်နက်မဲ့ အစိုးရဝန်ထမ်းတွေ၊ အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူတွေ အတိဒုက္ခရောက် သေကြေပျက်စီး ဆုံးရှုံးရတယ်။ အစိုးရက နူးညံ့ပျော့ပြောင်းလွန်းတဲ့ အစွန်းတစ်ဖက်ကနေ အနည်းငယ် အလယ်အလတ်အဆင့် နူးညံ့ပျော့ပြောင်းပြီး တည်ငြိမ်အေးချမ်းရေးနဲ့ ဥပဒေစိုးမိုးရေးကိုလည်း လုပ်ဆောင်သင့်သမျှ လုပ်ဆောင်ရင်ဖြင့် အနိဋ္ဌာရုံတွေ လျော့ပါးသွားပါလိမ့်မယ်။
ဥပဒေမဲ့ အကြမ်းဖက်လှုပ်ရှားမှုကို လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းများက စိတ်ထင်တိုင်း လုပ်လို့ရဖို့ ဆိုတာ မလွယ်ပါဘူး။ ဥပဒေစိုးမိုးရေးကို အလေးထားတဲ့ အုပ်ချုပ်ရေးစနစ်မျိုးသာ ဖြစ်မယ်ဆိုရင်ပေါ့။ ဥပဒေစိုးမိုးရေးကို အလေးထာခြင်း မရှိဘူးဆိုရင်တော့ အကြမ်းဖက်သမားတွေ ထင်တိုင်း သောင်းကျန်းခွင့်ရတာ ဘာထူးဆန်းမှာလဲ။ ဘာမှ မထူးဆန်းဘူး။
https://t.me/MyanmarNationalPost
No comments:
Post a Comment