MNP ၊ အောက်တိုဘာ ၂၇
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ သယံဇာတရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးစိုင်းမြင့်အေးနှင့် အဖွဲ့၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများသည် အောင်လံခရိုင်၊ အောင်လံမြို့နယ် အဝေးပြေးယာဉ်ရပ်နားစခန်း ပန္နက်တော်တင်မင်္ဂလာအခမ်းအနားသို့ ယမန်နေ့နံနက် ၉ နာရီ ၄၅ မိနစ်အချိန်က တက်ရောက်၍ မင်္ဂလာပန္နက်တိုင်များ စိုက်ထူခြင်းနှင့် မင်္ဂလာပန္နက်တိုင်များအား အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြောင်း သိရသည်။
ဝန်ကြီးချုပ်သည် အဆိုပါ စည်ပင်သာယာရေးအဖွဲ့ ဂိတ်ခန်း၊ ဆိုင်ခန်း၊ ပွဲရုံ၊ ဈေးဆိုင်ခန်း ပိုင်ရှင်များ၏ တည်ဆောက်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော အဝေးပြေးယာဉ်ရပ်နားစခန်းအတွင်း Express ဂိတ်ခန်း (၈)ခန်း၊ ကားလေးဂိတ်ခန်း (၅)ခန်း၊ ကုန်စည်ဂိတ်ခန်း (၂)ခန်း၊ ဈေးဆိုင်ခန်း (၇)ခန်း၊ စားသောက်ဆိုင်ခန်း (၄)ခန်း၊ စုစုပေါင်း (၂၆) ခန်းအား ၂၀၂၄-ခုနှစ်၊ ဇူလိုင်လ(၃၁)ရက်နေ့ မတိုင်မီ အပြီးတည်ဆောက်နိုင်ရေးနှင့် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကံမလေးဆိုလာမြစ်ရေတင်စီမံကိန်း (၃၀၀-ဧက)သို့ သွား ရောက်ပြီး တောင်သူများနှင့်တွေ့ဆုံကာ တောင်သူများမှ လိုအပ်ချက်များကို တင်ပြရာ ဝန်ကြီးချုပ်မှ ဖြေရှင်းဆောင်ရွက်ပြီး စပါးအထွက်တိုးစေရန်နှင့် မျိုးကောင်း မျိုးသန့်များ အသုံးပြု၍ စိုက်ပျိုးရန် မှာကြားခဲ့သည်။
ထို့နောက် ခရိုင်စုပေါင်းရုံး (၂၂၀၀၀)စတုရန်းပေ သံကွန်ကရစ် (၂)ထပ် အဆောက်အဦ ဆောက်လုပ်မှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းက ဆောက်လုပ်ရေးလုပ်ငန်းအခြေအနေအား ရှင်းလင်းပြောကြားပြီး ဝန်ကြီးမှ သတ်မှတ်စံနှုန်းနှင့် ပြည့်မီရေး၊ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
ဇင်ဇင်
https://t.me/MyanmarNationalPost
No comments:
Post a Comment