MNP ၊ အောက်တိုဘာ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ် အစိုးရရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော လျှပ်စစ်ဓာတ်အား မီးလင်းရေးဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက နောင်ခမ်းအုပ်စု၊ နောင်ခမ်းကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် မူဆယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မိုးက နောင်ခမ်းကျေးရွာအနေဖြင့် လျှပ်စစ်မီးရရှိလာမှုအပေါ် ဂုဏ်ယူဝမ်းသာရကြောင်းနှင့် နမ့်ခမ်းမြို့နယ်အတွင်းရှိ ကျေးရွာများ လျှပ်စစ်မီးရရှိရေးအတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် မူဆယ်ခရိုင်၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးဇော်မင်းထွေးက လျှပ်စစ်မီးလင်းရေးလုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းတင်ပြပြီး ဒေသခံရပ်မိရပ်ဖ ဦးစိုင်းဆမ်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားကို မူဆယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မိုး၊ နမ့်ခမ်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းအောင်၊ မူဆယ်ခရိုင်၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးဇော်မင်းထွေး၊ နမ့်ခမ်းမြို့နယ်၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးရန်နိုင်အေးနှင့် ကျေးရွာရပ်မိရပ်ဖတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး မူဆယ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မိုးက လျှပ်စစ်မီးမိန်းခလုတ်အား ဖွင့်လှစ်ပေး၍ နောင်ခမ်းကျေးရွာ မီးလင်းစေခဲ့သည်။ ဆက်လက်၍ တာဝန်ရှိသူများက နောင်ခမ်းကျေးရွာအတွက် ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ရာ ကျေးရွာတာဝန်ရှိသူများမှ လက်ခံရယူကြောင်း သိရှိရပါသည်။
နမ့်ခမ်းမြို့နယ်၊ နောင်ခမ်းကျေးရွာ လျှပ်စစ်မီးရရှိရေးအတွက် ပေ ၁၀၀၀ရှိ ရွှေလီမြစ်ကျော် 11/KV ACSR ဓာတ်အားလိုင်းသွယ်တန်းခြင်း၊ 11/0.4KV,100KVA လျှပ်စစ်ဓာတ်အားခွဲရုံ(၂)တည်ဆောက်ခြင်းနှင့် (၁.၃)မိုင်ရှိ 400VAA 95mm2 ကျေးရွာတွင်း ဓာတ်အားလိုင်းတည်ဆောက်ခြင်းတို့အား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရ ရန်ပုံငွေကျပ်သန်းပေါင်း(၂၈၅.၆၉၁)ဖြင့် ကုန်ကျတည်ဆောက်ထား ရှိပြီး ယမန်နေ့တွင် ဖွင့်ပွဲ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
နမ့်ခမ်း
https://t.me/MyanmarNationalPost
No comments:
Post a Comment