MNP ၊ အောက်တိုဘာ ၂၆
ပြင်ဦးလွင်မြို့နယ်၊ ရေငယ်ကျေးရွာမှာ လယ်ယာမြေများကို ဥပဒေနဲ့ညီညွတ်ခြင်းမရှိဘဲ ခြံကွက်ဖော်ရောင်းစား၊ အဆောက်အအုံများ ဆောက်လုပ်နေမှုကို တရားစွဲဆိုမယ့် မြေစာရင်းဌာနကလည်း အလေးထားလုပ်ဆောင်ခြင်း မရှိသည့် အခြေအနေများနှင့် ပတ်သက်၍ မြန်မာနေရှင်နယ်ပို့စ် က သတင်းမှန် ပြန်ကြားရေးသို့ ယခင်အပတ် က ဆက်သွယ်မေးမြန်းခဲ့သည့်အပေါ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ စိစစ်ပြန်ကြားထားသည်။
လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ စိစစ်ပြန်ကြားချက်တွင် ပြင်ဦးလွင်မြို့နယ်အတွင်း လယ်ယာမြေများအပေါ်၌ ခွင့်ပြုချက်မရှိဘဲ အခြားနည်း ကျူးလွန်အသုံးပြုမှုများအပေါ် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်မှုများအား မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် တရားစွဲဆိုအရေးယူရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် တရားစွဲဆိုအရေးယူရန် အမှုတွဲများနှင့် ပတ်သက်၍ တရားရုံးသို့ ဦးတိုက်လျှောက်ထားရန် လိုပါက ဦးတိုက်လျှောက်ထား တရားစွဲဆိုဆောင်ရွက်ခြင်း၊ ရဲအရေးပိုင်သော အမှုတွဲများနှင့် ပတ်သက်၍ သက်ဆိုင်ရာရဲစခန်းအလိုက် ပထမသတင်းပေးတိုင်တန်းချက်များ ပေးပို့ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားထားသည်။
လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ စိစစ်ပြန်ကြားချက်တွင် ပြင်ဦးလွင်မြို့နယ်၊ ရေငယ်ကျေးရွာအုပ်စုအတွင်း အခြားနည်းကျူးလွန်အသုံးပြုမှုများနှင့် ပတ်သက်၍လည်း ထည့်သွင်းဖြေကြားထားသည်။
ရေငယ်ကျေးရွာအတွင်းရှိ စိုက်ပျိုးမြေများပေါ်တွင် လမ်းဖောက်၊ ခြံကွက်ရိုက်ရောင်းချနေမှုအခြေအနေများနှင့် ပတ်သက်၍ သမ္မတကြီး ဦးသိန်းစိန် လက်ထက်မှစကာ နစ်နာသူ တောင်သူများက ဥပဒေနဲ့အညီ ဆောင်ရွက်ပေးရန် တင်ပြခဲ့ကြသည်။ အစိုးရအပြောင်းအလဲ ဖြစ်ပေါ်ပြီး NLD အစိုးရလက်ထက်တွင်လည်း တင်ပြခဲ့ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ အပြောင်းအလဲဖြစ်ပေါ်လာပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စိုက်ပျိုးမြေများကို ခွင့်ပြုချက်မရှိဘဲ အခြားနည်းအသုံးပြုမှုများအား စိစစ်ဆောင်ရွက်ရန် လမ်းညွှန်မှုများ လုပ်ဆောင်လာသဖြင့် နစ်နာသူ တောင်သူများက နိုင်ငံတော်စီမံအုပ်ခုပ်ရေးကောင်စီအစိုးရထံကို ထပ်မံ တင်ပြခဲ့ကြသည်။
ထိုသို့ တင်ပြမှုများနှင့် ပတ်သက်၍ စိုက်ပျိုးမြေများတွင် ဥပဒေနဲ့ညီညွတ်ခြင်းမရှိသော အလုပ်များကို လုပ်ဆောင်နေသည့် ရာထူးအာဏာရှိသူများက ၎င်းတို့၏ နာမည်များအား ထည့်သွင်းတိုင်ကြားပါက တရားစွဲဆိုမည်ဟူသော ခေါ်ယူခြိမ်းခြောက် လက်မှတ်ရေးထိုးခိုင်းသည့် အခြေအနေများလည်း ကြုံတွေ့ခဲ့ရသည်။
စိုက်ပျိုးမြေများတွင် ခွင့်ပြုချက်မရှိဘဲ ဥပဒေမဲ့ ခြံကွက်ဖော်၊ ရောင်းချ၊ အိမ်ဆောက် လုပ်နေကြသူတွေထဲမှာ ရာထူးတာဝန်လက်ရှိဖြစ်သူတွေ ကိုယ်တိုင် ပါဝင်နေသည်ကို တောင်သူများက သိရှိထားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန် တင်ပြရာတွင် နိုင်ငံတော်တာဝန်ရှိသူများ (ရာထူးလက်ရှိဖြစ်သူများ) ပါဝင်ပတ်သက်မှုများ ရှိနေလျင်လည်း ဥပဒေနှင့် အညီ ပွင့်လင်းမြင်သာစွာ ချပြရှင်းလင်း၍ ပြီးပြတ်အောင် ဆောင်ရွက်ပေးနိုင်ပါရန် တင်ပြခဲ့သည်ကို တွေ့ရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment