MNP ၊ အောက်တိုဘာ ၂၅
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မုန်းတိုင်းအန္တရာယ်အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်းအချိန်က မြို့ပေါ်ရပ်ကွက်အတွင်း၌ လှည့်လည်နှိုးဆော်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးနေဇင်ထွန်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန် ထားသော မုန်တိုင်းငယ် သတိပေးချက်များဖြစ်သည့် ယမန်နေ့ မြန်မာစံတော်ချိန် (၁၂:၃၀) တိုင်းထွာချက်များအရ ဘင်္ဂလာပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်း ဆိုင်ကလုန်းမုန်တိုင်းသည် အရှေ့မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားအော်အရှေ့ မြောက်ပိုင်းတို့တွင် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း၊ ဟမွန်း (HAMOON) အဖြစ်သို့ ရောက်ရှိခဲ့ကြောင်း၊ အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုန်း မုန်တိုင်း၏အရှိန်ကြောင့် ဒေသအလိုက် နေရာကွက်ကျား မိုးကြီးနိုင်ကြောင်း၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀) မှ (၄၅) မိုင်အထိ တိုက်ခတ်နိုင်ပြီး ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့် (၉) ပေမှ (၁၂) ပေ ခန့်ရှိနိုင်ကြောင်း၊ ပြီးနောက် မုန်တိုင်းအရှိန်ကြောင့် လေပြင်း တိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင် သောကြောင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊ ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြ သူများအနေဖြင့် ရေကြီး၊ ရေလျှံမှု ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြု ရှောင်ရှား နိုင်ပါရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
မြင့်စိုး
https://t.me/MyanmarNationalPost



No comments:
Post a Comment