တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတော်ဘက်ဂျက်များကို အကျိုးရှိစွာဖြင့် အသုံးချနိုင်ရေး သတ်မှတ်ကာလများအတွင်း အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတော်ဘက်ဂျက်များကို အကျိုးရှိစွာဖြင့် အသုံးချနိုင်ရေး သတ်မှတ်ကာလများအတွင်း အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှာကြား


MNP ၊ အောက်တိုဘာ ၁၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီးပွားရေးရာကော်မတီ အစည်းအဝေး အမှတ်စဉ်(၈/၂၀၂၃)ကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စီးပွားရေးရာကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနများနှင့်ပတ်သက်၍ လုပ်ငန်းများဆောင်ရွက်ရာ၌ ဈေးကွက်စီးပွားရေးစနစ်ဖြင့် ဆောင်ရွက်ချိန်တွင် ဝန်ကြီးဌာနများရှိ အချို့လုပ်ငန်းများ ဖျက်သိမ်းခြင်းများရှိသကဲ့သို့ အချို့လုပ်ငန်းများကို ပုဂ္ဂလိကသို့ လုပ်ပိုင်ခွင့်များပေးခြင်းနှင့် ဖက်စပ်ဆောင်ရွက်ခဲ့ခြင်းများရှိကြောင်း၊ ပြီးခဲ့သည့် အစိုးရလက်ထက်တွင် ဝန်ကြီးဌာနများမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းအချို့ကို ရပ်တန့်ခဲ့သဖြင့် နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးများဖြစ်ပေါ်စေခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့တာဝန်ယူဆောင်ရွက်ချိန်တွင် လည်ပတ်သင့်သည့် စက်ရုံများနှင့် လုပ်ငန်းများကို ပြန်လည် လည်ပတ်နိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ အလားတူ ဝန်ကြီးဌာနများ၌ လုပ်ငန်းလည်ပတ်မှုမရှိဘဲ ရပ်တန့်နေရသည့် လုပ်ငန်းရပ်များ၊ စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းဆောင်ရွက်ရန် အကြောင်းအမျိုးမျိုးဖြင့် မြေနေရာများရယူထားရှိပြီး လုပ်ငန်းဆောင်ရွက်နိုင်ခြင်း မရှိသည်များ ရှိနေသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံ့အကျိုးအတွက် ကြည့်မည်ဆိုပါက ၎င်းမြေနေရာများ၊ စက်ရုံ၊ အလုပ်ရုံများ လည်ပတ်နိုင်မည့်၊ ကုန်ထုတ်လုပ်မှုဆောင်ရွက်နိုင်မည့် အဖွဲ့အစည်းများက လုပ်ဆောင်နိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် နိုင်ငံအတွက်လိုအပ်သည့် ကုန်ထုတ်လုပ်မှုများ ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အစိုးရပိုင်းဆိုင်ရာနှင့် ပုဂ္ဂလိကပိုင်းဆိုင်ရာများ စသည်ဖြင့် အပိုင်းလိုက်ဆောင်ရွက်ရန်လိုကြောင်း။

ထိုသို့ဆောင်ရွက်ရာတွင် ချမှတ်ထားသည့် မူဝါဒများ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရန်အတွက် လွှဲပြောင်းပေးရာတွင်လည်း အမှန်တကယ် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သူများကိုသာ ဆောင်ရွက်ခွင့်ပေးရန်လိုကြောင်း၊ နိုင်ငံတော်အစိုးရမှ ဆောင်ရွက်နေသည့် လုပ်ငန်းများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထုအတွက် အထောက်အကူပြုသည့် လုပ်ငန်းများဖြစ်သဖြင့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်သွားရန်လိုကြောင်း။

မိမိတို့အနေဖြင့် နှစ်စဉ် ဘက်ဂျက်ငွေများကို ချထားပေးလျက်ရှိပြီး ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်မှ ဝန်ကြီးချုပ်များအနေဖြင့်လည်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အမှန်တကယ် အကျိုးဖြစ်ထွန်းစေနိုင်မည့် လုပ်ငန်းများအတွက် အမှန်တကယ်လိုအပ်မည့် ငွေကြေးတောင်းခံမှုများကိုသာ ဖြစ်စေရန်လိုကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် အခြားကဏ္ဍများစွာတွင်  သုံးစွဲရမည့်ငွေကြေးပမာဏ များစွာရှိနေသည်ဖြစ်သည့်အတွက် စနစ်တကျ တွက်ချက်တောင်းခံသွားစေလိုကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတော်ဘက်ဂျက်များကို အကျိုးရှိစွာဖြင့် အသုံးချနိုင်ရေး သတ်မှတ်ကာလများအတွင်း အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း။                                

မိုးသီးနှံစိုက်ပျိုးမှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားဆောင်ရွက်သည့် နိုင်ငံဖြစ်ကြောင်း၊ မိုးသီးနှံများကို ပြည့်ဝစွာစိုက်ပျိုးနိုင်ရေး မိမိအနေဖြင့် တိုက်တွန်းဆောင်ရွက်ခဲ့ကြောင်း၊ စိုက်ပျိုးထားသည့် စိုက်ပျိုးမြေများ၌ ရာနှုန်းပြည့် အောင်မြင်ဖြစ်ထွန်းစေရေး ဆောင်ရွက်ရန်လိုကြောင်း၊ အထွက်နှုန်းနှင့်ပတ်သက်၍ ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ခုနှစ် စိုက်ပျိုးရာသီတွင် နွေစပါးထွက်ရှိမှုနှင့် ပတ်သက်၍ တစ်နိုင်ငံလုံးအနေဖြင့် ပျမ်းမျှ ၉၆ ဒသမ ၂၄ တင်း ထွက်ရှိခဲ့ကြောင်း၊ ပန်းတိုင်ရည်မှန်းချက်ပြည့်မီစွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ မိုးသီးနှံများစိုက်ပျိုးရာတွင် ရာနှုန်းပြည့်အောင်မြင်ရေးနှင့် အထွက်နှုန်း များကောင်းမွန်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ အထွက်နှုန်း ကောင်းမှသာ ပြည်တွင်းစားသုံးမှုဖူလုံမည်ဖြစ်ပြီး ပြည်ပသို့လည်း တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနများအားလုံးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းစေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် မှာကြားသည်။

အစည်းအဝေးသို့ ကောင်စီဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။

နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနများအလိုက် ဥပဒေအကြံပေးများ ခန့်အပ်ထားရှိခြင်းသည် ဥပဒေပိုင်းဆိုင်ရာများတွင် မှန်မှန်ကန်ကန်နှင့် နည်းလမ်းတကျဖြစ်စေလို၍ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေပိုင်းဆိုင်ရာ အကြံပေးချက်များကို အကျိုးရှိရှိ အသုံးပြုရန်လိုကြောင်း၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် ခွင့်ပြုပေးထားသည့် ဘတ်ဂျက်ငွေများကို အကျိုးရှိရှိဖြင့် အသုံးချသွားရန်လိုကြောင်း၊ ထို့ကြောင့် ဘတ်ဂျက်ငွေ ကြိုတင်စိစစ်ရေးကော်မတီတစ်ခုကို ဖွဲ့စည်း၍ ထိထိရောက်ရောက် စိစစ်ဆောင်ရွက် သင့်သည်ဟုမြင်ပါကြောင်း၊ လုပ်ငန်းများအောင်မြင်စေရေးအတွက် အမှန်တကယ် လုပ်ငန်းဆောင်ရွက်ရန်လိုပြီး လုပ်ဆောင်နိုင်သည့် အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင်မည်ဆိုပါက တိုင်းပြည်၏ GDP သည်လည်း များစွာပြောင်းလဲသွားမည် ဖြစ်ကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)