ပညာတတ်တွေရဲ့ ယုတ်မာမှုကြောင့် ပညာမဲ့တွေ ရိုင်းစိုင်းလာတယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပညာတတ်တွေရဲ့ ယုတ်မာမှုကြောင့် ပညာမဲ့တွေ ရိုင်းစိုင်းလာတယ်


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးတွေမှာ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားခဲ့တဲ့ မှတ်တမ်းတွေ၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းဝေးတွေမှာ ပြန်ပြီး လေ့လာကြည့်ရင် ယနေ့ကျွန်တော်တို့ တိုင်းပြည်တွင်းမှာ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်နေခြင်းဟာ ပညာမတတ်သူ များနေလို့၊ ဆင်ခြင်တုံတရားမရှိလို့ ဆိုတဲ့ အဖြေကို တွေ့ရမှာ ဖြစ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၄/၂၀၂၃) မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က နစကအဖွဲ့ဝင်များ ကွင်းဆင်းဆောင်ရွက်နေမှု အခြေအနေနဲ့ ပတ်သက်လို့ ပြောကြားရာမှာ "ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ နိုင်ငံရေးစနစ်ကို သွားတဲ့အချိန်မှာလည်း သူတို့ရဲ့ပြောဆိုချက်တွေ၊ လိုလားချက်တွေကို ဆောင်ရွက်ပေးခြင်းအားဖြင့် ဒီအပေါ်မှာ ယုံယုံကြည်ကြည်နဲ့ ဆောင်ရွက်နိုင်မယ်ဆိုလို့ရှိရင် အထောက်အကူရလာမယ်၊ အလားတူစွာပဲ တိုင်းပြည်သာယာ ဝပြောရေး၊ ခုနကပြောတဲ့ စီးပွားရေးလုပ်ငန်းတွေကို သေချာဆောင်ရွက်နိုင်မယ်၊ ပညာသင်ကြားရေးကို ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် သူတို့ရဲ့ဘဝအပေါ်မှာ ကျေနပ်မှုရှိတဲ့အတွက်ကြောင့် သူတို့အားလုံးကနေ တူညီတဲ့စိတ် သဘောထားနဲ့ တိုင်းပြည်တိုးတက်ရာ၊ တိုးတက်ကြောင်း ဝိုင်းလုပ်ကြမယ်ဆိုရင် တိုင်းပြည်သာယာဝပြောဖို့ ဖြစ်လာမှာပဲဖြစ်ပါတယ်။ အလုပ်ကို များများလုပ်နိုင်မယ် ဆိုရင်တော့၊ စောစောက ကျွန်တော်ပထမဦးဆုံးပြောခဲ့တဲ့ တိုင်းပြည်မှာ မြေပေါ် မြေအောက် သယံဇာတပစ္စည်းတွေရှိတယ်၊ လူလည်းရှိတယ်၊ မြေလည်းရှိတယ်၊ ဒါပေမယ့် ကျွန်တော်တို့ ထိုက်သင့်သလောက် မတိုးတက်ဘူး၊ ဒါကိုသာကျွန်တော်တို့ ကျော်လွှားနိုင်မယ်ဆိုလို့ရှိရင် တိုင်းပြည်စားရေရိက္ခာပေါများရေးဟာ အလျှံပယ်ဖြစ် လာမှာ။ အလျှံပယ်ဖြစ်လာရင် ပထမအချက်ဖြစ်တဲ့ သာယာဝပြောရေးမှာလည်း သွားပြီးတော့ အထောက်အကူရမှာဖြစ်ပါတယ်။ ဒါတွေဟာ ဆက်စပ်နေပါတယ်" လို့ ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။

၂၀၂၃ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်နေ့က ကျင်းပတဲ့ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်ရင်းသားပြည်သူများစာတတ် မြောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က စာတတ်မြောက်မှ အများသူငှာတို့၏ မြောက်ပင့် စည်းရုံး ဆွဲ‌ဆောင်မှုတို့အပေါ် ဝေဖန်ပိုင်းခြင်းနိုင်မည်ဖြစ်ကြောင်း၊ စာတတ်မြောက်မှုမှ စာပေဖတ်ရှုလေ့လာလိုစိတ် ရှိလာမည်ဖြစ်ပြီး စာပေလေ့လာဖတ်ရှုမှလည်း မိမိကိုယ်နှင့် မိမိပတ်ဝန်းကျင်ကို ထိန်းကြောင်းနိုင်မည်ဖြစ်ကြောင်း၊ ယနေ နိုင်ငံအတွင်း အချို့ မြို့နယ်များနှင့် နယ်စပ်ဒေသအချို့တွင် ဖြစ်ပေါ်နေလျက်ရှိသည့် အကြမ်းဖက်မှုများသည် ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းအရ ၁၅ နှစ်အထက် စာမတတ်သူ ၄ဒသမ ၁ သန်း၏ နောက်ဆက်တွဲ အကျိုးဆက်များကြောင့်ဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ဤနေရာတွင် ဆရာတော် ရှင်မဟာရဌသာရက “ဧကရတုပုဒ်” တွင် “သုစိပုဘာ ဝိလိသိဓာ” အက္ခရာ ၈ လုံးကို ဆရာတော်၏ စာသင်သား တပည့်များ ကို နေ့စဉ် ကျင့်သုံးလိုက်နာရမည့်အချက်အဖြစ် ညွှန်ပြထားသည်ကို တွေ့ရကြောင်း၊ ထိုအက္ခရာ ၈လုံး၏ အနက်အဓိပ္ပါယ်မှာ သုဏေယျ-ကြားနာရ၏၊ စိန္တေယျ- ကြံစည်ရာ ၏၊ ပုစ္ဆေယျ- မေးမြန်းရာ၏၊ ဘာသေယျ- ပြောဆိုဆွေးနွေးရာ၏၊ ဝိစာရေယျ- စူးစမ်း ဆင်ခြင်ရာ၏၊ လိစေယျ- ရေးမှတ်ရာ၏၊ သိက္ခေယျ- လေ့ကျင့်ရာ၏၊ ဓာရေယျ-နှုတ်တတ်ဆောင်ရာ၏ ဟု ဖော်ပြထားကြောင်း၊ ယင်းအဓိပ္ပါယ်နှင့် ရတုစာပုဒ်ကို ကြည့်ခြင်းဖြင့် စာတတ်မြောက်မှုသည် မည်မျှအရေးကြီဂသည် ကို တွေ့ရမည်ဖြစ်သကဲ့ သို့ စာတတ်မြောက်မှ အဆင့်အတန်းပညာကိုလည်း ဆက်လက် သင်ယူတတ်မြောက်ပြီး “ပညာရွှေအိုး လူမခိုး”၊ အလိမ္မာစာမှာရှိ ဆိုသကဲ့သို့ မိမိကိုယ်တိုင် အမှားအမှန် အကောင်းအဆိုး ဝေဖန်ပိုင်းခြား ဆင်ခြင်နိုင်ပြီး မမှားသင့်သည်ကို မမှားရအောင် မိမိနှင့် ပတ်ဝန်းကျင်ကို ထိန်းကြောင်းပဲ့ပင်နိုင်မည်ဖြစ်ကြောင်း၊ ရှေးမြန်မာမင်းများလက်ထပ် ကုဋေရှစ်ဆယ်သဌေးသားအကြောင်းအရာများသည် အသိပညာ အတတ်ပညာမရှိခဲ့သည့်အတွက် နောက်ဆုံးဘဝ နိဂုံးချုပ်မလှဖြစ်ခဲ့ရသည့် ဖြစ်စဉ်သာဓကများရှိပြီး ဦးကျည်ပွေ့ ဖြစ်စဉ်ကလည်း စာတတ်မြောက်မှုမည်မျှအရေးကြီးသည်ကို ဖော်ပြနေသည့်အချက်ပင် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။

ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ရဲ့ ပြောကြားချက်မှာ "စာတတ်မြောက်မှ အများသူငှာတို့၏ မြောက်ပင့် စည်းရုံး ဆွဲ‌ဆောင်မှုတို့အပေါ် ဝေဖန်ပိုင်းခြင်းနိုင်မည်ဖြစ်ကြောင်း၊ စာတတ်မြောက်မှုမှ စာပေဖတ်ရှုလေ့လာလိုစိတ် ရှိလာမည်ဖြစ်ပြီး စာပေလေ့လာဖတ်ရှုမှလည်း မိမိကိုယ်နှင့် မိမိပတ်ဝန်းကျင်ကို ထိန်းကြောင်းနိုင်မည်ဖြစ်ကြောင်း" ဆိုတဲ့ ဆွေးနွေး ပြောဆိုချက်ဟာ လက်တွေ့ကျတဲ့ သုံးသပ်ပြောဆိုမှုပဲ ဖြစ်ပါတယ်။ ယနေ့ တိုင်းပြည်မှာ အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်နေကြသူများဟာ ဥပဒေမှာ ဘယ်လိုရှိတယ်ဆိုတာကို မသိဘူး။ အာဏာရမ္မက်ထနေတဲ့ NLD ဦးဆောင်သူတွေနဲ့ NLD လော်ဘီတွေ၊ ပြည်ဖျက်မီဒီယာတွေရဲ့ လုပ်ကြံဖန်တီး တင်ဆက်မှုတွေကို နားယောင်ပြီး အကြမ်းဖက်လမ်းစဉ်ပေါ် ရောက်ခဲ့ကြတယ်။ အကြမ်းဖက်သမားများအဖြစ်နဲ့ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို သတ်ဖြတ်နေကြတယ်။

ပညာမဲ့တွေ ဘယ်လောက်အထိအောင် ရိုင်းစိုင်းနေသလဲလို့ မေးရင်တော့ မိမိတို့ရဲ့ ကိုးကွယ်ရာ သံဃာတော်တွေကို သတ်ဖြတ်ဖို့ ဝန်မလေးဘူး။ ဆရာ/ ဆရာမတွေကိုပါ သတ်ဖြတ်ဖို့ ဝန်မလေးတဲ့အထိ ရိုင်းစိုင်းလာတယ်လို့ ပြောရမှာပဲ ဖြစ်ပါတယ်။

ပညာမတတ်တဲ့အတွက်ကြောင့် ရိုင်းစိုင်းနေကြတယ်။ လုပ်ကြံဖန်တီး ပြောဆိုမှုတွေကို ဝေဖန်ပိုင်ခြားနိုင်စွမ်းမရှိဘဲ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေကြတာ အမှန်ပါပဲ။ အဲဒီ ပညာမတတ်တဲ့ သူတွေကို အခုလို အကြမ်းဖက်သမားများဖြစ်အောင် လုပ်သွားကြတာ ဘယ်သူတွေလဲ။ တိုင်းပြည်ကို ဦးဆောင်သူတွေဟာ ပညာတတ်တွေပဲ ဖြစ်တယ်။ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို စီမံပိုင်ခွင့် ရခဲ့တဲ့ NLD ပါတီက လွှတ်တော်အမတ်တွေထဲမှာ အထက်တန်းမအောင်၊ မူလတန်း မအောင်တဲ့သူတွေ အနည်းအကျဉ်းပဲ ရှိပါတယ်။ အများစုကတော့ ပညာတတ်တွေချည်းပဲ မဟုတ်ပါလား။ NLD ပါတီကို ဦးဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် ဆိုရင် ပိုပြီးတော့တောင် ပညာတတ်သေးတယ်။ အင်္ဂလန်နိုင်ငံ၊ အောက်စ်ဖို့ဒ်တက္ကသိုလ် က ဘွဲရခဲ့တဲ့ ပညာတတ်ပဲ မဟုတ်ပါလား။ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်တွဲခဲ့ကြသူတွေဟာလည်း ပညာတတ်တွေပဲ မဟုတ်ပါလား။ တိုင်းပြည်ကို မိုးပျံအောင် လုပ်နိုင်တယ်လို့ ပြောခဲ့တဲ့ ပညာတတ်ကြီးတွေပေါ့။ 

တပ်မတော်က အုပ်ချုပ်နေတဲ့ ကာလတလျောက် တိုင်းပြည်ကို ဦးနှောက်မရှိတဲ့သူတွေ အုပ်ချုပ်နေတာပါလို့ ပြောခဲ့တာလည်း သူတွေပဲ မဟုတ်လား။ ဦးနှောက်ရှိပြီး နိုင်ငံတကာစံနှုန်းတွေကို ခရားရေလွှတ် တတွတ်တွတ်ပြောတတ်တဲ့ ပညာတတ်ကြီးများ တိုင်းပြည်ကို ၅နှစ်တာ အုပ်ချုပ်ခွင့် ရတဲ့အချိန်မှာ ပညာအတတ်ဆုံး ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် က စပြီး အဂတိလိုက်စားတယ်။ အဂတိမှု ၉မှု ရင်ဆိုင်နေရတယ်။ သမ္မတတာဝန်ယူခဲ့တဲ့ ဝင်းမြင့်လည်း ထိုနည်းတူစွာပဲ။ အဂတိမှု ၅မှု နဲ့ ရင်ဆိုင်နေရတယ်။ NLD ပါတီ အာဏာရတဲ့ အခိုက်အတန့်မှာ NLD ဗဟိုအလုပ်မှုဆောင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များရဲ့ အဂတိလိုက်စားကြောင့် တိုင်းပြည်က ဆုံးရှုံးနစ်နာခဲ့ရတဲ့ ပမာဏဟာ ဘီလီယံချီတယ်။

အာဏာအလွဲသုံးစားလုပ်ပြီး ငွေရှာရတာ အလွန်အမင်း လွယ်ကူတဲ့အခါကြတော့ အာဏာသက်ဆိုးရှည်ဖို့ ကြိုးစားတယ်။ ပညာတတ်ကြီးများ က မဲလိမ်မဲခိုးမှုတွေကို စနစ်တကျ ကျူးလွန်ခဲ့ကြတယ်။ ပညာမတတ်တဲ့ သူတွေ လုပ်တာမဟုတ်ဘူးနော်။ ပညာတတ်တွေကပဲ လုပ်ခဲ့တာ။ 

အဲဒီပညာတတ်ကြီးတွေကပဲ မဲလိမ်မဲခိုးမှုတွေ ဖော်ထုတ်ခံရတဲ့အခါကြတော့ တပ်မတော်က အာဏာလုယူတာပါဆိုပြီး သူတို့ကို ထောက်ခံအားပေးတဲ့သူတွေကို လုပ်ကြံဖန်တီး လှုံ့ဆော်တယ်။ လုပ်ကြံဖန်တီး လှုံ့ဆော်မှုတွေကိုလည်း ပညာတတ်တွေပဲ စနစ်တကျ လုပ်တာပဲ မဟုတ်လား။ နောက်ဆုံးတော့ ပညာမဲ့သူတွေဟာ ပညာရှိ လူလိမ်ကြီးများရဲ့ လုပ်ကြံဖန်တီးလှုံ့ဆော်မှုတွေကို နားယောင်ပြီး အကြမ်းဖက်မှုတွေ အဆိုးဆုံးအခြေအနေအထိ ရောက်အောင် လုပ်ဆောင်လာကြခြင်းမဟုတ်ပါလား။

အကြမ်းဖက်လှုံ့ဆော်မှုတွေမှာ ပညာတတ်တွေဆိုတဲ့ ဆရာ/ ဆရာမတွေလည်း ပါခဲ့ကြတယ်။ ဆရာဝန် ဆိုတဲ့သူတွေလည်း ပါခဲ့ကြတယ်။ အင်ဂျင်နီယာဆိုတဲ့ သူတွေလည်း ပါခဲ့ကြတာပဲမဟုတ်လား။ အဲဒီ ပညာတတ်ကြီးတွေဟာ ဆင်ခြင်တုံတရား ရှိသော ပညာတတ်တွေလား၊ ယုတ်မာကောက်ကျစ်သော ပညာတတ်တွေလား ခွဲခြားကြည့်ကြပေတော့။ သူတို့တွေ တဖွဖွအော်နေတဲ့ ဒီမိုကရေစီစံနှုန်းတွေမှာ အဲဒီလို ရက်စက်ယုတ်မာမှုတွေ ကျူးလွန်ဖို့ ဖော်ပြထားတာမျိုး တစ်ချက်မှ မတွေ့ရဘူး။ သူတို့တွေ မကြာခဏ ထအော်နေတဲ့ လူ့အခွင့်အရေးကြေညာစာတမ်းထဲမှာလည်း အဲဒီလို ရက်စက်ယုတ်မာရမယ်လို့ တစ်ချက်မှ မတွေ့ရဘူး။

ဆင်ခြင်တုံတရား ကင်းမဲ့လွန်းတဲ့ ပညာမဲ့တွေက လက်နက်ကိုင်ပြီး နီးစပ်တဲ့သူမှန်သမျှကို ရန်ရှာသတ်ဖြတ်နေကြတယ်။ အောက်တန်းကျ ယုတ်မာသော ပညာတတ်များက အဲဒီလို အရိုင်းစိတ်တွေဖြစ်ပေါ်လာအောင် နည်းလမ်းမျိုးစုံနဲ့ မှိုင်းတိုက်ခိုက်ကြတယ် မဟုတ်လား။

မြန်မာ့နိုင်ငံရေးနယ်ပယ်ကို ကြည့်လိုက်ရင် တပ်မတော်ဆိုတဲ့ တောင့်တင်းခိုင်းမာသော အဖွဲ့အစည်းကြီး ရှိတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုတဲ့ ပါတီကြီးတွေ ရှိတယ်။ အဲဒီ အင်အားကြီး ၃ပါတီစလုံးမှာ တပ်မတော်ခေါင်းဆောင်ကြီးများက ထူထောင်သွားခဲ့ကြတဲ့ ပါတီတွေချည်းပါပဲ။ အဲဒီ ပါတီကြီးတွေမှာ လော်ဘီကြီးတွေ ရှိတယ်။ အပြန်အလှန် ထိုးနှက်တိုက်ခိုက်ကြရာမှာ အဲဒီလော်ဘီတွေရဲ့ လက်စွမ်းကို မြင်တွေ့ကြရလိမ့်မယ်။ လော်ဘီများထဲမှာတော့ NLD လော်ဘီများထဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့ လော်ဘီများကတော့ အရိုင်းဆုံး သတ္တဝါတွေလို့ ဆိုရင်လည်း မမှားပါဘူး။ မြန်မာနိုင်ငံမှာ ထိပ်တန်းဆိုတဲ့ သာသနာ့ဥသျှောင်ပုဂ္ဂိုလ်များကိုပင် စော်ကားဖို့ ဝန်မလေးတဲ့ လော်ဘီများ ဖြစ်ကြပါတယ်။

NLD လော်ဘီများကိုတော့ ရိုင်းစိုင်းတယ်ဆိုလို့ တခြားသော ပါတီအဖွဲ့အစည်းများရဲ့ လော်ဘီများကရော ဆင်ခြင်တုံတရားနဲ့ ပြည့်စုံတဲ့ သူတွေလားဆိုတော့ မဟုတ်ပါဘူး။ NLD လော်ဘီများဟာ သူတို့ရဲ့ အကြမ်းဖက်လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ခြင်း မရှိတဲ့ သံဃာထုတစ်ရပ်လုံးကို ပစ်မှတ်ထားစော်ကားတယ်။ တခြားသော ပါတီအဖွဲ့အစည်းများက လော်ဘီများကလည်း သူတို့နဲ့ ငြိလာပြီဆိုရင် သံဃာတော်တွေအပေါ်လည်း အထာမထားပါဘူး။ အစွယ်ထုတ်ပြတတ်ကြပါတယ်။ "လိုရင်း ဘုန်းဘုန်း၊ မလိုရင် ဂတုံး" ဆိုတဲ့ ပါတီလော်ဘီတွေရဲ့ မူက ထပ်တူကျနေတာကို တွေ့ရပါတယ်။ 

NLD ပါတီ ဦးဆောင်သူ ပညာတတ်များသာ ယုတ်မာတာလား ဆိုရင်တော့ မဟုတ်ပြန်ဘူး။ တိုင်းပြည်ကို NLD အုပ်ချုပ်ခွင့် ရတာ ၅နှစ်ပါပဲ။ ၅နှစ်ဆို၊ ဆိုသလောက် ထိထိရောက်ရောက် တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ငန်းတွေကို ထိထိရောက်ရောက် လုပ်ဆောင်သွားနိုင်တယ်။ အားလုံး အံ့သြမင်သက်ကုန်ကြရတယ် မဟုတ်ပါလား။ 

ယခင်ကလည်း အစိုးရဌာနမများမှာ လုပ်သွားကြတဲ့ ပညာတတ်ကြီးတွေ ကိုယ်ကျိုးရှာမျိုးတွေ မရှိဘူးလား။ အာဏာနဲ့ လုပ်ပိုင်ခွင့်ကို အသုံးချပြီး ကိုယ်ကျိုးရှာတာတွေ မရှိဘူးလား။ အစဉ်အဆက် ရှိခဲ့တာပေါ့။ ယခု နစကအစိုးရလက်ထက်မှာလည်း ရှိတာပဲ။ NLD အစိုးရလက်ထက် အစိုးရအဖွဲ့ကို ဦးဆောင်သူတွေ၊ ပြည်ထောင်စုဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေ ရဲ့ အဂတိလိုက်စားမှုတွေကို စိစစ်ဖော်ထုတ် အရေးယူနေတယ်။ NLD ဦးဆောင်သူ ပညာတတ်ကြီးများက လုပ်ကြံဖန်တီး လှုံ့ဆော်မှုတွေ စဉ်ဆက်မပြတ် ပြုလုပ်ပြီး အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်နေတယ်။ အကြမ်းဖက်အန္တရာယ်တွေကို တားဆီးကာကွယ်နေကြရတယ်။

အဲဒီလို အချိန်မှာတောင် လက်ရှိအစိုးရအဖွဲ့အတွင်းမှာ ရာထူးတာဝန်ကြီးတွေ ထမ်းဆောင်နေတဲ့ သူတွေက ကိုယ်ကျိုးရှာတဲ့ လုပ်ရပ်တွေ လုပ်လာလို့ ဖယ်ရှားလိုက်ရတာတွေ ရှိတယ်။ ထိန်းသိမ်းလိုက်ရတာတွေ ရှိတယ်။ အဆိုးဆုံးအခြေအနေကတော့ အကြမ်းဖက်လှုပ်ရှားမှုကို ဦးဆောင်သူများနဲ့ အပေးအယူလုပ်ပြီး ကိုယ်ကျိုးရှာနေတာမျိုးတွေအထိ ရှိတယ်။ 

အဲဒီတော့ စဉ်းစားကြည့်ကြတော့ဗျာ။ ပညာတတ်တွေ ယုတ်မာကောက်ကျစ်သည့်အလျောက် ပညာမဲ့တွေ ရိုင်းစိုင်းလာကြတယ်။ ယနေ့ ကမ္ဘာကြီးမှာ မငြိမ်းချမ်းဘူး။ စစ်ပွဲတွေ ဖြစ်နေကြတာလည်း မျက်မြင်ထင်ရှားပါပဲ။ ရုရှား - ယူကရိန်းလည်း စစ်ဖြစ်နေတယ်။ ၇-၁၀-၂၀၂၃ ရက်နေ့မှာပဲ ပါလက်စတိုင်းဘက်က စတင်တိုက်ခိုက်မှုတွေ လုပ်လာတဲ့အတွက် အစ္စရေးက ပြင်းပြင်းထန်ထန် လက်တုန့်ပြန်မှုတွေ လုပ်ဆောင်နေပြီ။ အစ္စရေး - ပါလက်စတိုင်း စစ်ပွဲလည်း ဖြစ်နေပြီ။ ကမ္ဘာ့အင်အားကြီး အမေရိကန်ဆိုတဲ့ နိုင်ငံက ကမ္ဘာအရပ်ရပ်မှာ ပြဿနာတွေ လိုက်ဖန်တီးနေတယ်။ ကမ္ဘာကြီး မငြိမ်းချမ်းတော့ဘူး။

မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံးကိုတော့ အသိ၊ သတိနဲ့ ဆင်ခြင်ကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ ပညာတ်ကြီးများလည်း အာဏာရမ္မက်ထပြီး ယုတ်မာနေကြတာတွေ ဆင်ခြင်လိုက်ကြပါတော့။ နိုင်ငံရေးမှာ အမှားနဲ့ အမှန်ကို ဥပဒေနဲ့ပဲ ဆုံးဖြတ်လို့ရမယ်။ ဥပဒေမဲ့ လုပ်ရပ်တွေ ကျူးလွန်နေရင် အမှားဖြစ်မှာပဲ။ နေ့စဉ် ပြဿနာတွေ ပေါ်ပေါက်နေတယ်တယ်။ ပြဿနာတွေရဲ့ အခြေခံဟာ ပြောမှားဆိုမှား၊ လုပ်မှားကိုင်မှားတွေကတဆင့် ကြီးထွားလာခြင်း ဖြစ်ပါတယ်။ ပြောမှားဆိုမှား၊ လုပ်မှားကိုင်မှား နည်းနိုင်သမျှ နည်းအောင် ဆင်ခြင်ကြမယ်ဆိုရင် ပြဿနာတွေလည်း လျော့ပါးလာလိမ့်မယ်။ ပညာတတ် လူယုတ်မာ အာဏာရမ္မက်ထနေသူတွေရဲ့ အသုံးချခံဘဝ ကို ရောက်နေတဲ့ ပညာမဲ့များလည်း သတိကပ်ကြပါတော့။ အထူးအားဖြင့်တော့ ပညာတတ်ကြီးတွေရဲ့ လုပ်ကြံဖန်တီး လှုံ့ဆော်မှုတွေ လျော့ချလိုက်မယ်လိုရင် ပညာမဲ့တွေရဲ့ ရိုင်းစိုင်းမှုတွေလည်း လျော့ကျသွားမှာ ဖြစ်ပါတယ်။ 


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)