အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ် (၄)ဆူ အင်းလေးဝဲယာ (၂၁)ဌာနသို့ ဒေသစာရီကြွချီ ပူဇော်ခံပင့်ဆောင်ပွဲ မင်္ဂလာအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ် (၄)ဆူ အင်းလေးဝဲယာ (၂၁)ဌာနသို့ ဒေသစာရီကြွချီ ပူဇော်ခံပင့်ဆောင်ပွဲ မင်္ဂလာအခမ်းအနားကျင်းပ





MNP ၊ အောက်တိုဘာ    ၁၅

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ် (၄)ဆူ အင်းလေးဒေသ ဝဲယာ(၂၁)ဌာနသို့ ဒေသစာရီကြွချီပူဇော်ခံပင့်ဆောင်ပွဲ မင်္ဂလာအခမ်းအနား ပထမပိုင်းကို ယနေ့နံနက် (၄)နာရီက ရုပ်ရှင်တော်မြတ်များ ထာဝရသီတင်းသုံး စံပယ်တော်မူရာ နမ့်ဟူးစံကျောင်းတော်၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အခမ်းအနားသို့ ကြွရောက်လာကြကုန်သော မိုင်းသောက်ပထမစာသင်တိုက် ပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တသုမင်္ဂလာဘိဝံသ အမှူးပြုသော ဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် အမှူးပြုသော ပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရား ကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကြပြီး နမ့်ဟူးကျောင်းဆရာတော် ဦးဝိဇယအရှင်မြတ်က မာရ်အောင်မင်္ဂလာ ဂါထာတော်ဖြင့် ရွတ်ဖတ်ပူဇော်ခဲ့သည်။


ထို့နောက် တောင်ခြေကျောင်းဆရာတော် ဦးကောဝိဒက ကောင်းတင်းခြိမ့်ညံ ကြွေးကြော်သံ ဂါထာတော်နှင့် ရွှေဉာဏ်တော်ဖွင့်ဂါထာတော်များ ရွတ်ဖတ်ပူဇော်ပြီး ဖောင်တော်ဦးဘုရား ရုပ်ရှင်တော်မြတ်များအား အနေကဇာတင်တော်မူကြသည်။


၎င်းနောက် ဧည့်သည်တော်ကြီးများက ဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် ရွှေသင်္ကန်းတော်များ ဆက်ကပ်လှူဒါန်းပြီး အခမ်းအနားကို ခေတ္တရပ်နား ခဲ့သည်။


ယင်းနောက် နံနက်(၆)နာရီတွင် အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ပြုလုပ်ရာ မိုင်းသောက် ပထမစာသင်တိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များကို နာယူပန်ဆင်ကြသည်။


ထို့နောက် ညောင်ရွှေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာလင်းက ဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များ (၂၁)ဌာနသို့ ဒေသစာရီကြွချီပူဇော်ခံပါမည့်အကြောင်း ပင့်ပန်လျှောက်ထားလွှာကို ဖတ်ကြားလျှောက်ထားပြီး ဖောင်တော်ဦးရုပ်ရှင်တော်မြတ် ပထမအဆူကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်ကလည်းကောင်း၊ ဒုတိယအဆူကို ကလောခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြတ်အောင်ဌေးကလည်းကောင်း၊ တတိယအဆူကို ကလောခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးခင်နိုင်ကလည်းကောင်း၊ စတုတ္ထအဆူကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကလည်းကောင်း အသီးသီးအစီအစဉ်အတိုင်း ပင့်ဆောင်ပူဇော်ခဲ့ကြသည်။


အဆိုပါ ဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ် (၄)ဆူတို့အား အင်းသားရိုးရာဆွဲလှေ (၂၃)စီးဖြင့် ရေလမ်းခရီးပင့်ဆောင်ပူဇော်ကြပြီး ယနေ့(၁၅-၁၀-၂၀၂၃) ရက်နေ့တွင် ကြေးပေါခုံစံ ကျောင်းတော်၌ တစ်ညတာကိန်းဝပ်အပူဇော်ခံမည်ဖြစ်၍ နောက်တစ်ရက် (၁၆-၁၀-၂၀၂၃)ရက်နေ့တွင် အင်းတိန်စံကျောင်းတော်မှ ဟဲယာရွာမစံကျောင်းတော်သို့ ဆက်လက်ကြွချီအပူဇော် ခံမည်ဖြစ်ကြောင်း သိရှိရသည်။


စိုင်းအယ်ဘဲ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)