တရုတ်နိုင်ငံက ရာဇဝတ်သားတွေ မြန်မာပြည်ထဲမှာ လာရောက်ခိုလှုံခြင်းအကြောင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်နိုင်ငံက ရာဇဝတ်သားတွေ မြန်မာပြည်ထဲမှာ လာရောက်ခိုလှုံခြင်းအကြောင်း


ယနေ့ ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ဆက်စပ်ပြီး တရုတ်ရာဇဝတ်သားတွေကို တရုတ်အစိုးရက အပူတပြင်း အလိုရှိနေတဲ့ သဘောကို မြင်တွေ့ရတယ်။ တရုတ်နိုင်ငံသား ရာဇဝတ်သားတွေကို မြန်မာအစိုးရက အကာအကွယ်ပေးထားတယ်လို့ မြင်နေတဲ့ သဘောကို တွေ့ရှိရပါတယ်။ 

ယနေ့ (၃၀-၁၀-၂၀၂၃) ရက်နေ့ ညနေပိုင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနတို့အကြား (၇) ကြိမ်မြောက် တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေး မှာလည်း ဒီကိစ္စကို ထည့်သွင်းဆွေးနွေးကြတာကို တွေ့မြင်ရပါတယ်။

ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ တရုတ်ရာဇဝတ်သားများရဲ့ သဘောသဘာဝကို တင်ပြလိုခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အင်းစိန်ထောင်ထဲကို တစ်နှစ်တာကာလ ရောက်ရှိခဲ့တဲ့ အခြေအနေမှာ တရုတ်နိုင်ငံသား အကျဉ်းသားများနဲ့လည်း ဆုံတွေ့ခဲ့ရပါတယ်။ ကျွ်တော်တို့နဲ့ ရှေ့ဆင့်နောက်ဆင့် ဆိုသလို အကျဉ်းထောင်ထဲကို ရောက်လာတဲ့ မူးယစ်ဆေးဝါး ဖြန့်ချိသူ တရုတ်နိုင်ငံသား လူငယ် (၃)ဦးနဲ့ ဆိုရင် အင်းစိန်အကျဉ်းထောင်ထဲမှာ တော်တော်လေး ရင်းနှီးကျွမ်းဝင်ခဲ့ကြပါတယ်။ အဲဒီ (၃)ယောက်ထဲက ဝမ်ဝေ့လုံ ဆိုတဲ့ တရုတ်လူငယ် (လူလည်)လေးကို ဆရာတော် ဦးပါမောက္ခက မြန်မာစာတောင် သင်ပေးခဲ့ပါသေးတယ်။

သူတို့တွေဟာ တရုတ်ပြည်ထဲမှာ ရာဇဝတ်မှု မကျူးလွန်ရဲဘူး။ တရုတ်အစိုးရရဲ့ ပြတ်သားတဲ့ ဥပဒေက ပေးတဲ့ ပြစ်ဒဏ်ကို ကြောက်ကြတယ်။ မြန်မာနိုင်ငံထဲကို မူးယစ်ဆေးဝါးတွေ သယ်လာတယ်။ ဒီကနေ တစ်ဆင့် ဖြန့်ချိကြမယ်။ သူတို့ သယ်လာတဲ့ မူးယစ်ဆေးဝါး က အိုက်စ် လို့ ခေါ်တဲ့ မူးယစ်ဆေးဝါးကို ကွန်တိန်နာနဲ့ တစ်လုံး သယ်လာတာ ဖြစ်ပါတယ်။ အဲဒီ တရုတ်နိုင်ငံသား ၃ယောက် အပြင် မြန်မာနိုင်ငံအတွင်းက သူတို့နဲ့ ဆက်စပ်သူတွေလည်း ဖမ်းဆီးခံခဲ့ရပါတယ်။

သူတို့မတိုင်ခင် အကျဉ်းထောင်ထဲမှာ ရောက်နေတဲ့ တရုတ်တွေလည်း ရှိပါတယ်။ ထောင်ထဲမှာ အေးရာအေးကြောင်း နေကြတယ်။ ထောင်က ခိုင်းတဲ့ အလုပ်ကို သူများထက် ပိုပြီး လုပ်ပေးတယ်။ တရုတ်ကြီး တစ်ယောက်ဆိုရင် ထောင်ထဲမှာ စိုက်ပျိုးရေးလုပ်တယ်။ အများသူငါကိစ္စ သူလုပ်ပေးနိုင်တာ မှန်သမျှ လုပ်ပေးတယ်။ ပြဿနာစကား ဘာမှ မပြောဘူး။ ဘယ်သူနဲ့မှလည်း ပြဿနာမဖြစ်ဘူး။

ကျွန်တော်တို့နဲ့ ရှေ့ဆင့်နောက်ဆင့် ရောက်လာတဲ့ တရုတ်လူငယ် (၃)ယောက်ကတော့ ထောင်ထဲမှာလည်း တရုတ်အချင်းချင်း ရန်ဖြစ်ကြတာမျိုး ရှိတယ်။ အခြားအကျဉ်းသားများနဲ့လည်း မကြာခဏ စကားများတတ်ကြတယ်။ လူငယ်တွေဆိုတော့ ဆင်ခြင်တုံတရား နည်းသေးတာလည်း ပါတယ်။ သူတို့ကိုယ်တိုင်က ဖွင့်ဟ ပြောဆိုခြင်း ဖြစ်ပါတယ်။ မြန်မာပြည်က ထောင်ထဲမှာ တစ်သက်လုံးနေသွားမယ်။ တရုတ်ပြည် ပြန်ပို့ရင် အသတ်ခံရမှာ ဆိုတာကို သူတို့ သိနေပါတယ်။

တရုတ်အကျဉ်းသား အားလုံးရဲ့ တူညီတဲ့အချက်က ဒီမြန်မာနိုင်ငံမှာပဲ မြန်မာနိုင်ငံအစိုးရက ပေးတဲ့ ပြစ်ဒဏ်ကို ကျခံမယ်။ တရုတ်ပြည်ကို ပြန်ပြီး လွှဲပြောင်းပေးမှာကို သူတို့အကြောက်ဆုံးပဲ။ မြန်မာနိုင်ငံမှာက အကျဉ်းထောင်ထဲမှာလည်း လူသားချင်းစာနာထောက်ထားမှု၊ နိုင်ငံတကာ သဘောတူညီချက်တွေကြောင့် အကျဉ်းသားများအပေါ် ဆိုးရွားစွာ နှိပ်စက်ကလူပြုတာတွေ မရှိတော့သလို မသေမချင်း ကြိုးကွင်းစွပ်သတ်ဆိုတဲ့ ပြစ်ဒဏ်မျိုး တရားရုံးက ချမှတ်ရင်တောင် ထောင်ထဲမှာ ကြိုးစင်တင်တာ မရှိသလောက် ရှားသွားပြီ။ ဂျင်မီ၊ ဖြိုးဇေယျာသော်တို့ကို ကြိုးစင်တင်တယ်ဆိုတာ အပြစ်မဲ့ ပြည်သူပေါင်း ရာနဲ့ချီပြီး သတ်ခဲ့တဲ့ ပြစ်မှုတွေကြောင့် ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ပေးတဲ့ သဘော၊ သူတို့ရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ ပြည်သူတွေအတွက် တရားမျှတမှုကို ပြန်လည်ဖောင်ဆောင်ပေးတဲ့ သဘောလောက်သာ ကြိုးစင်တင်တာပါ။ ဒါမျိုးက ထူးခြားဖြစ်စဉ်ပါ။

အခုလည်း တရုတ်ရာဇဝတ်သားတွေကို တရုတ်အစိုးရက အပူတပြင်းလိုချင်နေတဲ့ သဘောကို အထင်အရှားပြသတဲ့ အနေနဲ့ မြောက်ပိုင်းနွားသုံးကောင်ကို အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်ဖို့ မြှောက်ပေးလိုက်တဲ့ သဘောက အထင်အရှား တွေ့ရပါတယ်။ မြန်မာ - တရုတ် ဟာ အိမ်နီးချင်း နိုင်ငံဖြစ်နေတယ်။ သူ့ရဲ့ သဘောသဘာဝ ကိုလည်း ကိုယ်က သိရှိထားရမှာ ဖြစ်သလို တာဝန်ရှိသူများအနေနဲ့ကလည်း တရုတ်ရာဇဝတ်သားများနဲ့ ပတ်သက်လို့ ကိုင်တွယ်ရာမှာ အထူးသတိ ပြုရမှာ ဖြစ်ပါတယ်။

တရုတ်ရာဇဝတ်သားများဟာ တရုတ်ပြည်မှာဆိုရင် သေဒဏ်အပေးခံရပြီဆိုတာနဲ့ လူမြင်ကွင်းမှာ လှည့်လည်ပြသပြီး သေဒဏ်စီရင်ခြင်းကို မလွဲမသွေ ခံရတာ ဖြစ်ပါတယ်။ အဲဒီလို အခြေအနေတွေကြောင့် သူတို့တွေဟာ ကြီးမားတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ပြီး မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားတို့လို တိုင်းပြည်တွေကို အောက်လမ်းကနေ ဝင်ရောက် ခိုအောင်းနေထိုင်ပြီး ရာဇဝတ်မှုမကင်းတဲ့ လုပ်ငန်းတွေလုပ်ကြတယ်။

ဖြစ်နိုင်ရင်တော့ တရုတ်ရာဇဝတ်သားများကို မြန်မာနိုင်ငံအကျဉ်းထောင်များမှာ လက်ခံမထားဘဲ တရုတ်နိုင်ငံကို လွှဲပြောင်းပေးလိုက်ခြင်းဟာ အကောင်းဆုံးပါပဲ။ မြန်မာနိုင်ငံက ရာဇဝတ်သားတွေအပေါ် ပြင်းထန်တဲ့ စီရင်မှုမျိုး မရှိတဲ့ အခါကြတော့ တရုတ်ရာဇဝတ်သားတွေ အတွက် ခိုလှုံချင်စရာ ဖြစ်နေပါတယ်။ နှစ်နိုင်ငံချစ်ကြည်ရေးကို ထိပါးစေမယ့် ကိစ္စမျိုးတွေ အတတ်နိုင်ဆုံးရှောင်ရှားခြင်းဟာ ပြည်သူများအတွက် ဘေးကင်းလုံခြုံစေပါတယ်။ ဒီလို ကိစ္စမျိုးတွေက အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များက သတိပြုသင့်သလို သက်ဆိုင်ရာ နယ်ပယ်အလိုက် တာဝန်ရှိသူများက ပိုပြီး သတိရှိရှိနဲ့ ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။ တရုတ်ရာဇဝတ်သားတွေရဲ့ သဘောသဘာဝကတော့ မြန်မာနိုင်ငံက ထောင်ထဲမှာ မသေမချင်းနေသွားမယ်။ တရုတ်ပြည်ဘက်ကို ပြန်လည်လွှဲပြောင်းပေးမှာ သူတို့အကြောက်ဆုံး ကိစ္စဖြစ်နေပါတယ်။ တာဝန်ရှိသူများက သဘောသဘာဝတွေကို သိရှိနားလည်ထားပြီး ဥပဒေစိုးမိုးရေးကို အလေးထားလုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)