MNP ၊ အောက်တိုဘာ ၁၃
မြန်မာနိုင်ငံအတွင်းရှိ ကျေးလက်နှင့် မြို့ပြနေပြည်သူများသည် စက်ရက်ကန်းမှ ထွက်ရှိသော ရက်ကန်းအဝတ်အထည်များကို ဈေးကွက်များ တွင် တွင်တွင်ကျယ်ကျယ် ဝယ်ယူရောင်းချ နေပါသော်လည်း မိရိုးဖလာ လက်ရက်ကန်း လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ခြင်းဖြင့် မိသားစု စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း မုံရွာမြို့နယ် ကောရဗျကျေးရွာ မိရိုးဖလာ လက်ရက်ကန်းလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောကြားခဲ့ သည်။
မုံရွာမြို့နယ် ကောရဗျကျေးရွာတွင် ယခင်က လက်ရက်ကန်းလုပ်ကိုင်သူ များစွာရှိခဲ့သော်လည်း ယခုအခါ ရက်ကမ်းတစ်စင်သာရှိတော့ကြောင်း၊ အမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက် စက်ချုပ်လုပ်ငန်းကို တွင်တွင်ကျယ်ကျယ်ဆောင်ရွက်လျက်ရှိကာ မုံရွာမြို့ရှိ အထည်ဆိုင်ကြီးများက အပ်နှံအထည်များကို အမျိုးသမီးများချုပ်ကာ လုပ်ငန်းတွင်ကျယ်လျက် ရှိသည်။
“ရွာထဲမှာ အမျိုးသမီးအများစုက စက်ချုပ်လုပ်ငန်း လုပ်ကိုင်ကြပါတယ်။ အခု အိမ်မှာတော့ ကျွန်မ နဲ့ သမီးက မိရိုးဖလာ လက်ရက်ကန်းကိုပဲ လုပ်ကိုင်ပါတယ်။ လက်ရက်ကန်းထည်ကတော့ အမျိုးသားဝတ်၊ အမျိုးသမီးဝတ် ချည်အင်္ကျီ လက်ရှည်အတွက် ရက်ကန်းထည်တွေ ရက်လုပ် နေရပြီး အမျိုးသားဝတ် လက်ရှည်တစ်ထည်စာ (၂)ကိုက်အတွက် ငွေကျပ် ၈၀၀၀ ကျပ်နှုန်း ရောင်းချရပါတယ်။ ဒီလို နေ့စဥ်ရောင်းချရလို့ မိသားစုစားဝတ်နေရေး အဆင်ပြေပါတယ်” ဟု ရက်ကန်းလုပ်ကိုင်သူက ပြောသည်။
မိရိုးဖလာ လက်ရက်ကန်းလုပ်ငန်းများ ပိုမိုတွင်ကျယ်စွာ လုပ်ကိုင်နိုင်စေရေးအတွက် ပြည်တွင်းဖြစ် ကုန်ကြမ်းများ လွယ်လွယ်ကူကူ မရရှိခြင်း မှာ အဓိက အခက်အခဲများဖြစ်ပြီး အိန္ဒိယနိုင်ငံမှ လာသော ကုန်ကြမ်းချည်ထည်များကိုသာ အဓိက ဝယ်ယူရက်လုပ်နေရကြောင်း၊ အဆိုပါ ကောရဗျကျေးရွာမှ လက်ရက်ကန်းအထည်မှာ ဝတ်ဆင်ရသူများအတွက် အကြိုက်တွေ့သော်လည်း ဈေးကွက်သို့ များများတင်ပို့ နိုင်ခြင်းမရှိ သေးပဲ မှာယူသလောက်ကိုသာ ရက်လုပ်ပြီး ရောင်းချနေရကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment