သမိုင်း သင်ခန်းစာများမှာ အမှားတွေ အကြိမ်ကြိမ် အခါခါ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သမိုင်း သင်ခန်းစာများမှာ အမှားတွေ အကြိမ်ကြိမ် အခါခါ



မြန်မာပြည်မှာ အစိုးရအဆက်ဆက် အဂတိလိုက်စားမှု၊ အကျင့်ပျက်ခြစားမှု ပြဿနာက ဆိုးရွားလွန်းတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ တပ်မတော်အစိုးရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်မှာ အကျင့်ပျက်ခြစားမှု ပြဿနာဟာ ဆိုးရွာလာတယ်လို့ တချို့သော သုံးသပ်သူတွေက ပြောကြတယ်။ စာရေးသူရဲ့ အရွယ်အားဖြင့် သိမီတဲ့ အစိုးရလို့ ပြောရင်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်တဲ့ အစိုးရ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အာဏာရခဲ့တဲ့ သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်တဲ့အစိုးရ၊ နောက်တော့ တပ်မတော်ခေါင်းဆောင်များကို အချိန်နဲ့အမျှ ဝေဖန်အပုပ်ချ စော်ကားနေတဲ့ NLD ပါတီ အာဏာရတဲ့ ကာလ အစိုးရအဆက်ဆက်မှ အဂတိလိုက်စားမှု တစနည်းအားဖြင့် အကျင့်ပျက်ခြစားမှု ပြဿနာဟာ ဆိုးရွားလာခဲ့တယ်။


ပြည်ပသြဇာခံ NLD ပါတီဟာ တပ်မတော်အစိုးရလက်ထက်၊ ပြည်ခိုင်ဖြိုးပါတီ အစိုးရတာဝန်ယူတဲ့ ကာလတွေမှာ အဂတိလိုက်စားမှု (အကျင့်ပျက်ခြစားမှု)နဲ့ ပတ်သက်လို့ မထောက်အညှာပြောခဲ့တဲ့ အဖွဲ့အစည်းဖြစ်တယ်။ အဲဒီလို ထောက်ပြဝေဖန်ခဲ့တဲ့ ပါတီ အာဏာရသွားရင်ဖြင့် အဂတိလိုက်စားမှုတွေတော့ လျော့ပါးသွားလိမ့်မယ်လို့ ထင်ခဲ့မိတယ်။ အပြောက ရွှေမန်း၊ အက ကတော့ ချိုမိုင်မိုင် ဆိုသလို ပါးစပ်က ပြောလိုက်ရင်ဖြင့် ပြည်သူလူထုအကျိုးအတွက်၊ ပြည်သူလူထုကို နေ့ချင်းညချင်းပဲ တဲထဲကနေ တိုက်ပေါ်တင်ပေးတော့မှာလိုလို မက်လုံးပေးသိမ်းသွင်းခဲ့တဲ့ NLD ပါတီ ဦးဆောင်သူများဟာ တိုင်းရေးပြည်ရာကို စီမံခန့်ခွဲခွင့် ရလာတဲ့အခါ ပြည်သူအများ လေးစားရပါတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်က စပြီး သမ္မတတာဝန်ယူခဲ့တဲ့ ဝင်းမြင့်၊ ဝန်ကြီးဌာနတွေမှာ ပြည်ထောင်စုဝန်ကြီးတာဝန်ယူခဲ့ကြသူတွေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ ဝန်ကြီးချုပ်တာဝန်ယူခဲ့ကြသူ အားလုံးဟာ အဂတိလိုက်စားတယ်။ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်ကို အရေးယူပြပြီး ပုပ်လို့ ကြွေတဲ့အသီးအတွက် အပင်မှာ တာဝန်မရှိတို့ ဘာတို့ ပေါက်ပန်းစေ ထပြောကြသေးတယ်။


အာဏာအလွဲသုံးစားလုပ်ကြီး ကိုယ်ကျိုးရှာခဲ့သူတွေဟာ ရွေးကောက်ပွဲကာလရောက်တော့ အာဏာသက်ဆိုးရှည်ဖို့ မဲလိမ် မဲခိုးမှုတွေ လုပ်ဆောင်လာကြပြန်တယ်။ NLD ဦးဆောင်သူတွေဟာ ပြည်သူကို လထူတွေလို သဘောထားတာမျိုး တွေ့လာရတယ်။ လူပိန်းကြိုက် စကားလုံးတွေနဲ့ မက်လုံးပေးပြီး တစ်ဖက်မှာတော့ အဂတိလိုက်စားပြီး ကိုယ်ကျိုးရှာတယ်။ မဲလိမ် မဲခိုးပြီး အချုပ်အခြာအာဏာကို ရယူဖို့ကြိုးစားတယ်။ 


လက်ရှိ နစကအစိုးရဟာ အဲဒီလို လူယုတ်မာတွေကို ဖယ်ရှားပြီး အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူပြီး တာဝန်ယူဆောင်ရွက်နေရတဲ့ ကာလဖြစ်တယ်။ ဒီထက်ကောင်းတဲ့ သင်ခန်းစာတော့ မရှိတော့ဘူး။ ဆရာမကြီးတစ်ယောက်က ပြောဖူးတယ်။ သမိုင်း သင်တယ်ဆိုတာ အတိတ်ကမှားခဲ့တဲ့ အမှားတွေကို သင်ခန်းစာယူပြီး အဲဒီလို မဖြစ်စေဖို့ ဆိုတဲ့ စကားလေးကို သဘောကျမိတယ်။ လက်ရှိအစိုးရကာလဟာ အတိတ်ကို အဝေးကြီး ပြန်လှန်ကြည့်စရာမလိုဘဲ သင်ခန်းစာ ယူလို့ ရတဲ့ ကာလဖြစ်ပါတယ်။


နစကအစိုးရဟာ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရမဟုတ်သလို ပြည်သူလူထုကို မဟုတ်တန်းတရား လုပ်ကြံဖန်တီး ပြောဆိုတာမျိုးတွေလည်း မရှိပါဘူး။ အဓိကအားဖြင့် တိုင်းပြည်မှာ ပျက်ယွင်းခဲ့တဲ့ အခြေအနေအရပ်ရပ်ကို ပြန်လည် တည့်မတ်နိုင်ဖို့ အကောင်းဆုံး ကြိုးစားနေတယ်လို့ပဲ မြင်တွေ့မိတယ်။ ဒီလို လုပ်ဆောင်ရာမှာ ပြည်သူများအနေနဲ့လည်း မိမိတို့တတ်စွမ်းရာဘက်က ဆောင်ရွက်ကြဖို့ နိုင်ငံတော်အကြီးအကဲများက ဖိတ်ခေါ်ပါတယ်။

သို့ပေသော် ကျွန်တော်တို့ တိုင်းပြည်မှာက ရာထူးအာဏာရလာပြီဆိုတာနဲ့ ကိုယ်ကျိုးရှာဖို့ကိုသာ စိတ်အားထက်သန် ဖြစ်နေတဲ့ သူတွေကလည်း အတိတ်ကအမှားတွေအပေါ် သင်ခန်းစာ ယူရကောင်းမှန်း မသိဘူး။ သူတို့ကို ဒီနေရာ၊ ဒီတာဝန် ကို ပေးလိုက်တာကိုပဲ အဂတိလိုက်စားဖို့ အခွင့်အရေးပေးလိုက်သလို သဘောထားပြီး ကိုယ်ကျိုးရှာကြတယ်။ အစိုးရယန္တရားမှာ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်၊ ခရိုင်/မြို့နယ်အဆင့်၊ ရပ်ကျေးအဆင့်အထိ ကိုယ်ကျိုးရှာလိုမှုက ရှေ့တန်းရောက်လာတဲ့အခါကြတော့ အစိုးရအဆက်ဆက်အပေါ် ပြည်သူလူထုက ယုံကြည်မှု မရှိတော့ဘူးပေါ့ဗျာ။ 


အဂတိလိုက်စားမှု သံသရာထဲက ရုန်းမထွက်နိုင်တဲ့ အခြေအနေနဲ့ ပတ်သက်လို့ သုံးသပ်တဲ့အခါ အဂတိလိုက်စားမှုပြဿနာဟာ အောက်ကနေ အထက်ကို ဆန်တက်နေတာ မဟုတ်ဘူး။ အထက်ကနေ အောက်ကို စီးမျောလာခြင်းပဲ ဖြစ်ပါတယ်။ ပြည်ထောင်စုအဆင့် တာဝန်ထမ်းဆောင်တဲ့ ပုဂ္ဂိုလ်ကြီးများရဲ့ အနေအထားဟာ နည်းတဲ့ အဆင့်လားဗျာ။ သူတို့ ရာထူးအဆင့်အတန်းနဲ့ ကိုက်ညီမယ့် အဆောင်အယောင်တွေလည်း နိုင်ငံတော်က စီစဉ်ပေးထားပြီးသားပဲ။ သို့ပေသော် ရောင့်ရဲကျေနပ်တင်းတိမ်မှု မရှိလို့ အဂတိလိုက်စားတယ်လို့ ဆိုရမှာပေါ့ဗျာ။ ကျွန်တော်တို့က အောက်ခြေအဆင့်က ပုဂ္ဂိုလ်တွေ ပြည်သူများထံက ငါးထောင်၊ တစ်သောင်း၊ ငါးသောင်း၊ တစ်သိန်းလောက် အာဏာအလွဲသုံးစားလုပ်ပြီး ငွေညှစ်ရင် တော်တော်အမြင်ကပ်နေကြပြီ။ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များက သိန်းပေါင်းထောင်ချီ၊ သောင်းချီ အာဏာအလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာနေကြတာကို ကျွန်တော်တို့ မသိနိုင်ဘူး။ နိုင်ငံတော်အကြီးအကဲများက စိစစ်အရေးယူတော့မှသာ ကျွန်တော်တို့ သိရတဲ့ အနေအထားဖြစ်ပါတယ်။


၂၀၂၃ခုနှစ်၊ အောက်တိုဘာ ၁၀ရက်နေ့က ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း) မိုးမြင့်ထွန်းနှင့် ဗိုလ်မှူးချုပ်(ဟောင်း) ရန်နောင်စိုးတို့အား စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ပြီး ပြစ်ဒဏ်အသီးသီးချမှတ်လိုက်တဲ့ အခြေအနေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်ပါတယ်။ 


ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း) မိုးမြင့်ထွန်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံခြားသုံးငွေကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေးဗဟိုကော်မတီဥက္ကဋ္ဌ တာဝန်များကိုထမ်းဆောင်စဉ်အတွင်း နိုင်ငံတော်၏နိုင်ငံခြားသုံးငွေဆိုင်ရာမူဝါဒ၊ အရေးကြီးကုန်စည်ဆိုင်ရာမူဝါဒနှင့် အခြားစီးပွားရေးဆိုင်ရာမူဝါဒများနှင့်ဆန့်ကျင်၍ ပုဂ္ဂိုလ်ရေးအကျိုးအမြတ်ရယူဆောင်ရွက်ခဲ့ခြင်းဖြင့် နိုင်ငံတော်ကချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များနှင့်ဦးတည်ချက်များကို သွေဖည်ဆောင်ရွက်၍ နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကိုကျူးလွန်ခဲ့ခြင်း၊ နိုင်ငံတော်အစိုးရက စားအုန်းဆီများကိုတင်သွင်းရန် သတ်မှတ်ရာခိုင်နှုန်းအတွက် ကျသင့်ဒေါ်လာများအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ရည်ညွှန်းဈေးနှုန်းဖြင့်ရောင်းချပေးကာ တင်သွင်းစေခဲ့သော်လည်း နိုင်ငံတော်အစိုးရကခွင့်ပြုရောင်းချရန်သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းထက် ဈေးတင်ရောင်းချခြင်းကိုသိလျက် အရေးယူဆောင်ရွက်ရန် ပျက်ကွက်ခြင်း၊ ပတ်သက်ဆောင်ရွက်ခြင်း၊ ကုမ္ပဏီများကပေးအပ်သည့် တံစိုးလက်ဆောင်ပစ္စည်းများကို ရာထူးလုပ်ပိုင်ခွင့်ကိုအသုံးပြု၍ ရယူဆောင်ရွက်ခဲ့ခြင်း၊ နိုင်ငံခြားသုံးငွေများကို တရားမဝင်လက်ဝယ်ထားရှိခြင်း၊ စစ်စည်းကမ်းဆိုင်ရာညွှန်ကြားချက်များကိုဖောက်ဖျက်၍ အရပ်ဘက် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်းတို့ကို ကျူးလွန်ခဲ့သဖြင့် သက်ဆိုင်ရာဥပဒေပုဒ်မများဖြင့်စွဲချက်တင်ကာ စစ်တရားရုံးဖြင့်စစ်ဆေးစီရင်ပြီး နှစ်ဆယ်နှစ်ကာလနှင့်ညီမျှသော တစ်သက်တစ်ကျွန်းဒဏ်ကို ချမှတ်လိုက်တယ်။


ထို့အတူ ဗိုလ်မှူးချုပ်(ဟောင်း) ရန်နောင်စိုးသည် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေးဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး တာဝန်ထမ်းဆောင်စဉ် နိုင်ငံတော်၏စီးပွာရေးဆိုင်ရာမူဝါဒနှင့်ဆန့်ကျင်၍ ပုဂ္ဂိုလ်ရေးအကျိုးအမြတ်ရယူဆောင်ရွက်ခြင်း၊ နိုင်ငံခြားသုံးငွေဆိုင်ရာမူဝါဒ၊ အရေးကြီးကုန်စည်ဆိုင်ရာမူဝါဒနှင့် အခြားစီးပွားရေးဆိုင်ရာ မူဝါဒများနှင့်ဆန့်ကျင်ကာ နိုင်ငံတော်ရှေ့လုပ်ငန်းစဉ်များနှင့်ဦးတည်ချက်များကို သွေဖည်ဆောင်ရွက်၍ နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကို ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း) မိုးမြင့်ထွန်းနှင့်အတူ ပူးပေါင်းကျူးလွန်ခဲ့ခြင်း၊ ရာထူးလုပ်ပိုင်ခွင့်အားအသုံးပြု၍ စီးပွားရေးလုပ်ငန်းရှင်များအား နိုင်ငံခြားငွေနှင့်မြန်မာကျပ်ငွေများကို လဲလှယ်ပေးခဲ့ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များထံမှ နိုင်ငံခြားငွေနှင့်မြန်မာကျပ်ငွေများကို လက်ခံရယူခဲ့ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအား ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း) မိုးမြင့်ထွန်းနှင့် ဆက်သွယ်ဆောင်ရွက်ပေးခြင်း၊ နိုင်ငံခြားငွေများကိုတရားမဝင်လက်ဝယ်ထားရှိခြင်း၊ စစ်စည်းကမ်းဆိုင်ရာညွှန်ကြားချက်များကိုဖောက်ဖျက်၍ အရပ်ဘက်စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်းတို့ကိုကျူးလွန်ခဲ့သဖြင့် သက်ဆိုင်ရာဥပဒေပုဒ်မများဖြင့် စွဲချက်တင်ကာ စစ်တရားရုံးဖြင့်စစ်ဆေးစီရင်ပြီး နှစ်ဆယ်နှစ်ကာလနှင့်ညီမျှသော တစ်သက်တစ်ကျွန်းဒဏ်ကို ချမှတ်လိုက်တဲ့ အခြေအနေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်ပါတယ်။


တပ်မတော်ဦးဆောင်တဲ့ နစကအစိုးရအနေနဲ့က ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာ ဝိသမလောဘသားတွေလက်ထဲကနေ အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူပြီး တာဝန်ယူဆောင်ရွက်နေတဲ့ ကာလမှာ အာဏာအလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာနေတဲ့ ပုဂ္ဂိုလ်တွေကို မသိကျိုးကျွန်ပြုထားမယ်ဆိုရင် နောက်အစိုးရတက်လာတဲ့အခါ အစုလိုက် အပြုံလိုက် စိစစ်ဖော်ထုတ် အရေးယူခံရတဲ့ အခြေအနေမျိုး ကြုံရမှာပဲ။  အဂတိလိုက်စားမှုသံသရာမဆုံးနိုင်တော့ဘူးပေါ့ဗျာ။


နစကအစိုးရ အကြီးအကဲများအနေနဲ့ ကိုယ့်တပည့်တွေကို ယုံကြည်လို့ တာဝန်ပေးအပ်တယ်။ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို တလွဲအသုံးချပြီး အကျင့်ပျက်ခြစားမှု ကျူးလွန်လာတယ်ဆိုရင် အခုလို ထိန်းသိမ်းတယ်။ ဒါက ပုဂ္ဂိုလ်ရေးအရ ပေးတဲ့ ပြစ်ဒဏ်မဟုတ်ဘူး။ ဥပဒေရှုထောင်က ပြောရင် အဂတိလိုက်စားနေမှန်း သိပါလျက်နဲ့ အရေးမယူဘူးဆိုရင် အလိုတူ အလိုပါ (ကြံရာပါ)တွေ ဖြစ်ကုန်မှာပဲ။


ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း) မိုးမြင့်ထွန်းနှင့် ဗိုလ်မှူးချုပ်(ဟောင်း) ရန်နောင်စိုးတို့ ဆိုတာ အစိုးရအဖွဲ့အတွင်းမှာ အဓိကကျတဲ့ တာဝန်တွေ ပေးအပ်ခြင်းခံထားရသူများလို့တောင် ပြောလို့ရပါတယ်။ ဒီလို လူတွေကအစ ဖောက်ပြန်ရေးသမားတွေ ဖြစ်နေတယ်။ သူတို့ ၂ယောက်တည်းတော့ မဟုတ်ဘူး။ နစကအစိုးရ အကြီးအကဲများက ယုံကြည်လို့ တာဝန်အပ်နှင်းထားတဲ့ ပုဂ္ဂိုလ်များထဲမှာ ထိုနည်းတူစွာ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို တလွဲအသုံးချပြီး ကိုယ်ကျိုးရှာနေတာတွေ ရှိပါတယ်။ စိစစ်ဖော်ထုတ်သူများက မျက်နှာလွှဲထားသ၍တော့ အနေအစားချောင်ပါတယ်။ စိစစ်ဖော်ထုတ်တဲ့ လုပ်ငန်းစဉ်ဟာလည်း နာမည်ဆိုး တော်တော်လေး ထွက်လာမှ လုပ်တဲ့ အလုပ်ဖြစ်ပါတယ်။ 


ဘယ်လို ပြောရမလဲဆိုတော့ စိစစ်ဖော်ထုတ်ခြင်း မခံရသ၍တော့ ရာထူးအာဏာ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာကြပေါ့ကွာ။ စိစစ်ဖော်ထုတ် ဖမ်းဆီးခံရရင်လည်း ဥပဒေက ပေးအပ်တဲ့ ပြစ်ဒဏ်ကို ပျော်ပျော်ကြီးခံကြ။ ဖြစ်ပုံ ပျက်ပုံ အလုံးစုံကို ထောက်ရှုကြည့်လိုက်ရင် ရာထူးအာဏာ ရှိသူများက သမိုင်းသင်ခန်းစားများထဲက အမှားတွေကို ထောက်ရှုဆင်ခြင်ဖို့ အစီအစဉ်မရှိဘူး။ ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်ပြီး လမ်းမှားပေါ်လျှောက်ကြတယ်။ ဒါကြောင့်ပဲ သမိုင်းသင်ခန်းစာများမှာ အမှားတွေသာ များနေရခြင်း ဖြစ်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)