MNP ၊ အောက်တိုဘာ ၂၁
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယမန်နေ့က နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ရတနာပုံခန်းမ၌ တက္ကသိုလ်ကောလိပ် ဆရာ/ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၂၃) မှ သင်တန်းသားများအား နိုင်ငံတော်တည်ဆောက်ရေးနှင့် မီဒီယာ၏အခန်းကဏ္ဍဘာသာရပ် သင်ခန်းစာကို ဆွေးနွေးပို့ချရာ ပါမောက္ခချုပ်ဦးကျော်စိုး၊ ဒုတိယပါမောက္ခချုပ်များ၊ သင်ကြားရေးဌာနမှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများ တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပို့ချရာတွင် နိုင်ငံတော်၏ လက်ရှိ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဖြစ်ထွန်းတိုးတက်မှုအခြေအနေများ၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် အစိုးရ၏အားထုတ်ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများ၊ မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှုအခြေအနေများ၊ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့၊ စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားကျင်းပခဲ့ပုံများ၊ နိုင်ငံတော်အဆင့်အခမ်းအနားများနှင့် ပြပွဲ/ပြိုင်ပွဲ၊ ပွဲတော်များ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့မှုများ၊ ဆိုင်ကလုန်း မုန်တိုင်းမိုခါ တိုက်ခတ်ပြီးနောက် နိုင်ငံတော်အဆင့်ဦးဆောင်ပြီး ပြန်လည်ထူထောင်နိုင်ခဲ့မှု အခြေအနေများ၊ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား အောင်မြင်စွာကျင်းပဆောင်ရွက်ခဲ့မှုများ၊ သတင်းတု/သတင်းမှား တုံ့ပြန်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန၏ စီစဉ်ဆောင်ရွက်မှုများ၊ ပြည်တွင်းပြည်ပသတင်းမီဒီယာနှင့် ပတ်သက်သည့်အစည်းအဝေးနှင့် အခမ်းအနားများသို့ ပြန်ကြားရေးဝန်ကြီးဌာနက ပူးပေါင်းပါဝင်ဆောင်ရွက်မှုများ၊ မီဒီယာဆက်ဆံရေးနှင့် မီဒီယာဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ၊ သင်တန်းသားသင်တန်းသူများ အခြားသိသင့်သိထိုက်သည့် အကြောင်းအရာများကို ဆွေးနွေးဟောပြောပို့ချခဲ့သည်။
အဆိုပါသင်တန်းမှာ ရက်သတ္တ ၅ ပတ်ကြာဖွင့်လှစ်သည့် သင်တန်းဖြစ်ပြီး တက္ကသိုလ်ကောလိပ်များမှ ဆရာ ဆရာမ ၃၉၇ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
ညနေပိုင်းတွင် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန အထက်မြန်မာပြည် အစိုးရပုံနှိပ်စက်ရုံ (မန္တလေး) သို့ရောက်ရှိပြီး ဝန်ထမ်းများအား တွေဆုံမှာကြားသည်။
ထို့နောက် စက်ရုံအတွင်း ပုံနှိပ်ရေးလုပ်ငန်းများ၊ ထုတ်ဝေရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု၍ ပြည်ထောင်စုဝန်ကြီးက သာပေါင်းစက္ကူစက်ရုံမှ ယခုအခါ သတင်းစာစက္ကူကုန်ကြမ်းများကို နမူနာပေးပို့လာသဖြင့် သတင်းစာတိုက်တွင် စမ်းသပ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ နောင်တွင်ကျောင်းသုံးစက္ကူ 70 GSM အဆင်သို့ ရောက်ရှိလာပါက ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များကို ယခုထက် အရေအတွက်ပိုမိုရိုက်နှိပ်ပေးရန်ရှိသဖြင့် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန်လိုကြောင်း၊ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် ပုံနှိပ်လျက်ရှိသည့် သင်ရိုးညွှန်းတမ်းစာအုပ်များ အရည်အသွေးကောင်းမွန်စံချိန်မီရေး၊ အချိန်မီပြီးစီးရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရေးတို့နှင့်စပ်လျဉ်း၍ မှာကြားခဲ့သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment