National Database စနစ် တည်ဆောက်နိုင်ရေးအတွက် ဝန်ကြီးဌာနအလိုက် ဒစ်ဂျစ်တယ်စနစ် အောင်မြင်စွာကူးပြောင်းဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

National Database စနစ် တည်ဆောက်နိုင်ရေးအတွက် ဝန်ကြီးဌာနအလိုက် ဒစ်ဂျစ်တယ်စနစ် အောင်မြင်စွာကူးပြောင်းဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်


MNP ၊ အောက်တိုဘာ ၂၁

National Database စနစ် စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့က နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ National Database စနစ် တည်ဆောက်ရေး ဦးဆောင်ကော်မတီ အတွင်းရေးမှူး၊ e-ID စနစ် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဦးဆောင်ကော်မတီအဖွဲ့ဝင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ ဦးဆောင်ကော်မတီအဖွဲ့ဝင် တပ်မတော် (ကြည်း၊ ရေ၊ လေ) သတင်းနှင့် နည်းပညာဌာနဌာနမှူး ဗိုလ်မှူးချုပ် မြတ်မင်းဦး၊ ဝန်ကြီးဌာနများနှင့် အစိုးရအဖွဲ့ အစည်းအသီးသီးမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစီအစဉ်အရ National Database တည်ဆောက်ရေး ဦးဆောင်ကော်မတီ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က e-ID စနစ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွင် အဓိကကျသည့် လုပ်ငန်းစဉ် တစ်ခုဖြစ်ပြီး e-ID စနစ်ကို လုပ်ငန်းအဆင့် (၅) ဆင့်ဖြစ်သည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ NV ကတ် ကိုင်ဆောင်ထားသူ၊ မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့် (PR) ရရှိသူ၊ ပြည်တွင်း၌ အခွန်ဆောင်နေထိုင်သည့်နိုင်ငံခြားသား (FRC) ရရှိထားသူများ၏ ကိုယ်ရေးအချက်အလက်များအား Data-base System အတွင်းသို့ ထည့်သွင်းသည့်လုပ်ငန်း၊ ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်း၊ စိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်း၊ နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ကတ်အလွတ်များထုတ်လုပ်ခြင်းလုပ်ငန်း၊ ကတ်အလွတ်များတွင် အချက်အလက်များ ထည့်သွင်းခြင်းလုပ်ငန်း၊ e-ID စနစ်တစ်ခုလုံးအား ထိန်းချုပ်သည့်လုပ်ငန်း စသည့်အဆင့်များအလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

e-ID စနစ်သည် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များနှင့် ဇီဝဆိုင်ရာအချက်အလက်များကိုတွဲဖက်၍ Unique ID နံပါတ်ကို Random အနေဖြင့် ထုတ်ပေးခြင်းဖြစ်ပါကြောင်း၊ Biographic နှင့် Biometric Data များပေါင်းစပ်၍ ထုတ်ပေးခြင်းဖြစ်သည့်အတွက် နံပါတ်တစ်ခုတည်းကို လူနှစ်ယောက်ထုတ်ပေးမိခြင်း၊ လူတစ်ယောက်တည်းက ကတ်(၂)ကတ် ကိုင်ဆောင်ခြင်းများ ရှိနိုင်မည်မဟုတ်တော့ပါကြောင်း၊ e-ID နံပါတ်သည် နိုင်ငံအတွင်းနှင့် နိုင်ငံပြင်ပရှိ အမျိုးမျိုးသော အထောက်အထား စိစစ်ခြင်းလုပ်ငန်းများတွင် အချိန်နေရာမရွေး အထောက်အထား ခိုင်လုံစွာဖြင့် သက်သေခံနိုင်သည့်စနစ်ဖြစ်ပြီး ယာဉ်မောင်းလိုင်စင်၊ နိုင်ငံကူးလက်မှတ်၊ မဲလက်မှတ်၊ ဝန်ထမ်းကတ်၊ ဘဏ်ကတ် စသည့် အမျိုးမျိုးသော Functional ID များအတွက် Foundational ID အဖြစ် အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း၊ e-ID စနစ်ကို အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှသာ National Database စနစ်ကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည် ဖြစ်သည့်အတွက် ဝန်ကြီးဌာနအလိုက် ဒစ်ဂျစ်တယ်စနစ် အောင်မြင်စွာ ကူးပြောင်းဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ဦးဆောင်ကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်က e-Government နှင့် National Database စနစ် အထောက်အကူပြုနိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်မှုနှင့် ဝန်ကြီးဌာနမှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ဦးဆောင်ကော်မတီအဖွဲ့ဝင် တပ်မတော် (ကြည်း၊ ရေ၊ လေ) သတင်းနှင့် နည်းပညာဌာနဌာနမှူး ဗိုလ်မှူးချုပ် မြတ်မင်းဦးက National Database စနစ် တည်ဆောက်ထားရှိမှု၊ ဝန်ကြီးဌာနများရှိ Database များနှင့် ချိတ်ဆက်ဆောင်ရွက်မည့် အစီအစဉ်၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေနှင့် ဝန်ကြီးဌာနများအလိုက် ဆောင်ရွက်ထားရှိရမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်နှင့် ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်းတို့က National Database စနစ်တည်ဆောက်ရေး လုပ်ငန်းကော်မတီ ဖွဲ့စည်းနိုင်ရေးအတွက် ကော်မတီ၏ တာဝန်ဝတ္တရားများ၊ အဆိုပြုဖွဲ့စည်းပုံနှင့် အကြံပြုလိုသည့် အချက်အလက်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားကြသည်။

ယင်းနောက် ဦးဆောင်ကော်မတီ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ ဆွေးနွေးပွဲကိုရုပ်သိမ်းလိုက်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)