မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် ကျောက်ပန်းတောင်းမြို့နယ်တွင် ဖွင့်လှစ်ထားရှိသည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းနှင့် မြို့နယ်ခန်းမ တည်ဆောက်နေမှုအခြေအနေများအား စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် ကျောက်ပန်းတောင်းမြို့နယ်တွင် ဖွင့်လှစ်ထားရှိသည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းနှင့် မြို့နယ်ခန်းမ တည်ဆောက်နေမှုအခြေအနေများအား စစ်ဆေး







MNP ၊ အောက်တိုဘာ  ၁၇

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်စိန်လွင်နှင့်တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက ကျောက်ပန်းတောင်းမြို့နယ်၊ လက်ပံပျားကျေးရွာ အထက်တန်းကျောင်းတွင် တွဲဖက်ဖွင့်လှစ်ထားသည့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းသို့ ရောက်ရှိလာရာ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။


တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းတွင် ထပ်မံ ဆောက်လုပ်လျက်ရှိသည့် ၁၇၄ ပေ×၃၂ ပေ ရှိ သုံးထပ်ကျောင်းဆောင် ဆောက်လုပ်နေမှုနှင့် ကျောင်းသား/ကျောင်းသူများ၏ သီးနှံစိုက်ပျိုး ထုတ်လုပ်ရေး သရုပ်ပြစိုက်ခင်းများကို ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းတွင် တက်ရောက်နေကြသည့် ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းခန်းမဆောင်တွင် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ကျောင်းသား/ကျောင်းသူလေးများ၏ ပညာသင်ကြားရေးနှင့် ပတ်သက်သည့် အခက်အခဲများ၊ လိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကျောင်းခန်းမတွင် ဆရာ/ဆရာများနှင့် ရပ်မိရပ်ဖများအား တွေ့ဆုံ၍ ကျောင်း၏လိုအပ်ချက်များကို မေးမြန်းဆွေးနွေးပြီး နိုင်ငံတော်၏ လက်ရှိ ဆောင်ရွက်နေမှုလုပ်ငန်းများနှင့် ပတ်သက်၍ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကျောင်းဝန်းအတွင်း ဖြတ်သန်းစီးဆင်းနေသည့် မြေသားရေမြောင်းအား အုတ်စီရေမြောင်း ဖောက်လုပ်နိုင်ရေးကြည့်ရှုစစ်ဆေးခဲ့သည်။


အဆိုပါ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး စက်မှုသင်တန်းတွင် ကျား ၃၃ ဦး၊ မ ၁၁ ဦး၊ စုစုပေါင်း ၄၄ ဦး၊ စိုက်ပျိုးရေးတွင် ကျား ၆ ဦး၊ မ ၄ ဦး၊ စုစုပေါင်း ၁၀ ဦး၊ မွေးမြူရေးတွင် ကျား ၆ ဦး၊ မ ၅ ဦး၊ ပေါင်း ၁၁ ဦး၊ စုစုပေါင်း ၆၅ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်းသိရသည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မွန်းလွဲ(၃:၁၅)နာရီတွင် ကျောက်ပန်းတောင်းမြို့ မြို့မတောင်ရပ်ကွက်ရှိ ပန်းသီတာ ဥယျာဉ်အတွင်း တည်ဆောက်လျက်ရှိသည့် ပေ ၁၂၀ × ပေ ၈၀ ရှိ မြို့နယ်ခန်းမတည်ဆောက်ရေး လုပ်ငန်းခွင်သို့ရောက်ရှိရာ မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုကြပြီး မြို့နယ်ခန်းမတည်ဆောက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမင်းအောင်မြင့်စိုးနှင့် မန်းမြင့်မိုရ်ဟိန်းကုမ္ပဏီမန်းနေဂျင်း ဒါရိုက်တာဦးခင်မောင်ထွေးတို့က ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်းလှည့်လည် ကြည့်ရှုစစ်ဆေးကြပြီး တည်ဆောက်မှုလုပ်ငန်းများ စံချိန်စံညွှန်း ပြည့်မီရေးနှင့် သတ်မှတ်အချိန် ကာလအတွင်းပြီးစီးရေး ဆွေးနွေးမှာကြားခဲ့ကြောင်းသိရသည်။


နေအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)