MNP ၊ အောက်တိုဘာ ၂၁
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ ပြည်နယ်အတွင်းရှိ မြို့များ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပလာစေရေး စီမံချက်များရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးကို ယနေ့ နံနက် ၇ နာရီက မြစ်ကြီးနားမြို့ ကုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံဝင်းအတွင်း စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က ပြည်သူ့ဆေးရုံဝင်းအတွင်း အရိုးကုသ ဆောင်ဟောင်းရှေ့ မြေကွက်လပ်၊ သားဖွားမီးယပ်ဆောင်နှင့် အချုပ်သားကုသဆောင် ပတ်ဝန်းကျင်တို့တွင် ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်နှင့် ကျောက်ခဲများ ကောက်ယူစွန့်ပစ်ခြင်း၊ မြေကျင်းများ ဖို့ပေးခြင်း၊ မြက်ရိတ်ခြင်း၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေး ရှင်းလင်းဆောင်ရွက်ပေးခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က အဆိုပါ မြေကွက်လပ်တွင် မြေယာရှုခင်းပြုပြင် ပန်းနှမ်း(သို့မဟုတ်) အလှပန်းပင်များ စိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအုပ်စုအတွင်းရှိ ဧရာဝတီမြစ်ကမ်းဘေး ရွှေမိုးတောင်ပေါ်တွင် ၂၀၁၈ ခုနှစ်က တည်ထားကိုးကွယ်ခဲ့သော ရဟန္တာ တစ်ထောင်ရှင်ပင်မြတ်စွာ ဆုတောင်းပြည့်ရွှေမိုးတောင်စေတီတော်မြတ်ကြီးအား ထပ်မံပြန်လည်၍ ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးဆရာတော်ကြီးများထံမှသြဝါဒခံယူပွဲနှင့် ပထအကြိမ်အလှူတော်ငွေ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အဆိုပါ အခမ်းအနားကို ပြည်နယ်သံဃနာယကအဖွဲ့ဝင်၊ ဝိုင်းမော်မြို့နယ်အင်းလေးကျောင်း တိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဓမ္မနန္ဒ အမှူးပြုသော ဆရာတော်အရှင်သူမြတ်တို့ထံမှ တက်ရောက်လာသူများက ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များ ရွတ် ပွား သရဇ္ဇျယ်ချီးမြှင့်တော်မူသော မေတ္တာသုတ်အစရှိသည့် ပရိတ်တရားတော်များ နာယူကြည်ညိုကြ ကာ စေတီတော်ကြီး ရွှေသင်္ကန်းကပ်လှူရေးနှင့်ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင် ဦးစီးကော်မတီ ဥက္ကဋ္ဌ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် စေတီတော်ကြီး ရွှေသား/ရွှေစင်၊ ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး ပထမအကြိမ်အဖြစ် အလှူငွေဆက်ကပ်လှူဒါန်းကြရာ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများမှ အလှူငွေ ကျပ်သိန်း ၃၀၀၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တပ်ရင်းတပ်ဖွဲ့မိသားစုများမှ ငွေကျပ် သိန်း ၅၀၀ ကျော်အပါအဝင် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ စေတနာ့အလှူရှင်များက စုပေါင်းလှူဒါန်းသည့် ငွေကျပ်သိန်း ၁၇၆၀ ကျော်ကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့ကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး သံဃာတော်ရှင်သူမြတ်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတီတော်ကြီး ရွှေသင်္ကန်းကပ်လှူနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က စေတီတော် အထွဋ်တင်လှူပူဇော်ထားသည့် စိန်ဖူးတော်၊ ငှက်မျက်နားတော်တို့အား ရှင်းလင်းဆောင်၌ ယာယီပူဇော်ထားရှိရေး ပင့်ဆောင်ပေးခဲ့ကြသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment