MNP ၊ အောက်တိုဘာ ၄
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ပြီး လူငယ် ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ ညနေ ၂ နာရီခွဲက အခြေခံပညာ အထက်တန်း(မြို့မ)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲတွင် အခြေခံပညာအထက်တန်းကျောင်းအုပ် ဆရာကြီး ဦးခိုင်မင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးတန်ရာက "လူငယ်နှင့် မူးယစ်ဆေး" ခေါင်းစဉ်ဖြင့် မူးယစ်ဆေးဝါးဆိုင်ရာ ဆိုးကျိုးများ၊ အိမ်ထောင်စုတစ်ခုတွင် မူးယစ် ဆေးဝါးသုံးစွဲသူရှိပါက မိမိတို့အိမ်၊ မိမိတို့ရပ်ကွက်/ကျေးရွာ၊ မိမိတို့မြို့နယ်အနေဖြင့် လုံခြုံမှုရရှိမည်မဟုတ်ကြောင်း၊ လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးကို စူးစမ်းချင်စိတ်ဖြင့်ဖြစ်စေ မသုံးမိစေရန် ရှင်းလင်းဟောပြောသည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မျိုးမြင့်က "လူငယ်နှင့် အားကစား" ခေါင်းစဉ်ဖြင့် အားကစားသည် နိုင်ငံနှင့် လူမျိုးအတွက် ကိုယ်စားပြုကြောင်း၊ ပညာရပ်အသီးသီးများ၌ ပညာရှင်များစွာ ပေါ်ထွက်နိုင်သော်လည်း ထူးချွန်သောအားကစား သမားကောင်း တစ်ဦးပေါ်ထွက်ရန် ခက်ခဲကြောင်းနှင့် အားကစားသမားကောင်းများပေါ်ထွက်နိုင်ရေးအတွက် နိုင်ငံတကာမှ ကြိုးစားလုပ်ဆောင်နေမှုများ အကြောင်းကို အကျယ်တဝင့်ဆွေးနွေး ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးပြောကြားခဲ့ ကြောင်း သိရသည်။
ဧပရယ်မိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment