MNP ၊ အောက်တိုဘာ ၂၀
သီတင်းကျွတ်မီးထွန်းပွဲတော်သည် မြန်မာလူမျိုးဗုဒ္ဓဘာသာဝင်များအတွက် သင်္ကြန်ပွဲတော်ပြီးလျှင် ဒုတိယမြောက်အစည်ကားဆုံး ကျင်းပခဲ့သောပွဲတော်ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်များအတွက် စိတ်အားထက်သန်စွာဖြင့် ကျင်းပလေ့ရှိသော ရိုးရာပွဲတော်များအနက်တစ်ခုပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် သီတင်းကျွတ်မီးထွန်းပွဲတော်ကို နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိပြီး သီတင်းကျွတ်လပြည့်မတိုင်မီ တစ်ရက်၊ သီတင်းကျွတ်လပြည့်နေ့နှင့် သီတင်းကျွတ်လပြည့်ကျော်တစ်ရက်ဟူ၍ သုံးရက်တိုင်တိုင် ကျင်းပဆင်နွှဲလေ့ ရှိပါသည်။ ၂၀၂၃ ခုနှစ်အတွက် အောက်တိုဘာလ ၂၉ ရက်နေ့သည် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ပင် ဖြစ်ပါသည်။
သီတင်းကျွတ်ပွဲတော်ပေါ်ပေါက်လာပုံတွင် ဂေါတမမြတ်စွာဘုရားသည် မယ်တော်ဖြစ်ခဲ့ဖူးသူ အမိဂေါတမိ (သန္တုနတ်သား) အားမွေးကျေးဇူးဆပ်သောအားဖြင့် တာဝတိံသာ နတ်ပြည်တွင် မယ်တော်မိနတ်သား အပါအဝင် နတ်၊ ဗြဟ္မာအပေါင်းတို့ကို တစ်နေ့နှင့်တစ်ရက် (လူ့သက်တမ်း၌ဝါတွင်းသုံးလပတ်လုံး)အဘိဓမ္မာတရားတော်ကို နေ့ညမစဲ တရားဒေသနာတော် ဟောတော်မူခဲ့သည်။ သီတင်းကျွတ်လပြည့်နေ့သည်တရားစခန်းသိမ်းသောနေ့ဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရားရှင်သည် အဘိဓမ္မာ တရားဒေသနာတော်ကို ဟောကြားတော်မူခဲ့ပြီး တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ သီတင်းကျွတ်လပြည့်နေ့တွင် ဆင်းသက်တော်မူခဲ့သဖြင့် ထူးမြတ်သောနေ့ အဖြစ်သတ်မှတ်ခဲ့ကြသည်။ ထိုသို့ မြတ်စွာဘုရားရှင်နတ်ပြည်မှလူ့ပြည်သို့ ပြန်လည်ဆင်းသက်ကြွချီတော်မူသည့်အတွက် လူ့ပြည်မှမင်းနှင့်တကွ လူထုပရိသတ်အပေါင်းတို့ကဆီမီးနံ့သာများဖြင့် ထွန်းညှိပူဇော်ကြိုဆို ခဲ့ကြသည်။
ဘုရားရှင်ဆင်းသက်ကြွမြန်းလာသည်ကိုရည်စူးပြီး ဘုရားရှင်အား ပူဇော်သောအားဖြင့် ဆီမီးထွန်းကာမီးထွန်းပွဲကျင်းပသော အစဉ်အလာသည် ရှေးဘိုးဘေးဘီဘင်များ လက်ထက်ကတည်းပင် ရှိခဲ့ပါသည်။ နှစ်စဉ်နှစ်တိုင်း မြတ်စွာဘုရားရှင်ကိုရည်စူး၍ သီတင်းကျွတ်မီးထွန်း ပွဲတော်အဖြစ်ကျင်းပလာခဲ့သည်မှာ ယနေ့ထိတိုင်ပင်ဖြစ်သည်။ မြတ်စွာဘုရားရှင်သည်အဘိဓမ္မာ ခုနှစ်ကျမ်းကိုဟောကြားတော်မူပြီးနောက် သီတင်းကျွတ် လပြည့်နေ့တွင်လူပြည်သို့ သက်ဆင်းတော်မူသည်ကိုအကြောင်း ပြုလျက်ထိုနေ့ကို “အဘိဓမ္မာအခါတော်နေ့” ဟု သမုတ်ကာအဘိဓမ္မာရွတ်ဖတ်သရဇ္ဇယ်ပူဇော်ပွဲများကိုလည်း ကျင်းပသည်။
သီတင်းကျွတ်လပြည့်နေ့တွင် မိမိတို့ထက်ကြီးမြင့်သော သက်ကြီးရွယ်အိုများ၊ မိဘ ဘိုးဘွား၊ ဆရာသမားများကို အပြစ်မှခွင့်လွှတ်စေကြောင်း ဝန်ချ၍ကန်တော့ကြသည်မှာ ချစ်စရာ့မြန်မာ့ယဉ်ကျေးမှု အစဉ်အလာ သီတင်းကျွတ်ပွဲတော်၏ အနှစ်သာရပင်ဖြစ်သည်။ ကလေးငယ်များက လည်းမီးရှူးမီးပန်းများ ပစ်ဖောက်ကစားကြသည်။ အချို့ရပ်ကွက်/ကျေးရွာများ တွင်နိဗ္ဗာန်ဈေး များဖွင့်လှစ်ကာလာလာသမျှလူတို့ကို အယုတ်၊ အလတ်၊ အမြတ်မရွေး စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေး လှူဒါန်းကြသည်။ သီတင်းကျွတ်အချိန်အခါသမယတွင် မြန်မာနိုင်ငံအနှံ့အပြားပွဲတော်များ ပြုလုပ်ကြလေ့ရှိသည်။ မိုးလေကင်းပြီး သီတင်းကျွတ်ပြီဆိုသည်နှင့် မြန်မာနိုင်ငံတွင် ဒေသအလိုက် ရိုးရာအစဉ်အလာပွဲတော်များ ကျင်းပကြမြဲဖြစ်သည်။ သီတင်းကျွတ်ကာလနှင့်အတူတနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့တွင်ထင်ရှားသော ပွဲတော်တစ်ခုဖြစ်သည့် သီတင်းကျွတ်လရောက် တိုင်းရှင်ဥပဂုတ္တမထေရ်မြတ်ကို ရည်စူးပြီး သပိတ်မျှောပွဲတော်ကိုကျင်းပလေ့ရှိသည်။
သပိတ်မျှောပွဲတော်ကို ထားဝယ်မြို့တွင် နှစ်စဉ်နှစ်တိုင်း ကျင်းပသည်မှာ တစ်မူထူးခြားသည့် ပွဲတော်တစ်ခုပင်ဖြစ်သည်။ သပိတ်အိုးထဲတွင် ဆွမ်း၊ အသီးအနှံ၊ ရေ၊ ငွေစက္ကူ၊ တံခွန်တိုင်၊ ဖယောင်းတိုင် အစရှိသည်တို့ကို ထည့်သွင်းထားသည်။
ထားဝယ်မြို့သူမြို့သားများသည် သီတင်းကျွတ်လပြည့်နေ့မတိုင်ခင် တစ်ရက်အလိုတွင် ပြင်ဆင်အလှူခံထားသည့် သပိတ်အိုးကြီးများဖြင့် မြို့တွင်း လှည့်လည် အလှူခံထွက်လေ့ရှိပြီး အလှူခံထွက်စဉ် အိုးစည်ဒိုးပတ်တေး သရုပ်ဖော်အက အလှများဖြင့်ကပြဖျော်ဖြေကြသည်။ ညလုံးပေါက်အလှူခံပြီး နံနက်မိုးသောက်သောအခါ အသင့်ယူဆောင်လာသော သပိတ် အိုးလေးများကို မီးပွင့်လေးတွေနှင့်အတူ သတ်မှတ်ထားသောနေရာတွင် ထားဝယ်မြစ်ချောင်း အတွင်းသို့ ရေမျှော ကုသိုလ်ယူကြသည်။ သပိတ်မျှောမည့်သူများအနေဖြင့်လည်း သပိတ်များကို ကိုယ်စီကိုင်ကာ တိုးဝှေ့သွားရန်မလိုဘဲ စည်းကမ်းရှိစွာ သွားလာနိုင်ပြီးဝါးရာဇမတ်ကာထားသည့် ဝင်္ကဘာပတ်လမ်းကတစ်ဆင့်မြစ်ကမ်းနဘေးတွင် စနစ်တကျသပိတ်မျှောကြခြင်းဖြစ်သည်။
ဝင်္ကဘာဟူသည် အကွေ့အကောက်ပေါင်းများစွာနှင့် ရာဇမတ်ကာသဲဖြူခင်း၍ အလယ်ဗဟိုတွင်ဘုရား သို့မဟုတ် အရှင်ဥပဂုတ္တအရှင်မြတ်ထား၍ ပူဇော်ကြခြင်းပင်ဖြစ်ပါသည်။ ထားဝယ်တိုင်းရင်းသားတို့၏ ရိုးရာဓလေ့အရဝါတွင်းကာလ ဥပုတ်နေ့အခါကြီးရက်ကြီးများ ရှင်မလဲဇာတ်တော်ရွတ်ဖတ်ခြင်း (ထားဝယ်အခေါ်) စာတွဲဖတ်ခြင်းတို့ကို ပြုလုပ်၍ တော်သလင်းလပြည့်နေ့မှ သီတင်းကျွတ်လပြည့်နေ့အထိ တစ်လတာအတောအတွင်း အရှင်ဥပဂုတ္တအရှင်မြတ်အားပူဇော်လေ့ ရှိပါသည်။ ဝါတွင်းကာလ၏ နောက်ဆုံးရက်များ ဖြစ်ကြသော သီတင်းကျွတ်လဆန်း ၁၃ ရက်နေ့မှ လပြည့်နေ့အထိ ၃ ရက်ကို သီတင်းကျွတ်ဆီမီးပူဇော်ကာလ ထားဝယ်အခေါ်(ဒန်းကျွတ်၊ဝါကျွတ်) ကာလဟု ခေါ်ဆိုကျင်းပလေ့ရှိပါသည်။ တစ်လလောက်ကြာအောင် ပူဇော်ကိုးကွယ်ခဲ့သော ရှင်ဥပဂုတ္တအား ရေမမျှော်ခင်ရာဇမတ်ကာရံ၍ ဘုရားစေတီများ အရှေ့တွင် ရှင်မလဲဖတ်ပွဲ (စာတွဲဖတ်ပွဲ) ရဲ့ အဓိကဇာတ်တော်တစ်ခုဖြစ်သော ဝေဿန္တရာဇာတ်တော်အလာ ဝင်္ကဘာတောင်ကို အစွဲပြု၍ ရာဇမတ်ကာသဲဖြူခင်း၍ ရှင်ဥပဂုတ္တကျောင်းဆောင်ကို အလယ်မှာ ထားပြီး ရာဇာမတ်များကို ပတ်လမ်းဖြင့် လမ်းမှန်၊ လမ်းမှားများပြုလုပ်ပြီးလျှင် ဝင်ရောက်ဖူးမြော်စေသောပွဲတော်ကို ကျင်းပခဲ့ကြသည်။ ထိုပွဲကို ဝင်္ကဘာပွဲဟုခေါ်ဆိုကြပါသည်။
သီတင်းကျွတ်ဆီမီးထွန်းပွဲတော်ကို သုံးရက်သုံးညပူဇော်ကြပြီး သီတင်းကျွတ်လဆန်း (၁၃)ရက်နေ့ညမှာ ပွဲတော်သို့ လာ ရောက်သူတိုင်းအခမဲ့စားသုံးနိုင်သော နိဗ္ဗာန်ဈေးပွဲတော် ကျင်းပခြင်းနှင့် (၁၄)ရက်နေ့မွန်းလွဲပိုင်းတွင် အရှင်ဥပဂုတ္တအရှင်မြတ်ကို သင်္ကန်းပရိက္ခရာအစုံထည့်၍ ဖောင်ဖြင့်ထားဝယ်မြစ်ထဲမျှောလေ့ရှိကြသည်။ ညပိုင်းတွင်နိဗ္ဗာန်ဈေးပွဲတော်နှင့် ဝင်္ကပါအတွင်းကျန်ရှိနေသောဘုရားအား ဆီမီးပူဇော်ခဲ့ကြသည်။ လပြည့်နေ့ မနက်အာရုံတက်ချိန် တစ်လပတ်လုံး အရှင်ဥပဂုတ္တအရှင်မြတ်အား ဆွမ်းကပ်ပူဇော်နေကြသော ရပ်ကွက်/ကျေးရွာ ဒေသနေ ထားဝယ်တိုင်းရင်းသားတို့မှအရှင် ဥပဂုတ္တအရှင်မြတ်အား သတိတရဖြင့် ရှင်ဥပဂုတ္တမျှောခဲ့သောနေရာ လေးသို့သွားကြ၍ ဆွမ်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီး မုန့်ပဲသရေစာတို့ကိုသပိတ်ထဲထည့်ကာ ရေမျှောပြီးအာရုံဆွမ်းကပ်လှူ ပူဇော်လေ့ရှိကြသည်။ ထားဝယ်ရိုးရာသပိတ် မျှောပွဲ၏မူလအစ ဟုသိရသည်။
သပိတ်မျှောပွဲကိုသာယာဝတီမင်းဟုခေါ်သော ထားဝယ်မင်းများ လက်ထက်မှစ၍ လက်ရှိထားဝယ်မြို့၏ နှစ်စဉ်နှစ်တိုင်း ပူဇော်ကျင်းပလာခဲ့ကြသည့် အစဉ်အလာ ရိုးရာ ပွဲတော်တစ်ခုလည်းဖြစ်ပါသည်။ ဤသည်ကိုအကြောင်းပြု၍ ထေရဝါဒဗုဒ္ဓ ဘာသာဝင်များသည် ယနေ့တိုင်အလှူမင်္ဂလာပွဲများ ပြုလုပ်သည့်အခါတိုင်း မိုးရွာခြင်းမှ တားဆီးကာကွယ်ပေးရန် ရည်သန်၍ အရှင်ဥပဂုတ္တအရှင်မြတ်ကို ပင့်ဖိတ် ပူဇော်ပွဲကျင်းပလေ ရှိကြသည်။ ဆွမ်း၊ သစ်သီး၊ ပန်း၊ ဆီမီး စသည်များကို သပိတ်တွင်ထည့်၍ ဆက်ကပ်ကာ ရေတွင်မျှောလိုက်ပြီး ရှိခိုးပူဇော်၍ ဆုတောင်းလေ့လည်းရှိသည်။ အချို့သူများက မိမိအိမ်၊ မိမိရပ်ရွာဒေသတွင် ယာယီ ကျောင်းဆောင်ဆောက်လုပ်၍ ပင့်ဖိတ်ပြီး ပူဇော်ဆုတောင်းလေ့ ရှိကြသည်။
ထားဝယ်ဒေသရှိ ထေရဝါဒဗုဒ္ဓဘာသာဝင်များသည် သံဃာတော်ဖြစ်သော ရဟန္တာမြတ်တစ်ပါးဖြစ်သည့် ဥပဂုတ္တအရှင်သူမြတ်အား ဆွမ်း၊ မုန်းပဲသရေစာ၊ သစ်သီး၊ ဆီမီး၊ အမွှေးတိုင်၊ တံခွန်ကုက္ကား၊ ပန်း စသည်များကို သပိတ်တွင်ထည့်၍ ရည်မှန်း ဆက်ကပ်ပူဇော်လေ့ရှိသည်။ ယင်းသပိတ်တော်ကိုပင်လယ်ထဲသို့မျှော၍ ပူဇော်လေ့ရှိသည်။ ဆွမ်းသွပ်ပြီးသား သပိတ်များကို မဏ္ဍပ်ထိုးကာခုံတန်းရှည်ပေါ်တင်ထားပြီး ပြည်သူများကုသိုလ်ယူနိုင်ရန် အဆင်သင့်ရောင်းဝယ်ကြသူများနှင့် စည်ကားလျက်ရှိသည်။ သပိတ်မျှောပွဲလာသူများအနေဖြင့် အသင့်ပြင် ဆင်ထားသည့် သပိတ်များကို ဝယ်ယူပြီး ကုသိုလ်ယူနိုင်ရန် ဖြစ်ပါသည်။ ဤသည်မှာ ရှေးအစဉ်ကတည်းကစပြီး နှစ်စဉ်ကျင်းပလာ၍ အစဉ်အလာတစ်ရပ်အနေဖြင့် ထူးခြားစွာ ရှိနေခြင်းပင်ဖြစ်သည်။
ထားဝယ်ဒေသတွင် အလှူ၊ မင်္ဂလာ၊ အခမ်းအနားပွဲများ ပြုလုပ်ရာတွင် မိုးရွာ ချသည့်အခါနှင့်လည်း ကြုံကြိုက်တတ်သည်။ ကျင်းပသည့်ပွဲကို အဖျက်လုပ်ငန်းသဖွယ် ပြုလုပ်ခြင်းပင်ဖြစ်သည်ဟု ယူဆခဲ့ကြောင်းသိရသည်။ ယင်းသို့ဖြစ်ပေါ်လာလျှင် အရှင်ဥပဂုတ္တရဟန္တာမြတ်က ကာကွယ်တားဆီးပေးနိုင်သည်ဟုလည်း ယုံကြည်ကြသည်။ ထိုသို့ယုံကြည်သည့်အတိုင်း မိုးရွာခြင်းမှ တားဆီးကာကွယ်ပေးရန် ရည်သန်၍ အရှင်မြတ်အား ပင့်ဖိတ်ပြီးပူဇော်ပွဲကျင်းပသည့် သဘောလည်းဖြစ်သည်။ ထေရဝါဒဗုဒ္ဓဘာသာဝင် ဟူသမျှသည် အလှူ၊ မင်္ဂလာပွဲများ၊ အခမ်းအနားများ ပြုလုပ်သည့်အခါ လေပြင်းမုန်တိုင်း ကျရောက်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းများ ဖြစ်ပေါ်လာပါက မာရဒေဝ ဖျက်ဆီးခြင်းဖြစ်နိုင်သည်ဟု ယူဆကြလေ့ ရှိပါသည်။ ထိုသို့ဖြစ်ပေါ်လာပါက အရှင်ဥပဂုတ္တမထေရ်မြတ်အား ရည်စူး၍ ရှိခိုးပူဇော်ခြင်းများ ပြုလေ့ရှိကြသည်။
ထို့အပြင် ကြည်ညိုသဒ္ဓါပွားများခြင်းကြောင့် အရှင်ဥပဂုတ္တအား ရည်စူး၍ ရှိခိုးပူဇော်ပြီး ဆွမ်းတော်ကပ်လှူလေ့လည်း ရှိကြသည်။ ဆွမ်းတော်ကပ်လှူရာတွင် အထူးသဖြင့် သက်သတ်လွတ် လှူဒါန်းလေ့ ရှိကြသည်။ ဆွမ်း၊ သစ်သီး၊ ဆီမီး စသည်များကို သပိတ်တွင်း ထည့်၍ လှူဒါန်းကြသည်။
ထားဝယ်မြို့တွင် သပိတ်မျှောပွဲကို နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လပြည့်နေ့တွင် ပြုလုပ်ကျင်းပလေ့ရှိပြီး စေတနာရှင်၊ အလှူရှင်များက သပိတ်မျှောပွဲ လာရောက်ကြည့်ရှု သူများကို စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးခြင်း၊ သပိတ်မျှောပွဲတွင် မီးပုံးပျံ အငယ်လွှတ်တင်ခြင်း၊ တေးဂီတများဖြင့် ဧည့်ခံဖျော်ဖြေခြင်း၊ ထားဝယ်ရိုးရာ ယဉ်ကျေးမှုအကများဖြင့် သီဆိုဧည့်ခံ ဖျော်ဖြေခြင်းများဆောင်ရွက်လျက်ရှိရာ ဒေသခံပြည်သူလူထုများက လာရောက်ကြည့််ရှု အားပေးကြပြီး ညလုံးပေါက် စည်ကားသိုက်မြိုက်လျက်ရှိသည်။
သပိတ်မျှောပွဲတော်သည်အရှင်ဥပဂုတ္တမထေရ်မြတ်အား ရည်စူး၍ ထားဝယ်ရိုးရာ မြေသပိတ်အထဲတွင် ဆွမ်း၊ မုန့်၊ သစ်သီး၊ ပေါက်ပေါက်၊ မုန့်ဆီကြော်၊ ယိုအမျိုးမျိုး စသည့် လှူဖွယ်များကိုထည့်ပြီး တံခွန်၊ ကုက္ကားများစိုက်ထူ၍ ဆီမီးများထွန်းညှိကာ သပိတ်မျှော ခဲ့ခြင်းဖြစ်ပြီး ရာသီဥတုမိုးလေဝသကောင်းမွန်စေရန်၊ ဆန်ရေစပါး စီးပွားဥစ္စာ ပေါများတိုးတက် စေရန်၊ မိုးဒဏ်၊ လေဒဏ်၊ သဘာဝဘေးရန်များနှင့် မကောင်းသော ဘေးဘယာကံကြမ္မာအပေါင်း ကင်းဝေးလွှတ်မြောက်စေရန် ဆုတောင်းပတ္တနာပြုသည့် ရည်ရွယ်ချက်ဖြင့် ထားဝယ်မြို့တွင် ရှေးအစဉ်အဆက်မှ ယနေ့တိုင် သပိတ်မျှောပွဲတော်ကိုကျင်းပလာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
သပိတ်မျှောပွဲတော်ကိုနှစ်စဉ် သီတင်းကျွတ်လပြည့်နေ့ နံနက်အာရုံတက်ချိန်တွင် ဒေသခံပြည်သူများ စည်ကားသိုက်မြိုက် စွာဖြင့် ညီညီညာညာသပိတ်မျှော ကုသိုလ်ယူလျက်ရှိသည်။ နံနက်အာရုံအတွက် ပြင်ဆင်မှုများနှင့်အတူ ဖျော်ဖြေရေး အစီအစဉ်များဖြင့်ညလုံးပေါက်စည်ကားသည့်အတွက် “ထားဝယ်မအိပ်သည့်ည” ဟုပင် တင်စားခေါ်ဝေါ်ခဲ့ကြသည်။ ထားဝယ် ရိုးရာယဉ်ကျေးမှု ဓလေ့များမှာ များစွာရှိသည့်အနက် ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်သည် တစ်မူထူးခြားသည့် ပွဲတော်တစ်ခုပင်ဖြစ်သည်။ ထိုရိုးရာယဉ်ကျေးမှုဓလေ့ မှသည် ထားဝယ်ဒေသအပါအဝင် မြန်မာပြည်တဝှမ်း သာသနာငါးထောင်ပတ်လုံးတည်မြဲစေရန်ရည်စူးပြီး ရာသီဥတုမိုးလေဝသ ကောင်းမွန်စေရန်၊ ဆန်ရေစပါးစီးပွားဥစ္စာပေါများ တိုးတက်စေရန်၊ မိုးဒဏ်၊ လေဒဏ်၊ သဘာဝဘေးရန်များနှင့် မကောင်းသော ဘေးဘယာကံကြမ္မာအပေါင်းကင်းဝေးလွှတ်မြောက်ပါစေကြောင်း ဆုမွန်ကောင်းတောင်း ရေးသားလိုက်ရပါသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment