ဘီလူးချောင်းရေမြင့်တက်မှုကြောင့် ရေဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေးနှင့် ရေဝင်ရောက်သည့် ရပ်ကွက်ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီလူးချောင်းရေမြင့်တက်မှုကြောင့် ရေဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေးနှင့် ရေဝင်ရောက်သည့် ရပ်ကွက်ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေး






MNP ၊ အောက်တိုဘာ ၁၄

ကယားပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယမန်နေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ ရုံးဝင်းအတွင်း ဖွင့်လှစ်ထားသည့် ရေဘေးကွပ်ကဲရေးရုံး၌  လွိုင်ကော်မြို့အတွင်း ဘီလူးချောင်းရေမြင့်တက်မှုကြောင့် ရေဘေးအန္တရာယ်ကျရောက်လာပါက စီမံခန့်ခွဲမှုလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာအသီးသီးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။

ယင်းသို့တွေ့ဆုံရာတွင်  လွိုင်ကော်မြို့အတွင်း ဘီလူးချောင်းရေမြင့်တက်မှုကြောင့် ရပ်ကွက်၊ ကျေးရွာအချို့ရှိ စပါးစိုက်လယ်ဧကများ၊ ငါးမွေးမြူရေးကန်နှင့် လူနေအိမ်အချို့တွင် ရေဝင်ရောက်လျက်ရှိရာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန်နှင့် အချက်အလက်စာရင်းဇယားများ ကောက်ယူရန် လိုအပ်ကြောင်း၊ ရေဆက်လက်မြင့်တက်လာပါက ရေနှစ်မြှုပ်နိုင်သည့်နေအိမ်များရှိ ပြည်သူများအား ကြိုတင်စီစဉ်ထားသည့် ယာယီခိုလုံရေးစခန်းများသို့ အမြန်ဆုံးပြောင်းရွှေ့ နေရာချထားပေးနိုင်ရေးနှင့် လိုအပ်သည်များ ထောက်ပံ့ကူညီပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးကြရန် မှာကြားခဲ့သည်။

ဆက်လက်၍  ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မှုံပြာကျေးရွာရှိ စပါးခင်းများရေဝင်ရောက်မှု ရှိ၊ မရှိအခြေအနေများကိုကြည့်ရှုကာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက မှုံပြာကျေးရွာ၏ စပါးစိုက်ပျိုးမှု အခြေအနေများကို ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များမှာကြားခဲ့ပြီး တောင်သူများအား ဒုတိယသီးနှံအဖြစ် စိုက်ပျိုးမည့် ရေဆင်း(၁)စပ်မျိုးနေကြာအိတ်များကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး ရေဝင်ရောက်လျက်ရှိသည့် မှုံပြာကျေးရွာရှိ ငါးလုပ်ငန်းဦးစီးဌာန၏ ငါးမွေးမြူရေးကန်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကာ ရေများပြန်လည်ကျဆင်းသွားပါက ငါးကန်အား အမြန်ဆုံးပြင်ဆင်၍ ငါးမျိုးများ ပြန်လည်ထည့်သွင်းနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်နှင့် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းများ လိုအပ်လာပါက ကူညီဆောင်ရွက်ပေးနိုင်ရန် အသင့်ရောက်ရှိနေသည့် မီးသတ်တပ်ဖွဲ့ဝင်များအား ထောက်ပံ့ငွေနှင့် အာဟာရစားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြသည်။

ထို့နောက် မှုံပြာဖောင်တော်ဦး ပရိယတ္တိစာသင်တိုက်သို့ရောက်ရှိကာ ‌ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်ပြီး ကျေးရွာနေပြည်သူများ၏ နေအိမ်၊ စပါးစိုက်ခင်းနှင့် စိုက်ပျိုးသီးနှံစိုက်ခင်းများအတွင်း ရေဝင်ရောက်မှုအခြေအနေများ မေးမြန်းဆွေးနွေးခဲ့ပြီး ပြည်သူများ၏ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက နမ့်ကွတ်ရပ်ကွက်အတွင်းရှိ နေအိမ်များ၌ ဘီးလူးချောင်း ရေဝင်ရောက်မှုအခြေအနေများကို သွားရောက်ကြည့်ရှုခဲ့ကြကာ ရပ်ကွက်အတွင်းရှိ ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးပြီး ကူညီထောက်ပံ့ပေးသွား မည့်အခြေအနေများနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။

ထို့နောက် နမ့်ကွတ်ရပ်ကွက်အတွင်း ဘီလူးချောင်းရေမြင့်တက်လာပါက ရေနစ်မြှုပ်မှုမရှိရန် ကာရံထားသည့် မြေထိန်းနံရံများ ကြံ့ခိုင်မှုရှိ၊ မရှိ ကြည့်ရှုစစ်ဆေးပြီး ရေစီးရေလာ ကောင်းမွန်စေရေးအတွက်  ပြည်နယ်ဆည်မြောင်း ဦးစီးဌာနကကြီးကြပ် ဆောင်ရွက်လျက်ရှိသည့် ဘီလူးချောင်းတစ်လျှောက် အမှိုက်သရိုက်များနှင့် သဲနှုန်းများ ဆယ်ယူနေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

လွိုင်ကော်မြို့ရှိ ဘီလူးချောင်းရေမြင့်တက်မှုကြောင့် လွိုင်ကော်မြို့နှင့် ဒီးမော့ဆိုမြို့နယ်အတွင်း ဘီလူးချောင်းတစ်လျှောက်ရှိ ရပ်ကွက်၊ ကျေးရွာအချို့တွင် ရေဝင်ရောက်မှုရှိခဲ့သော်လည်း လူနှင့်တိရစ္ဆာန်များ ထိခိုက်ပျက်စီးမှုမရှိကြောင်းနှင့် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့က ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရသည်။


ကိုဇင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)