ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေး လုပ်ငန်းစီမံကိန်း ဆောင်ရွက်နိုင်ခဲ့မှုများ/ ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဌာနဆိုင်ရာများနှင့် သုံးသပ်ညှိနှိုင်း ဆွေးနွေး၊ မြစ်ကြီးနား-မိုးကောင်း-မြစ်ကြီးနား မီးရထားအမြန်ပြေးဆွဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေး လုပ်ငန်းစီမံကိန်း ဆောင်ရွက်နိုင်ခဲ့မှုများ/ ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဌာနဆိုင်ရာများနှင့် သုံးသပ်ညှိနှိုင်း ဆွေးနွေး၊ မြစ်ကြီးနား-မိုးကောင်း-မြစ်ကြီးနား မီးရထားအမြန်ပြေးဆွဲ



MNP ၊ အောက်တိုဘာ ၂၅

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေး ဘက်စုံ/ကဏ္ဍစုံမှ တိုးတက်မြင့်မားလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဆောင်ရွက်ခဲ့ မှုများအပေါ် သုံးသပ်ဆွေးနွေးခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၂၃ ရက် မွန်းလွဲ ၂ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။


လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များနှင့်အညီ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေး ဘက်စုံ/ ထောင့်စုံ ကဏ္ဍစုံမှ လုပ်ငန်းစီမံကိန်းများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုများကို အများပြည်သူအတွက် အကျိုးရှိထိရောက်အောင် ဆောင်ရွက်နိုင်မှုသည် အရေးကြီးသကဲ့သို့ ပြည်သူများ ပူးပေါင်းပါဝင်လာအောင်လည်း ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်း၊ လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ်များကို  ချပြရှင်းလင်းနိုင်ရေး ဆွေးနွေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။


ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးနေထွန်းအောင်က ပြည်နယ်အစိုးရအဖွဲ့၏ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး ပြည်ထောင်စု/ပြည်နယ်ဘဏ္ဍာရန်ပုံငွေများဖြင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစီမံကိန်းများနှင့် ရှေ့လုပ်ငန်းစဉ်များ ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြရာ တက်ရောက်လာ ကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက လုပ်ငန်းစီမံကိန်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းစီမံကိန်းအပေါ် ဖြည့်စွက်ရှင်းလင်းတင်ပြသည်။


တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် လုပ်ငန်းစီမံ ကိန်းများနှင့်စပ်လျဉ်း၍ ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေး၊ စိုက်ပျိုးစွမ်းအားနှင့် ကုန်ထုတ်လုပ် မှုများ တိုးတက်မြင့်မားရေးအတွက် အကျိုးရှိထိရောက်သည့် လုပ်ငန်းစီမံကိန်းများဖြစ်စေရေး လိုအပ် သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။


ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် အောက်တိုဘာ ၂၄ ရက် နံနက် ၇ နာရီက မြစ်ကြီးနားမြို့ လေယာဉ်ကွင်းခြံစည်းရိုးတစ်လျှောက် (ပြည်ထောင်စုလမ်းမ)ဘေး၌ ပြည်နယ်သယံဇာတရေးရာ ဝန်ကြီး ဦးတိန့်ဆောင်၊ စည်ပင်သာယာရေးအဖွဲ့ အရာထမ်း/ အမှုထမ်းများ၊ Kachin State Clean & Green Team အဖွဲ့ဝင်များနှင့်အတူ သစ်ပင်ကြီးများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ခြုံနွယ်များနှင့် အမှိုက် များ ရှင်းလင်းပေးခြင်း၊ လမ်းလယ်ကျွန်းရှိ သစ်ပင်များနှင့် ပန်းခုံများ ပေါင်းသင်မြက်နှုတ်ပေးခြင်း၊ မြေယာပုံပေါ်ပေးခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။


ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့၌ ကျွန်းပင်သာနှင့် ကချင်စုရပ်ကွက်အကြား ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဌာနဆိုင်ရာများ၊ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများစုပေါင်း၍ အများပြည်သူအတွက် ပြင်ပပေါက်ဈေးထက်ပိုမို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးသည့် သက်သာချောင်ချိရေး အခွန်လွတ်ဈေးသို့ သွားရောက် ပြီး ဆန်နှင့် အခြေခံစားသောက်ကုန်များ၊ သား/ငါးများရောင်းချပေးနေမှု၊ စားသုံးဆီရောင်းချပေးနေမှု ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဈေးဝယ်လာရောက်သည့် ပြည်သူများအားရင်းရင်းနှီးနှီး တွေ့ဆုံအားပေးကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။


ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်း၌ မြစ်ကြီးနား-မိုးကောင်း- မြစ်ကြီးနား မီးရထားအမြန်ပြေးဆွဲနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က (၂)နှစ်ကျော်ကြာ ပြေးဆွဲနိုင်ခြင်းမရှိသည့် မီးရထားကို မြစ်ကြီးနား- မိုးကောင်း-မြစ်ကြီးနား လမ်းပိုင်းအား နိုဝင်ဘာ ၁ ရက်နေ့တွင် စတင်ပြေးဆွဲနိုင်ရေး ကြိုတင်စစ်ဆေး စမ်းသပ်မှုများကို စနစ်တကျ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ပြည်သူများ လုံခြုံစွာ ခရီးသွားလာနိုင်ရေး ယနေ့အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်သွားရမည်ဖြစ်ကြောင်း တိုက်တွန်း ပြောကြားသည်။


ထို့နောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးကြီးမောင်မောင်မြင့်နှင့် ပြည်နယ်လမ်း ပန်းဆက်သွယ်ရေးဝန်ကြီးရဲမှူးကြီးကျော်ထွန်းတို့က မီးရထားပြေးဆွဲနိုင်ရေး လုံခြုံရေး ရယူဆောင်ရွက်ပေးသွားမည့် အစီအမံများကို လည်းကောင်း၊ မြန်မာ့မီးရထားအ မှတ်(၁)တိုင်းတာဝန် ခံဦးကျော်မိုးက မြစ်ကြီးနား-မိုးကောင်း-မြစ်ကြီးနား မီးရထားလမ်းပိုင်း ပြေးဆွဲဆောင်ရွက်သွားနိုင် ရေး မီးရထားစက်ခေါင်းနှင့် တွဲဆိုင်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ ဖွင့်ပွဲအခမ်းအနား ကျင်းပ ပြုလုပ်သွားမည့် အစီအစဉ်များကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။


ဆက်လက်၍ တပ်နယ်မှူး ဗိုလ်မှူးချုပ်တင်ထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တက် ရောက်လာသူများက ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများ၊ မြစ်ကြီးနားဘူတာ၊ လမ်းစဉ် ဘူတာများနှင့် မိုးကောင်းဘူတာတို့တွင် ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ လိုအပ်ချက်များကို ဖြည့်စွက်ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က မီးရထားအောင်မြင်စွာ ပြေးဆွဲနိုင်ရေး၊ ရထားစီးပြည်သူများအတွက် စတင်ပြေးဆွဲသည့်ရက်မှ (၇)ရက်အထိ ရထားစီးခ အခမဲ့စီးနင်းနိုင်ရေး၊ အဆာပြေမုန့်နှင့် ရေဘူးများ လက်ဆောင်ပေးနိုင်ရေး၊ မြစ်ကြီးနားမှ မိုးကောင်းအထိ မီရထား သံလမ်း တစ်လျှောက် သန့်ရှင်းရေးဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားဘူဝာာသို့သွား ရောက်ပြီး ဘူတာရုံ ပတ်ဝန်းကျင်သန့်ရှင်းမှုရှိစေရေး၊ နံရံများ ‌‌ဆေးသုတ်နိုင်ရေးနှင့် မီးရထားစက် ခေါင်းတွဲများနှင့်လူစီးတွဲဆိုင်းများကြိုတင်ပြင်ဆင်ထားရှိမှုများ၊ မီးရထားစတင်ပြေးဆွဲမည့်နေ့မတိုင်မီ RBE စက်ခေါင်းဖြင့် ကြိုတင်ပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများ၊ RBE စက်ခေါင်းတွဲတွင် စက်ခေါင်းနှင့်လူစီးနင်းလိုက်ပါနိုင်မည့်အခြေအနေများ၊ မိုးကောင်း-မြစ်ကြီးနား-မိုးကောင်း လမ်းပိုင်း ပြေးဆွဲသွားမည့် လူစီးရထားတွဲဆိုင်းများ ကြံ့ခိုင်မှုရှိစေရေး စစ်ဆေးဆောင်ရွက်နိုင်ရေးနှင့် ကြိုတင် ပြင်ဆင်ဆောင်ရွက်ရမည့်ကိစ္စရပ်များကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို မြန်မာ့မီးရထားတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)