MNP ၊ အောက်တိုဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို၌ ချောင်းသာကမ်းခြေ ခရီးသွားလုပ်ငန်းများ ပိုမိုဖွံဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်ပြီး ပြုလုပ်ကျင်းပသည့် သီတင်းကျွတ်ပွဲတော်အကြို (MSMEs)လုပ်ငန်းများ၊ ကြိမ်၊ ဝါး၊ ဗေဒါ လက်မှုထုတ်ကုန်ပစ္စည်းပြပွဲနှင့် စျေးရောင်းပွဲတော် ဒုတိယ မြောက်နေ့၌ ချောင်းသာကမ်းခြေတွင် လာရောက်အပန်းဖြေကြသည့်ခရီးသွား ဧည့်သည်များနှင့် ဒေသခံပြည်သူများ စိတ်ပါဝင်စားစွာလေ့လာကြည့်ရှု ဝယ်ယူလျက်ရှိကြောင်း သိရသည်။
လက်မှုထုတ်ကုန်ပစ္စည်းပြပွဲနှင့် စျေးရောင်းပွဲတော်တွင် ကျုံပျော်ခရိုင်အတွင်းရှိ ကြိမ်၊ ဝါး၊ ဗေဒါမှ အဓိကထွက်ရှိသည့် ကုလားထိုင်၊ စားပွဲ၊ စတီခုံ၊ မှန်တင်ခုံ၊ လိုက်ကာ၊ လက်ဆွဲအိတ် စသည့် စိတ်ဝင်စားဖွယ်ရာ လက်မှုထုတ်ကုန် အမျိုးပေါင်း (၁၀၀)ကျော်ခန့်ကို ပါဝင်ပြသရောင်းချပေးခြင်း ဖြစ်ကြောင်း ပြပွဲတာဝန်ရှိသူတစ်ဦးထံကသိရသည်။
အဆိုပါ လက်မှုထုတ်ကုန်ပစ္စည်းပြပွဲနှင့် စျေးရောင်းပွဲတော်တွင် တိုင်းဒသကြီး အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနအနေဖြင့် ငှက်ပျောပင်မှ ရရှိသည့် ငှက်ပျောလျှော်၊ ငှက်ပျောချည်မျှင် တို့ဖြင့် ထုတ်လုပ်ထားသည့် လက်မှုထည်လူသုံးကုန်ပစ္စည်း (၃၇)မျိုး၊ မြန်အောင်ခရိုင်မှ (၂၅)မျိုး၊ လပွတ္တာခရိုင်မှ (၁၅)မျိုး၊ ဖျာပုံခရိုင်မှ (၃၂)မျိုး၊ မအူပင်ခရိုင်မှ (၂၅)မျိုး၊ ဟင်္သာတခရိုင်မှ (၃၆)မျိုး၊ မြောင်းမြခရိုင်မှ (၂၆)မျိုး၊ Global Earth Agro & Aqua Intustry Public Co.,Ltd မှ အသင့်စား ဟင်းလျာ (၈)မျိုး၊ ဝါဝါဝင်းစိုက်ပျိုးရေးကုမ္မဏီမှ (၉)မျိုး၊ ပုသိမ်ခရိုင်မှ (၄၁)မျိုးစသည့် တိုင်းဒေသကြီးအတွင်းမှ ထွက်ရှိလာသည့် ဒေသထွက်စားသောက်ဖွယ်ရာများ၊ လက်မှုထုတ်ကုန် ပစ္စည်းများ အပါအဝင် တိုင်းဒေသကြီးဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့မှ ပြခန်းများပါ ထည့်သွင်းပြသထားကြောင်း မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင်ထံမှ သိရသည်။
အဆိုပါ သတင်းကျွတ်ပွဲတော်အကြို ခရီးသွားလုပ်ငန်းများ ပိုမိုဖွံဖြိုးတိုးတက်ရေး (MSMEs) လုပ်ငန်းများ၊ ကြိမ်၊ ဝါး၊ ဗေဒါ လက်မှုထုတ်ကုန် ပစ္စည်းပြပွဲနှင့် စျေးရောင်းပွဲတော်ကို အောက်တိုဘာလ (၂၁)ရက်နေ့မှ (၂၂)ရက်နေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လက်မှုထုတ်ကုန် ပစ္စည်းများနှင့် စားသုံးကုန်များကို ပင်ရင်းစျေးအတိုင်း ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ကျော်ကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment