MNP ၊ အောက်တိုဘာ ၃၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ Phoenix New Media မှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့တွင် လာရောက်တွေ့ဆုံမေးမြန်းခဲ့ရာ ဗိုလ်ချုပ်ဇော်မင်းထွန်း က Online လောင်းကစားလုပ်ငန်းများနှင့် မြောက်ပိုင်း မဟာမိတ် အကြမ်းဖက်သောင်းကျန်းသူများ ဆက်စပ်နေမှုကို ရှင်းလင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံမြောက်ပိုင်းတွင် Online လိမ်လည်မှုတွေကို ဘယ်အချိန်မှာ စတင် သိခဲ့ပါသလဲ ဟူသော မေးမြန်းမှုအပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်း က "၂၀၂၀-၂၀၂၁ မြန်မာနိုင်ငံမတိုင်မီ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတို့မှာ ဖြစ်ပွား ခဲ့ပြီး ၂၀၂၁- ၂၀၂၂ ကူးချိန်မှာ မြန်မာနိုင်ငံကို ရောက်လာခဲ့တာတွေ့ရပါတယ်။ အဲဒီ လောင်းကစားလုပ်ငန်း လုပ်ကိုင်ကြတဲ့သူတွေဟာ ကမ္ဘောဒီးယားနိုင်ငံကနေ ပြေးလာပြီး မြန်မာနိုင်ငံတောင်ပိုင်းမှာရှိတဲ့ ရွှေကုက္ကိုလ်ဒေသမှာ လုပ်နေပြီဆိုတဲ့ သတင်းရရှိ ခဲ့ပါတယ်။ အနောက်နိုင်ငံတွေကလည်း ရွှေကုက္ကိုလ်ဟာ တရုတ်အစိုးရရဲ့ မူဝါဒအရ ဆောက်ခဲ့တာဆိုပြီး ဝါဒဖြန့်ခဲ့တာကြောင့် တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံအကြား အထင် အမြင်လွဲမှားမှုတွေ ဖြစ်ခဲ့ပါတယ်။ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်ဆိုပြီး စွပ်စွဲခဲ့လို့လည်း ကျွန်တော်ကိုယ်တိုင်ပဲ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ရှင်းလင်းခဲ့ရပါတယ်။ အဲဒီရွှေကုက္ကိုလ်စီမံကိန်းကို တည်ဆောက်ခွင့်ပိတ်ပြီးနောက်မှာ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေဆီကို ရောက်လာခဲ့ တာလည်းဖြစ်နိုင်ပါတယ်။ ၂၀၂၁-၂၀၂၂ အကူးမှာမှ မြန်မာနိုင်ငံမြောက်ပိုင်းမှာ Online လောင်းကစားမှုတွေ လုပ်နေပြီဆိုတာသိခဲ့ရပါတယ်။ မြန်မာအစိုးရအနေနဲ့လည်း ၂၀၂၂ ခုနှစ်ကစပြီး ခြေရာခံ၊ ဖမ်းဆီးမှုတွေပြုလုပ်ခဲ့ပါတယ်။ သူတို့အနေနဲ့ တရုတ် ဘက်တင်မကဘဲ မြန်မာဘက်ကိုပါ ပစ်မှတ်ထားလုပ်ဆောင်တာကိုလည်း တွေ့ပါ တယ်။ Online မှာလုပ်တာဆိုတော့ ထင်ရှားတာမရှိဘဲ အနေချောင်နိုင်ငံ၊ ချောင်တဲ့ နေရာမှာ လုပ်တာလည်းဖြစ်ပါတယ်။" ဟု ဖြေကြားသွားခဲ့သည်။
Online လောင်းကစားမှုတွေ လုပ်ဆောင်နေတာကို သိသိခြင်း ဘယ်လိုစီမံမှု တွေပြုလုပ်ခဲ့ပါသလဲ။ ပူးပေါင်းဆောင်ရွက်မှုဟာ မြန်မာနိုင်ငံဘက်က စတင်ခဲ့တာလား၊ တရုတ်နိုင်ငံဘက်က စတင်ခဲ့တာလား ဟု မေးမြန်းသည့်အပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက "မြန်မာနိုင်ငံဘက်ကတော့ ဆိုရှယ်မီဒီယာကနေ စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ခြေရာခံပြီး စုံစမ်းခြင်း၊ လက်လှမ်းမှီရင် ဆက်သွယ်ရေးဥပဒေ၊ လောင်းကစားဥပဒေနဲ့ အရေးယူခဲ့ပါတယ်။ သာမန်အနေထားနဲ့သာ လုပ်ဆောင်နိုင်ခဲ့ ပြီး ကျယ်ကျယ်ပြန့်ပြန့် မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ တရုတ်နိုင်ငံဘက်မှ အကြောင်းကြား လာမှသာ နှစ်နိုင်ငံပူးပေါင်းပြီး အရှိန်အဟုန်နဲ့ နှိမ်နင်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။" ဟု ဖြေကြားထားသည်။
ဖမ်းဆီးထိမ်းသိန်း ဆောင်ရွက်ခဲ့သည့် အခြေအနေများနှင့် ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေကြားရာတွင် ဖမ်းဆီးရမိခဲ့တာတော့ ၁ ထောင်နီးပါးရှိပြီး တကယ်ပြစ်မှုကျူးလွန်တာကတော့ သုံးရာနီးပါးရှိပါကြောင်း၊ မြန်မာလူမျိုး ၅၀ ကျော်ပါဝင်ပြီး တရုတ်လူမျိုးရော အဲဒီဒေသမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေပါ ပါဝင်ပါကြောင်း၊ အသေးစိတ်ကိုတော့ သက်ဆိုင်ရာဌာနများက ပြောပြပေးမှာ ဖြစ်ပါကြောင်း၊ နံပါတ်တစ် အနေနဲ့ မြန်မာနိုင်ငံရဲ့ မူဝါဒကတော့ မြန်မာ့မြေကိုသုံးပြီး အိမ်နီးချင်းနိုင်ငံများရဲ့ အကျိုးစီးပွားကို ထိခိုက်စေမယ့်လုပ်ငန်းမျိုး၊ အဖျက်အမှောက်လုပ်ငန်းမျိုး၊ မီဒီယာကနေ ဝါဒဖြန့်တာမျိုး၊ လိမ်လည်လောင်းကစားခြင်း မျိုးတွေကို လုံးဝလက်မခံဘဲ တိုက်ဖျက်သွားမှာ ဖြစ်ပါကြောင်း၊ နံပါတ်နှစ်အနေနဲ့ Online လောင်းကစား လိမ်လည်မှုတွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံ ပူးပေါင်းပြီး အမြစ်ပြတ်အောင်လုပ်မယ်လို့ ကျွန်တော်တို့ သန္နိဋ္ဌာန်ချထားပါကြောင်း၊ ဒီနှစ် အောက်တိုဘာလ ၁၅ ရက်မှာလည်း တရုတ်နိုင်ငံရဲ့ အာရှရေးရာအထူး ကိုယ်စားလှယ်နဲ့ ကျွန်တော်တို့နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးရာမှာလည်း မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ Online လိမ်လည်မှုတွေကို အမြစ်ပြတ်အောင် ဆောင်ရွက်မယ်လို့ သန္နိဋ္ဌာန်ချမှတ်ထားပါကြောင်း ရှင်းလင်းဖြေကြားသွားခဲ့သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ Phoenix New Media မှ လာရောက်တွေ့ဆုံး မေးမြန်းမှုအပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်း ၏ ရှင်းလင်းဖြေဆိုချက်များတွင် “ဝ”နဲ့ မိုင်းလား၊ ကိုးကန့်နယ်မြေတွေမှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ကြောင်း၊ အဆိုပါ ဒေသများဟာ အထူးဒေသများဖြစ်ပါကြောင်း၊ “ဝ”နဲ့မိုင်းလားဒေသဟာ ကျွန်တော်တို့ အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတာကြောင့် တရုတ်နိုင်ငံဘက်မှ ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ ကိုးကန့်ဒေသကတော့ ကျွန်တော်တို့ ထိန်းချုပ်မှုအောက်မှာရှိလို့ ဖမ်းဆီး ရမိတာတွေကို တရုတ်နိုင်ငံဘက်ကို ပို့ဆောင်ပေးလျက်ရှိပါကြောင်း၊ “ဝ”နဲ့ မိုင်းလား ဒေသဟာ တရုတ်အစိုးရနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး ဆောင်ရွက်တာဖြစ်တဲ့အတွက် ငွေကြေးပမာဏ ဘယ်လောက်လဲဆိုတာတော့ မသိရှိရကြောင်း၊ တရုတ်နိုင်ငံက အထူးကိုယ်စားလှယ်လာရောက်ချိန်မှာ ဒီနှစ်အကုန် အမြစ်ပြတ် ချေမှုန်းဖို့ သန္နိဋ္ဌာန်ချထားပါကြောင်း၊ Online လောင်းကစားနဲ့ လိမ်လည်မှုဟာ ဒီမှာနှိမ်နင်းပြီးရင်လည်း ဘယ်ကိုရွှေ့ပြောင်းသွားမလဲဆိုတာ ခန့်မှန်းလို့မရကြောင်း၊ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံပူးပေါင်းပြီး လုပ်ဆောင်လို့ရတဲ့နေရာတွေမှာ ပူးပေါင်း စစ်ဆင်ရေးတွေ ဆောင်ရွက်ရမှာ ဖြစ်ကြောင်း ရှင်းလင်းဖြေကြားထားသည်။
အများဆုံး ဖမ်းဆီးရမိတဲ့ ဖူအာမြို့ဘက်က ရဲတွေက ၂၃၀၀ ကျော်ဖမ်းဆီးရမိပြီး လူတစ်ရာကျော်က ထွက်ပြေးနေတယ်လို့ သိရပါတယ်။ အစိုးရက ပါဝင်ပတ်သက် ခဲ့ပါသလား။ ဘယ်လိုနှိမ်နှင်းခဲ့ပါသလဲ ဟူသော မေးမြန်းချက်နှင့် ပတ်သက်၍ -
"ဝ"နဲ့ မိုင်းလားဟာ အစိုးရရဲ့ ကွပ်ကဲမှုအောက်က လွတ်မြောက်နေပြီး အထူး ဒေသဖြစ်တာကြောင့် သူတို့ဟာ သူတို့ရဲ့ လက်နက်ကိုင်တပ်တွေနဲ့ သူတို့နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံအတွက် လောင်းကစားထက်ပိုပြီး ပြဿနာ ကြီးတာဖြစ်ပါတယ်။ “ဝ”နဲ့ မိုင်းလားဘက်မှာ မြန်မာအစိုးရရဲ့ နိုင်ငံ့ဝန်ထမ်း တစ်ဦးမှ မရှိပါဘူး။ “ဝ”နဲ့ မိုင်းလားမှာ တရုတ် စကားပြောတတ်သူသာများပြီး မြန်မာစကား ပြောတတ်သူရှားပါတယ်။ တရုတ်ယွမ်ငွေကိုသာ အသုံးပြုပြီး မြန်မာကျပ်ငွေ မသုံးတာလည်း သိပါတယ်။ အဲဒီ အခြေအနေကို တရုတ်အစိုးရက သိမယ်ထင်ပါတယ်။ “ဝ”နဲ့ မိုင်းလားဘက်ကို တရုတ်စကားမတတ်ဘဲ ဝင်လို့မရပါဘူး။ UWSA နဲ့ မိုင်းလား လက်နက်ကိုင်အဖွဲ့တွေ ပါဝင်နေပါတယ်။ နောက်တစ်ခုက တရုတ်နိုင်ငံထဲက ဖူအာနဲ့ကူမင်းမြို့ပေါ်မှာ “ဝ”နဲ့ မိုင်းလား ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုတွေရှိပါတယ်။ မေးကြည့်ရင်သိနိုင်ပါတယ်။
ဒီမှာရှိနေတဲ့ လိမ်ညာမှုတွေထဲမှာ တိုင်းရင်းသား အကြမ်းဖက်တွေရော ပါလား။ သူတို့ထောက်ခံအားပေးတဲ့သူတွေပါလား။ မြန်မာအစိုးရရောပါလား ဟူသော မေးမြန်းမှုအပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်း က -
“ဝ”နဲ့ မိုင်းလားကိစ္စမှာ မြန်မာအစိုးရက ပါဝင်မှု မရှိပါဘူး။ “ဝ”နဲ့ မိုင်းလား လက်နက်ကိုင်အဖွဲ့ဆိုတာ အပစ်ရပ်ထားတာကြောင့် တပ်ကဝင်လို့မရပါဘူး။ တပ်က ဝင်တာနဲ့ တိုက်ပွဲဖြစ်ပြီး ငြိမ်းချမ်းရေးပျက်စီးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် တပ်အနေ နဲ့ ဝင်ရောက်ခြင်းမပြုတာဖြစ်ပါတယ်။ ခင်ဗျားအနေနဲ့ Online လောင်းကစားကို ကြီးကျယ်တဲ့ကိစ္စလို့ထင်တာလား။ အရင်က “ဝ”နဲ့ မိုင်းလားဒေသမှာ မူးယစ်ဆေးဝါး စိုက်ပျိုးခဲ့တာကြောင့် ၁၉၉၀-၁၉၉၁ ခုနှစ်မှာ အမေရိကန်က “ဝ”ခေါင်းဆောင်တွေ အားလုံးနီးပါး ကို DEA ရဲ့မူးယစ်ဆေးတရားခံတွေအဖြစ် ကမ္ဘာသိကြေညာခဲ့ပါတယ်။ အဲဒီဒေသမှာ ဗကပတွေ ကြီးစိုးခဲ့တဲ့ဒေသဖြစ်ပြီး ဘိန်းစိုက်ပျိုးမှုတွေ ရှိခဲ့ပါတယ်။ အဲဒီနောက်မှာ ခွဲထွက်ပြီး မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေးရယူကာ အထူးဒေသအဖြစ် ဆောင်ရွက်နေတာဖြစ်ပါတယ်။ သူတို့ဟာ မြန်မာတိုင်းရင်းသားများသာ ဖြစ်ပါတယ်။ သို့သော် အစိုးရရဲ့ထိန်းချုပ်မှုအောက်မှ လွတ်နေပါတယ်။ မြန်မာအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ “ဝ”နယ်မြေနဲ့ UWSA ရဲ့ “ဝ”နယ်မြေဆိုတာ ရှိပါတယ်။ ဒီပြဿနာတွေမဖြစ်ခင် ဘိန်းဖြူပြဿနာဖြစ်ခဲ့ပါတယ်။ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့ က ဘိန်းပပျောက်ရေးအတွက် ဖိအားပေးခဲ့တာကြောင့် ဘိန်းပပျောက်ပြီး ရာမ ရူးသွပ် ဆေးပြားများ ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒါကိုလည်း မြန်မာနဲ့တရုတ် ပူပေါင်းပြီး နှိမ်နင်းခဲ့ရပါတယ်။ ယခု တတိယအကြိမ်ကတော့ Online လိမ်ညာမှု ထွက်ပေါ်လာ ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားတွေဖြစ်တာကြောင့် “ဝ”နဲ့ မိုင်းလား ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးစကား ပြောကြားနေပါတယ်။ “ဝ”နဲ့ မိုင်းလား ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုက မြန်မာဘက်မှာ မရှိပါဘူး။ တရုတ်ဘက်မှာပဲ ရှိပါတယ်။ ဒါကို တရုတ်ပြည်သူတွေကိုလည်း သိစေချင်ပါတယ်။ အဖြစ်မှန်က ခင်ဗျားပြောတဲ့ Online လောင်းကစားကရတဲ့ငွေ ဘယ်ရောက်လဲဆိုတာက သူတို့လက်ထဲမှာပဲရှိနိုင်ပါတယ်။ “ဝ”ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုကို တရုတ်နိုင်ငံ ဖူအာမြို့မှာရှိတဲ့ ပြည်သူတွေကို မေးကြည့်ရင်သိပါတယ်။ ဒါ့ကြောင့် “ဝ”တွေကို တရုတ်အစိုးရက ပံ့ပိုးပေးထားတယ်။ ဘိန်းစိုက်တယ်လို့ အမေရိကန်က စွပ်စွဲတာပဲ ဖြစ်ပါတယ်။ အဲဒီနယ်ထဲမှာ (တစ်) ဘိန်းဖြူ၊ (နှစ်) WY ဆေးပြား၊ (သုံး) Online လိမ်လည်မှုတွေ ဖြစ်ခဲ့ပါတယ်။ ဘာလို့ သမိုင်းကြောင်းကို ပြန်ပြောလဲဆိုရင် တရုတ်နိုင်ငံသူ နိုင်ငံသားတွေသိဖို့ လိုအပ်လို့ပါ။ Online လိမ်လည်မှုကနေရတဲ့ ငွေကြေးတွေ ဘယ်ရောက်နေလဲဆိုရင် “ဝ”နဲ့ မိုင်းလား ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှု မြန်မာနိုင်ငံထဲမှာ မရှိပါဘူး။ အိမ်၊ မြေကွက်၊ ကုမ္ပဏီဘယ်လောက်ရှိလဲဆိုတာ ဖူအာနဲ့ ကူမင်းမှာရှိတဲ့ ပြည်သူတွေကို မေးကြည့်ရင် ပေါ်လာပါလိမ့်မယ်။
မြန်မာအစိုးရအနေနဲ့ တရုတ်အစိုးရနဲ့ပေါင်းပြီး ဒီ “ဝ”နဲ့ မိုင်းလားဒေသကို ဖြေရှင်းဖို့ ဘယ်လိုစီစဉ်ထားလဲ ဟူသော မေးမြန်းမှုအပေါ် -
“ဝ”နဲ့ မိုင်းလားကို (တစ်) တရားဥပဒေနဲ့အညီနေထိုင်ဖို့၊ (နှစ်) တရားဝင်တဲ့ စီးပွားရေးလုပ်ငန်းတွေသာ လုပ်ကိုင်ဖို့၊ (သုံး) အဲဒီဒေသအတွင်း မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးအဖွဲ့တွေဖြစ်တဲ့ ရဲ၊ လဝက၊ အကောက်ခွန်တို့ပေးဝင်ဖို့ တရုတ်နဲ့ မြန်မာနှစ်နိုင်ငံပေါင်းပြီး ဖိအားပေးရမှာ ဖြစ်ပါတယ် ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေကြားထားသည်။
မြန်မာအစိုးရက ဒီ Online လိမ်လည်မှုမှာ မပါဝင်ဘူးဆိုရင် ဘယ်သူတွေက ပါဝင်နေလဲ ဟူသော မေးခွန်းနှင့် ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်းက "အဓိက ကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ Online လိမ်လည်တဲ့သူတွေကို ကာကွယ်ပေးနေတာ ဖြစ်ပါတယ်။ အဲဒီတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကိုလည်း ပါဝင်ပတ်သက်ခြင်းမပြုဖို့ သတိပေးထားပြီး ဖြစ်ပါတယ်။ အစိုးရဝန်ထမ်းများအနေနဲ့ လာဘ်ပေးလာဘ်ယူမှုများ ရှိနိုင်ပါတယ်။ ရှိခဲ့ ရင်လည်း ပြင်းပြင်းထန်ထန်အရေးယူဖို့ ဆောင်ရွက်နေပါတယ်။ Online ၊ လောင်းကစားဥပဒေများ ရှိပြီးဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန်အရေး ယူမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံက အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံစဉ် နှစ်နိုင်ငံ ပူးပေါင်းကာ အမြစ်ပြတ်ဆောင်ရွက်မယ်လို့ ပြောထားပြီးဖြစ်ပါတယ်။" ဟု ဖြေကြားထားသည်။
“ဝ”နှစ်ယောက်ကို ဖမ်းဝရမ်း ထုတ်ပြန်တာ မြန်မာဘက်က သိပါသလား ဟူသော မေးမြန်းမှုအပေါ် ဗိုလ်ချုပ်က - “ဝ”ဒေသက UWSA အဖွဲ့ဝင် ဖြစ်ပါတယ်။ “ဝ”ဒေသမှာ အုပ်ချုပ်နေတဲ့ အစိုးရ အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံကရော မြန်မာနိုင်ငံကပါ ဖမ်းဝရမ်း ထုတ်ထား ပြီးဖြစ်ပါတယ်။ သူတို့အနေနဲ့ မြန်မာနိုင်ငံထဲကို ဝင်လာစရာမရှိဘဲ အလုံခြုံဆုံးက သူတို့နယ်မြေပဲဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့နယ်မြေထဲမှာပဲ နေချင်ရင်နေ၊ ပြေးမယ် ဆိုရင်လည်း ပြည်ပနိုင်ငံဘက်ကို ထွက်ပြေးဖို့ပဲ ရှိပါတယ်။ တရုတ်နိုင်ငံဘက်မှ ဖိအားပေးနေပြီး မြန်မာနိုင်ငံဘက်မှဖမ်းဆီးရမိပါက တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်သွား မှာဖြစ်ပါတယ်။
ဆက်လက်၍ အဲဒီနှစ်ယောက်က မြန်မာ-တရုတ် ဖမ်းဝရမ်းထုတ်ထားကြောင်းသိရပါတယ်။ ဘယ်ကိုသွားမယ်လို့ ထင်ပါသလဲ ဟုမေးမြန်းသည့်အပေါ် ဗိုလ်ချုပ်က "သူတို့ရဲ့လားရာနဲ့ သဲလွန်စတွေရော ဘာတွေ သိထားပါသလဲ ဟုသော မေးမြန်းချက်နှင့် ပတ်သက်၍ "သူတို့ “ဝ”နယ်မြေထဲက ထွက်သွားတဲ့အထောက်အထား မရှိသေးပါဘူး။" ဟု ဖြေကြားထားသည်။
ဒီနှစ်ယောက်က တရုတ်နိုင်ငံသားလည်းဖြစ်ပြီး မြန်မာနိုင်ငံသားလည်း ဖြစ်နေ ပါတယ်။ မြန်မာနိုင်ငံမှာ နှစ်နိုင်ငံသား ဖြစ်လို့ ရပါသလား ဟု မေးမြန်းသည့်အပေါ် ဗိုလ်ချုပ်က "တရုတ်နိုင်ငံမှာရော နှစ်နိုင်ငံသား ဖြစ်လို့ရလားလို့ မေးချင်ပါတယ်။ အဲဒါက ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ ပြဿနာဖြစ်ပါတယ်။ Online လိမ်ညာမှုရဲ့ နောက်ကွယ်က နက်ရှိုင်းတဲ့ ပြဿနာဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ်မှာ ဘိန်းဖြူပြဿနာ၊ ၂၀၀၀ ပြည့်နှစ် မှာ WY ဆေးပြား ပြဿနာ၊ ၂၀၂၁ မှာ Online ပြဿနာဆိုပြီး ကိစ္စ ၃ ခုဖြစ်ခဲ့ပါတယ်။ အဲဒီနယ်မြေမှာ တရားဥပဒေစိုးမိုးရေးမလုပ်နိုင်ရင် ဒီလိုပြဿနာတွေ ဆက်ဖြစ် နေမှာပဲ ဖြစ်ပါတယ်။ ဘိန်းဖြူနဲ့ WY ပြဿနာကို တရုတ်ပြည်သူတွေ မသိခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က ဘိန်းဖြူနဲ့ WY ဆေးပြားကို တရုတ်ဘက်ကို မသွင်းရဲဘဲ လာအိုနဲ့ ထိုင်းနိုင်ငံကတစ်ဆင့် အခြားနေရာတွေကို ဖြန့်တာဖြစ်ပါတယ်။ အဲဒီအဖွဲ့ တွေရဲ့ စီးပွားရေးအရင်းအမြစ်ဟာ တရားမဝင်လုပ်ငန်းတွေကနေ ရခြင်းဖြစ်ပါတယ်။ Online လိမ်ညာမှု ပြဿနာဖြစ်မှသာ တရုတ်လူမျိုးအများစုအလိမ်ခံရတာကြောင့် တရုတ်က စတင်ခံစားရတာဖြစ်ပါတယ်။ Online လိမ်ညာမှုပြဿနာကို ဖြေရှင်းရုံနဲ့ ပြီးသွားမှာ မဟုတ်ပါဘူး။ နံပါတ်တစ် အဲဒီနယ်မြေမှာ တရားဥပဒေစိုးမိုးမှုရှိအောင် လုပ်ရမှာ ဖြစ်ပါတယ်။ ဒါကို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။ နံပါတ်နှစ် အနေနဲ့ ရဲ၊ အကောက်ခွန်၊ လူဝင်မှုကြီးကြပ်ရေး အဖွဲ့တွေကို နှစ်နိုင်ငံအစိုးရက ဝင်ခွင့် ရအောင်လုပ်နိုင်မှသာ ဒီပြဿနာကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။" ဟု ဖြေကြားထားသည်။
ပူးပေါင်းစစ်ဆင်ရေး စခန်းဖွင့်လှစ်ထားရှိမှု အခြေအနေနှင့် ပတ်သက်၍ မေးမြန်းသည့်အပေါ် ဗိုလ်ချုပ်က "မြန်မာနိုင်ငံမြောက်ပိုင်းမှာ ပူးပေါင်းစစ်ဆင်ရေးစခန်းဖွင့်ထားတာ မရှိပါဘူး။ တရုတ်နဲ့ မြန်မာနိုင်ငံအစိုးရ၊ ရဲတပ်ဖွဲ့တွေရဲ့ ဆက်သွယ်ဆက်ဆံမှုကတော့ စဉ်ဆက်မပြတ် ရှိပါတယ်။ ဒီကိစ္စဟာ တရုတ်ပြည်သူတွေသာမက မြန်မာပြည်သူ တွေပါ နစ်နာပြီး မြန်မာနိုင်ငံရဲ့ သိက္ခာလည်း ကျရပါတယ်။ သို့သော် သတိပြုရမှာက Online လိမ်ညာမှုကိစ္စကို ဖြေရှင်းရုံနဲ့ ဒီလိုကစ္စတွေ ပြီးသွားမှာ မဟုတ်ပါဘူး။ သမိုင်းကြောင်းကို သိရမယ်၊ အရင်းအမြစ်ကိုသိရမယ်၊ ပြဿနာဖြစ်စေတဲ့ အရင်း အမြစ်ကိုသိပြီး နှစ်နိုင်ငံ ပူးပေါင်းဖြေရှင်းရမှာ ဖြစ်ပါတယ်။" ဟု ဖြေကြားသွားခဲ့သည်။
ဗိုလ်ချုပ်ဇော်မင်းထွန်း ၏ ဖြေကြားချက်တွင် “ဝ”နဲ့ မိုင်းလားနယ်မြေထဲ တရားဥပဒေစိုးမိုးရေးအဖွဲ့တွေ ဝင်ရောက်ဖို့ပဲ ဖြစ်ပါကြောင်း၊ သူတို့နေရာမှာ ရဲ၊ လဝက စတဲ့ အဖွဲ့တွေ အဝင်မခံကြောင်း၊ ကျွန်တော်တို့ နှစ်နိုင်ငံအနေနဲ့ ဒီအတိုင်းလွှတ်ပေးထားရင် လာမယ့်နှစ်တွေမှာလည်း အခြားပြဿနာများ ဆက်ဖြစ်နေမှာဖြစ်ကြောင်း၊ သူတို့ကြောင့် မြန်မာနဲ့ တရုတ်ပြည်သူတွေကြား အထင်မှားမှုတွေ ဆက်ဖြစ်နေမှာဖြစ်ပါကြောင်း၊ အဲဒီဒေသက သာမန်ပြည်သူလူထုဟာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းပဲ လုပ်ပါကြောင်း၊ “ဝ”တောင်ပိုင်းမှာ ရာဘာလုပ်ငန်းအဓိကလုပ်ကိုင်ကြောင်း၊ “ဝ”နဲ့ မိုင်းလားပြည်သူ တွေက စိုက်ပျိုးရေးလုပ်ငန်းနဲ့ စီးပွားရေးအခွင့်အလမ်းရှိပြီးဖြစ်တာကြောင့် စိတ်ပူစရာ မလိုကြောင်း၊ သာမန်ပြည်သူတွေအနေနဲ့ Online လိမ်လည်မှုနဲ့ မပတ်သက်ဘဲ ခေါင်းဆောင်ပိုင်းကသာ ပတ်သက်နေတာဖြစ်ကြောင်း၊ ထွက်ပြေးနေတဲ့သူတွေဟာ “ဝ” လက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်တွေဖြစ်ကြောင်း၊ “ဝ” အကြီးအကဲ ပေါက်ယူချန်း နဲ့ဆွေမျိုးတော်တဲ့သူလည်း ဖြစ်ပါကြောင်း၊ “ဝ”အစိုးရအဖွဲ့ထဲမှာ ပါဝင်တဲ့သူဖြစ်ကြောင်း၊ ဒါဆိုရင်ခင်ဗျားတို့ ရိပ်မိမှာဖြစ်ကြောင်း၊ Online လိမ်ညာမှုတွေကို သာမန်ပြည်သူတွေက မလုပ်နိုင်ဘဲ ဘယ်ကရောက်လာတာလဲ၊ ဘယ်သူတွေအကာအကွယ်ပေးနေလဲဆို တာသိနိုင်မည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားထားသည်။
ဆက်လက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်း က "ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး ဖြစ်ပါကြောင်း၊ ကျွန်တော်နဲ့သာမက ရဲချုပ်၊ ပြည်ထဲရေးဝန်ကြီးတို့နဲ့လည်း တွေ့ပြီးဖြစ်ပါကြောင်း၊ တရုတ်အစိုးရရဲ့ ထောက်ပံ့ကူညီမှု အများကြီးရခဲ့ပါကြောင်း၊ တရုတ်နိုင်ငံဘက်ကလည်း မြန်မာအစိုးရရဲ့ ပူးပေါင်းမှုကို အားရမှုရှိပါကြောင်း၊ တရုတ်အစိုးရအနေနဲ့ ဒီကစ္စကို တရုတ်ပြည်သူတွေ နစ်နာမှုရှိလို့ တရုတ်အစိုးရက အရေးကြီးကိစ္စအဖြစ် ဆောင်ရွက် လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ မြန်မာပြည်သူတွေ နစ်နာမှုရှိသလို သိက္ခာလည်း ကျတာဖြစ်လို့ တရုတ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ဒီဟာတွေ လုပ်ဆောင်တာဟာ သာမန်တရုတ်၊ မြန်မာပြည်သူတွေ မဟုတ်ကြောင်း၊ တရုတ်နဲ့ နိုင်ငံ တကာမှာ ရာဇဝတ်မှုဖြစ်ပြီး တိမ်းရှောင်ထွက်ပြေးနေရတဲ့ လောင်းကစား လုပ်နေတဲ့ သူတွေက ဦးဆောင်နေတာဖြစ်ကြောင်း၊ မြန်မာနိုင်ငံထဲက အပြစ်ရှိတဲ့သူလဲရှိတယ်၊ တရုတ်နိုင်ငံထဲက အပြစ်ရှိတဲ့ သူလည်းရှိတယ်၊ တရုတ်တွေက မြန်မာတွေကို လိမ်တာ မဟုတ်သလို မြန်မာတွေက တရုတ်ကို လိမ်တာလည်းမဟုတ်ကြောင်း၊ ရာဇဝတ်မှု ကျူးလွန်ထားပြီး အပြစ်ရှိတဲ့ ပြည်ပြေးလူတစ်စုက ကျွန်တော်တို့ နှစ်နိုင်ငံလုံးကို လိမ်နေတာဖြစ်ကြောင်း၊ အပြစ်ရှိတဲ့သူတွေကို ဖော်ထုတ်အရေးယူရမှာ ဖြစ်ပါကြောင်း၊ အကာအကွယ်ပေးသူတွေကိုလည်း အရေးယူရမှာ ဖြစ်ကြောင်း၊ နှစ်နိုင်ငံ နယ်စပ်မှာ ရှိတဲ့ ပြဿနာဖြစ်နိုင်တဲ့ နယ်မြေတွေကို တရားဥပဒေစိုးမိုးအောင် ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ ဒါမှ နှစ်နိုင်ငံရဲ့ ရေရှည်ချစ်ကြည်ရေး ခိုင်ခန့်မှာဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားထားသည်။
နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေသည့် အခြေအနေနှင့် ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်း က "(တစ်)နှစ်နိုင်ငံ သတင်းအချက်အလက်ဖလှယ်တာရှိပါတယ်။ (နှစ်) နှစ်နိုင်ငံ Online စောင့်ကြည့်ရေးအဖွဲ့တွေဖွဲ့ပြီး စောင့်ကြည့်နေပါတယ်။ (သုံး) လက်တွေ့ ဖမ်းဆီးမှုရှိပါတယ်။ တရုတ်နိုင်ငံက မြန်မာဘက်မှာ သံသယရှိတဲ့ စာရင်းပေးရင် လာတဲ့လမ်းကြောင်းစုံစမ်းပြီး လိုက်လံဖမ်းဆီးတာတွေ ရှိပါတယ်။ အချို့လူတွေက တရားဥပဒေချိုးဖောက်တာ ခိုင်လုံရင် ဖမ်းဆီးပါတယ်။ မခိုင်လုံရင် စောင့်ကြည့်တာ မေးမြန်းတာတွေလုပ်ပါတယ်။ ပေးလို့ရတဲ့ အချက်အလက်တွေ အပြန်အလှန်ပေးပို့ပြီး တိုက်ဆိုင်စစ်ဆေးတာရှိပါတယ်။ ဒီသတင်းအချက်အလက်တွေကိုကြည့်ပြီး နှစ်နိုင်ငံ ဘာဆက်လုပ်ရမလဲဆိုတာ ဆွေးနွေးတာရှိပါတယ်။ အဲဒီအပေါ်မူတည်ပြီး နှိမ်နင်း ဖမ်းဆီးတာတွေ ဆောင်ရွက်ပါတယ်။" ဟု ရှင်းလင်းပြောဆိုထားသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment