ရွှေတိဂုံစေတီတော် ၁၃၈၅ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)အခမ်းအနား၊ ဝါတွင်းကာလဗုဒ္ဓပူဇနိယပွဲတော်များ(အောင်ပွဲ)နှင့် ရေစက်ချအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတိဂုံစေတီတော် ၁၃၈၅ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)အခမ်းအနား၊ ဝါတွင်းကာလဗုဒ္ဓပူဇနိယပွဲတော်များ(အောင်ပွဲ)နှင့် ရေစက်ချအခမ်းအနားကျင်းပ












MNP ၊ အောက်တိုဘာ ၂၉

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူး၍ မြတ်ဗုဒ္ဓ၏မမေ့အပ်ရာ နေ့ထူးနေ့မြတ်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် သီတင်းကျွတ်အခါသမယ ၂၈-၁၀-၂၀၂၃ အဖိတ်နေ့ ညနေတွင် သီတင်းကျွတ် မီးထွန်းပွဲတော်အခမ်းအနားကို ရွှေတိဂုံစေတီတော် ရင်ပြင်တွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စ အသင်းများနှင့် ဝန်ထမ်းများက ပွင့်တော်မူပြီးသော ဘုရားရှင်တို့အား ရည်မှန်းကော်ရော်ပူဇော်သောအားဖြင့် လျှပ်စစ်မီးစေတီများနှင့် ပန်းစေတီများ ပင့်ဆောင်၍ ရင်ပြင်တော်တစ်ပတ်လှည့်လည် ပူဇော်ခဲ့ပြီး ရာဟု‌ထောင့် အောင်မြေတွင် စုပေါင်းကပ်လှူပူဇော်ခဲ့ကြသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မိသားစုများက စေတီတော်ကြီးအား ဆီမီး(၁၁၁၁၁)ထွန်းညှိပူဇော်ခဲ့ကြသည်။

သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့) ၂၉-၁၀-၂၀၂၃ ရက်နေ့ နံနက် ၀၅၃၀ အချိန်တွင် ရင်ပြင်တော်တောင်ဘက် ဧည့်ခံတန်ဆောင်း၌  အရုဏ်ဆွမ်းတော်ကြီးကပ်လှူပွဲနှင့် အဘိဓမ္မာအခါတော်နေ့အခမ်းအနားကိုကျင်းပရာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့် ဝန်ထမ်းများက ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာတိုင်များ ကပ်လှူပူဇော်ခဲ့ကြပြီး ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ အဘိဓမ္မာအခါတော်နေ့ဆိုင်ရာ သိမှတ်ဖွယ်ရာအမေးအဖြေများပြုလုပ်ခြင်း၊ ဓမ္မဒေသနာတော်များ စုပေါင်းရွတ်ဆိုခြင်းများ ဆောင်ရွက်ခဲ့ ကြသည်။

နံနက် ၀၉၃၀ နာရီတွင် ရင်ပြင်တော်တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ဝါတွင်းကာလဗုဒ္ဓပူဇနိယပွဲတော်များ (အောင်ပွဲ)နှင့် ရေစက်ချအခမ်းအနားကိုကျင်းပရာ အခမ်းအနားသို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ တက်ရောက်ကြည်ညိုကြပါသည်။ 

ဦးစွာ ဧည့်ပရိသတ်အပေါင်းတို့က ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋကရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ၊ တိပိဋကဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ၊ သ.အ.စ ဓမ္မာစရိယ ပါဠိပါရဂူ ဘဒ္ဒန္တသိရိန္ဒာဘိဝံသ (ယောဆရာတော်)ထံမှ နဝင်္ဂသီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ အလှည့်ကျသဘာပတိ ဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းက ဇယမင်္ဂလာအနုမောဒနာစကား ဖတ်ကြားလျှောက်ထားခြင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များက ဆရာတော်ကြီးများအား လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းခြင်းတို့ ဆောင်ရွက်ခဲ့ပြီးနောက် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ၊ ဝိနယ+ဒီဃနိကာယပါဠိပါရဂူ၊ ရွှေပြည်သာ ပရိယတ္တိစာသင်တိုက် ပဓာန,နာယကဆရာတော် ဘဒ္ဒန္တနာဂိတထံမှ ဧည့်ပရိသတ်အပေါင်းတို့က အဘိဓမ္မာအခါတော်နေ့ဆိုင်ရာ အနုမောဒနာတရားနာကြား၍ ဝါတွင်းကာလ တစ်လျောက်ပြုခဲ့သော ကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။ ထို့နောက် ဩဝါဒါစရိယဆရာတော်ကြီးများအား ရွှေတိဂုံ စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။


Photo - ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)