MNP ၊ အောက်တိုဘာ ၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ဖိတ်ခေါ်လျက်ရှိသဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း နယ်မြေများအတွင်း အကြမ်းဖက်သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်ရှိ တမူးမြို့၊ ကလေးမြို့နှင့် မုံရွာမြို့နယ်များရှိ ခန်းမများ၌ အသီးသီးပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းစစ်ဌာနချုပ်မှ ဦးစီးအရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာတပ်နယ်မှူးများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများနှင့် ၎င်းတို့၏မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဆုံးမသြဝါဒစကား ပြောကြားပြီး နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေဆိုင်ရာပုဒ်မများနှင့် အသိပညာပေးစကားများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တမူးမြို့နယ်၊ ကလေးမြို့နယ်နှင့် မုံရွာမြို့နယ်တို့မှ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် အမျိုးသား ၉ ဦး၊ အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၁၂ ဦးတို့သည် ၎င်းတို့နှင့်အတူပါလာသော မောင်ပြန်သေနတ် ၂ လက်တို့အား တိုင်းမှူးနှင့် တာဝန်ရှိသူများက အသီးသီးလက်ခံရယူပြီး မောင်ပြန်သေနတ်ဖြင့် အလင်းဝင်ရောက်လာသူ ၂ ဦးအား ၁ ဦးလျှင် ဆုကြေးငွေ သိန်း ၅၀ ကျပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အလင်းဝင်ရောက်လာသူများအား ၁ ဦးလျှင် ဆုကြေးငွေ သိန်း ၂၀ ကျပ်၊ စုစုပေါင်းငွေကျပ် သိန်း ၃၄၀ ကျပ်၊ ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများပေးအပ်ရာ အလင်းဝင်ရောက်လာသူများက လက်ခံရယူကြသည်။
ယင်းနောက် အလင်းဝင်လာသူများကိုယ်စား အလင်းဝင်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခြင်းများ ပြုလုပ်ခဲ့ပါသည်။ အလင်းဝင်ရောက်လာသူများ၊ မိဘဆွေမျိုးများနှင့် အခမ်းအနား တက်ရောက်လာသူများအား စားသောက်ဖွယ်ရာများနှင့် တည်ခင်းကျွေးမွေးခဲ့ကာ အလင်းဝင်အသိအမှတ်ပြုကဒ်ပြားများပေးအပ်ခဲ့ပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးခဲ့သည်။ လက်ရှိအချိန်ထိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်နယ်မြေများတွင် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူ ၈၄ ဦးအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ပါသည်။
PDF အမည်ခံအကြမ်းဖက်အဖွဲ့စည်းများအနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်း ပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ပြန်ထား ပြီးဖြစ်ရာ ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသော PDF အဖွဲ့ဝင်များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိကြသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံ ပေးလျက်ရှိကာ ဆုကြေးငွေများနှင့် ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost












No comments:
Post a Comment