ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ရုရှားဖက်ဒရေးရှင်းသမ္မတနိုင်ငံ၏ နိုင်ငံပိုင်ဘူမိသိပ္ပံစူးစမ်းလေ့လာရေးနှင့် ရှာဖွေရေးအဖွဲ့ ROSGEO နှင့် တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ရုရှားဖက်ဒရေးရှင်းသမ္မတနိုင်ငံ၏ နိုင်ငံပိုင်ဘူမိသိပ္ပံစူးစမ်းလေ့လာရေးနှင့် ရှာဖွေရေးအဖွဲ့ ROSGEO နှင့် တွေ့ဆုံဆွေးနွေး




MNP ၊ အောက်တိုဘာ ၁၀

(၆) ကြိမ်မြောက် ရုရှားစွမ်းအင်ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ် (REW) သို့တက်ရောက်ရန် ရုရှားနိုင်ငံမော်စကိုမြို့၌ရောက်ရှိနေသည့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် ရုရှားဖက်ဒရေးရှင်းသမ္မတနိုင်ငံ၏ နိုင်ငံပိုင်ဘူမိသိပ္ပံစူးစမ်းလေ့လာရေးနှင့် ရှာဖွေရေးအဖွဲ့ ROSGEO ၏ နိုင်ငံတကာလုပ်ငန်းများဌာနကြီးမှူး မစ္စတာအလက်ဇန်းဒါး (Mr. Alexander) ဦးဆောင်သောအဖွဲ့နှင့် နည်းပညာဆိုင်ရာများ ဆွေးနွေးသည်။

တွေ့ဆုံစဉ် ROSGEO ၏ နိုင်ငံတကာလုပ်ငန်းများဌာနကြီးမှူး မစ္စတာအလက်ဇန်းဒါးက ROSGEO သည် ရုရှားဖက်ဒရေးရှင်းသမ္မတနိုင်ငံမှ ရာနှုန်းပြည့်ပိုင်ဆိုင်သော ဘူမိသိပ္ပံစူးစမ်းလေ့လာရေးနှင့် ရှာဖွေရေးအဖွဲ့ဖြစ်ပြီး ရေနံ၊ ဓာတ်သတ္တု ရှာဖွေ‌ရေးနှင့်သက်ဆိုင်သော ဘူမိရူပဗေဒလေ့လာခြင်း၊ တွင်းတူးဖော်ခြင်း၊ ကမ်းလွန်ဆိုက်စမစ်နှင့် မြေဆွဲအားတိုင်းတာခြင်း၊ ဘူမိဗေဒဆိုင်ရာစူးစမ်းတိုင်းတာခြင်းနှင့် သုတေသနဓာတ်ခွဲခြင်းလုပ်ငန်းများ လုပ်ဆောင်ပါကြောင်း၊ ROSGEO တွင် လက်အောက်ခံ ကုမ္ပဏီ ၆၄ ခုရှိ၍ နိုင်ငံတကာတွင်လုပ်ငန်းများပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးပြောကြားပြီး တူးဖော်ပြီးရေနံတွင်းဟောင်းများမှ Low Potential Layer များကို ဉာဏ်ရည်တု (AI နည်းပညာသုံးဆော့ဝဲလ်) နည်းပညာအသုံးပြု၍ ရေနံထုတ်ယူနိုင်မည့်နည်းပညာကိုလည်းကောင်း၊ တိုင်းတာပြီးအချက်အလက် အားလုံးကိုစုစည်း၍ ဘူမိအနယ်ကျချိုင့်ဝှမ်း (Sedimentary Basin) အား ခွဲခြမ်းစိတ်ဖြာလေ့လာဆောင်ရွက်ပြီး ရေနံမြေအသစ်များ ဖော်ထုတ်နိုင်မှုကိုလည်းကောင်း၊ 2D, 3D ဆိုက်စမစ်တိုင်းတာရေးလုပ်ငန်းများဆောင်ရွက်ပေးနိုင်မှုနှင့် တိုင်းတာရရှိသည့် အချက်အလက်များအားအကဲဖြတ်ခြင်း လုပ်ငန်းအဆင့်ဆင့်ဆောင်ရွက်၍ ရေနံနှင့်သဘာဝဓာတ်ငွေ့ ခိုအောင်းနိုင်မည့် အလားအလာရှိသောနေရာများကို ဖော်ထုတ်ပေးနိုင်မှုကိုလည်းကောင်း၊ ဘူမိဗေဒဆိုင်ရာ 3D မော်ဒယ်တည်ဆောက်ပေးနိုင်မှုကိုလည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြသည်။

ပြည်ထောင်စုဝန်ကြီးက ခေတ်မီနည်းပညာများကိုအသုံးပြုနိုင်ခြင်းဖြင့် ဆုံးရှုံးမှုနှင့်စွန့်စားမှုများကို လျှော့ချနိုင်ကြောင်းသိရှိရသည့်အတွက် စိတ်ဝင်စားပါကြောင်း၊ မိမိတို့နိုင်ငံ၏ ကုန်းတွင်းရေနံတူးဖော်ထုတ်လုပ်ရေးသည် သက်တမ်းကြာမြင့်လာသည်နှင့်အမျှ ရေနံအထွက်နှုန်းကျဆင်းလာမှုအပေါ် နည်းပညာအသုံးပြု၍ ‌ရေနံအထွက်တိုးစေရန် လက်တွေ့ဆောင်ရွက်နိုင်မှုနည်းလမ်းများကို သိရှိရသဖြင့် မိမိတို့အတွက်များစွာအကျိုးရှိမည်ဟုယုံကြည်ပါကြောင်း၊ ROSGEO အဖွဲ့နှင့်နည်းပညာပိုင်းဆိုင်ရာများ အသေးစိတ်ထပ်မံဆွေးနွေး၍ ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)