တရုတ်ကမြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူဝါဒအပေါ်ရပ်တည် လျက်ရှိနေပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေဒေသလုံခြုံအေးချမ်းရေးအတွက် စစ်ရေးလေ့ ကျင့်မှု ပြုလုပ်ခြင်း ဖြစ်ကြောင်းသိရသည်။
ယင်းကြောင့် ယခု ကာလတွင် တရုတ်ဆန့်ကျင်ရေးများ ပြုလုပ်ရန်မသင့်ကြောင်းလည်းအကြံပြုပြောဆို နေသူများရှိနေကြောင်း စီးပွားရေးလုပ်ငန်းအသိုင်းအဝိုင်းက ပြောဆိုနေကြသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တောင်ပိုင်းစစ်ဒေသကြီး၏ ပုံမှန်စစ်ရေးလေ့ ကျင့်မှုကို နိုဝင်ဘာလ (၂၅)ရက်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသ၌ နှစ်နိုင်ငံ နယ်ခြားဒေသ တည်ငြိမ် အေးချမ်းရေး၊ နယ်မြေဒေသ လုံခြုံရေးချမ်းရေးအတွက် ဆောင်ရွက်မည်ဟု မြန်မာနိုင်ငံဘက်ကို အကြောင်း ကြားထားကြောင်း သိရသည်။
“တရုတ်နိုင်ငံရဲ့ မူဝါဒက မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူဝါဒအပေါ်မှာ ရပ်တည် လျက်ရှိပြီး မြန်မာ့တပ်မတော် နဲ့အတူ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ အတူ တရားဥပဒေစိုးမိုးရေးကို အမြဲတမ်းလက်တွဲဆောင်ရွက်သွားမယ်လို့ အကြောင်းကြားလာပါတယ်” ဟု နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
မြန်မာနိုင်ငံအနေဖြင့်လည်း တရုတ်နိုင်ငံနှင့်အတူ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး မူကြီး ငါးရပ်ကို လိုက်နာပြီး နေထိုင်ဆောင်ရွက်လျက်ရှိကြောင်း၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေး၊ လုံခြုံရေးကို ပူးပေါင်း ဆောင် ရွက်သွားမည်ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။
“တရုတ်ပြည်သူ့သမ္မတနိုင်ငံ တပ်မတော်(ရေ)ရဲ့ ရေတပ်စစ်သင်္ဘောများလည်း ချစ်ကြည်ရေးခရီး မြန်မာ နိုင်ငံကို မကြာမီမှာ လာရောက် လည်ပတ်ဖို့ ရှိပါတယ်။ တရုတ် - မြန်မာ နှစ်နိုင်ငံ တပ်မတော်၏ ပူးပေါင်း ဆောင်ရွက်မှုသည် ခိုင်မြဲလျက်ရှိကြောင်းနဲ့ ချစ်ကြည်ရင်းနှီးစွာ တည်ဆောက်လျက်ရှိကြောင်း ပြောကြားလိုပါ တယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
တရုတ်နှင့် မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုသည် တန်မင်းဆက်နှင့် ပျူနိုင်ငံမှ ယနေ့အထိ ရှည်လျားသော သမိုင်းကြောင်းရှိခြင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအား အိမ်နီးချင်းကောင်း၊ ချစ်ကြည်ရင်းနှီးမှု၊ ပံ့ပိုးကူညီမှု၊ နိုင်ငံခြားရေးမူဝါဒကို အစဉ်တစိုက် လိုက်နာဆောင်ရွက်ခဲ့သော်လည်း မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို မည် သည့်နည်းဖြင့်မျှ ဝင်ရောက်စွက်ဖက်မှုမရှိခြင်း၊ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် တရုတ်ကုမ္ပဏီ များသည် နိုင်ငံ၏ အခွန်ငွေနှင့် မြန်မာလူမျိုးများအတွက် အလုပ်အကိုင်များ ဆောင်ကြဉ်းပေး၍ နှစ်နိုင်ငံ ပြည်သူများအတွက် အကျိုးရှိစေခြင်းစသည်တို့ကြောင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးကို ရေရှည် ကြည့်ရှု၍ တရုတ်ဆန့်ကျင်ရေးကို မပြုလုပ်စေလိုကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ဆိုသည်။
“မြန်မာနိုင်ငံအနေနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်လာရင် ပြည်တွင်းက အလုပ်သမားတွေ ပြည်ပကို ထွက်ပြီး အလုပ်သွားလုပ်ဖို့ မလိုတော့ဘူး၊ တရုတ်နိုင်ငံအနေနဲ့ တိုင်းပြည်ကောင်းမွန်စေသည့် ရည်ရွယ်ချက်တွေ ရှိတယ်ဆိုတာ ရင်းနှီးမြှုပ်နှံမှု ပမာဏကို ကြည့်ရှုရင် သိနိုင်ပါတယ်။ အားလုံးကတော့ အကျိုးအမြတ်အတွက် လုပ်ကြတာ ဆိုပေမဲ့ မြန်မာနိုင်ငံတွင်းမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးက တရုတ် ဖြစ်နေတာကြောင့် တရုတ်အနေနဲ့ မြန်မာနိုင်ငံတွင်း အလုပ်အကိုင်အခွင့်အလမ်းကို ရစေလိုတာကို တွေ့ရမှာပါ၊ ဒါကြောင့် မြန်မာနိုင်ငံသားများအနေဖြင့် တရုတ်နိုင်ငံကို ဆန့်ကျင်တာမျိုး မလုပ်စေချင်တာဖြစ်ပါတယ်။ တရုတ်နဲ့ မြန်မာဟာ အိမ်နီးချင်း နိုင်ငံဖြစ်တာကြောင့် ခင်မင်ရင်းနှီးကြတဲ့ ဆွေမျိုးတွေ ဖြစ်တယ်ဆိုတာ သမိုင်းမှာ အတိအလင်း ရှိနေတာပါ။ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်များကို လှုံ့ဆော်ဖန်တီးတဲ့ သူတွေ၊ အဖွဲ့အစည်း တွေမှာ မကောင်းတဲ့ ဘယ်လိုရည်ရွယ်ချက်တွေ ရှိနေကြသလဲ ဆိုတာ မေးခွန်းထုတ်မိပါတယ်”ဟု သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း MMDAA ၊ TNLA၊ AA တို့အနေဖြင့် တပ်မတော်အပေါ် အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် ယခုအခါ ကျောက်မဲမြို့နယ်ရှိ တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်ရေး စခန်းကို ဝင်ရောက် ဖျက်ဆီးခဲ့ကြောင်း၊ ယင်း မှာ မြန်မာ-တရုတ်နှစ်နိုင်ငံ အကျိုးစီးပွားနှင့် ဆက်ဆံရေးကို ထိခိုက်စေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ က ထုတ်ပြန်ထားသည်။
“ကျွန်တော်တို့ အနေနဲ့ အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စုရဲ့ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်းကို ရင်ဆိုင် နေရချိန်မှာ အိမ်နီးချင်းနိုင်ငံတွေရဲ့ ကူညီဖေးမမှုကို လိုအပ်ပါတယ်။ အာဆီယံဒေသတွင်းမှာတောင် အနောက် အုပ်စုရဲ့ သြဇာခံနိုင်ငံတွေရဲ့ ရန်လိုခြင်းကို ခံနေရတဲ့ အချိန်မျိုးမှာ အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတို့ နဲ့ဆက်ဆံရေးဟာ အထူးကောင်းမွန်နေမှသာ တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ရှမ်းပြည် (မြောက်ပိုင်း)မှာ ဖြစ်ပေါ်ခဲ့တဲ့ တရားမဝင် လောင်းကစားလုပ်ငန်းတွေ၊ အွန်လိုင်းလိမ် လည်မှုတွေနဲ့ ပတ်သက် လို့ တရုတ်ဘက်က အလေးထားပြီး ပြောဆိုခဲ့တဲ့ အပေါ်မှာ မြန်မာနိုင်ငံဘက်ကလည်း အိမ်နီးချင်းကောင်း ပီသ စွာ လက်တွဲဖြေရှင်းဆောင်ရွက်ပေးနေပြီ ဖြစ်သလို မြန်မာပြည်အတွင်းမှာ ဖြစ်ပေါ် လျက်ရှိတဲ့ အကြမ်းဖက်မှု များနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံဘက်ကလည်း အိမ်နီးချင်းကောင်းပီသစွာ လက်တွဲဆောင်ရွက်ပေးခဲ့မယ်ဆိုရင် တည်ငြိမ်အေးချမ်းမှုကို အမြန်ဆုံးရရှိလိမ့်မယ်လို့ မျှော်လင့်မိပါတယ်”ဟု ယခုရက်ပိုင်းအတွင်း တရုတ်နှင့်ပတ် သက်၍ ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်ခဲ့သူက ပြောသည်။
တရုတ်-မြန်မာနှစ်နိုင်ငံ စီးပွားရေးနှင့် ဆက်ဆံရေးတွင် မဟာဗျူဟာကျသော တရုတ်-မြန်မာ ရေနံဓာတ်ငွေ့ ပိုက်လိုင်းကို မြောက်ပိုင်း မဟာမိတ်အဖွဲ့ဆိုသည့် အဖွဲ့များက အနှောင့်အယှက်ပေးလာသောကြောင့် မြန်မာ နိုင်ငံအစိုးရအနေဖြင့် ယင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်းနေရာများတွင် လုံခြုံရေးတိုးမြှင့်ချထားပြီး ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
တရုတ်သံရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ရာ၌ ပါဝင်ခဲ့သူတစ်ဦးက “ကျွန်တော်တို့ဆန္ဒပြတောင်းဆိုမှုတွေဟာ အကြမ်းဖက်လုပ်ရပ်များ ဖြစ်ပေါ်အောင် လှုံ့ဆော်ခြင်းမျိုးမဟုတ်ဘဲ အကြမ်းဖက်လုပ်ရပ်တွေ ရပ်တန့်ကြဖို့၊ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်း မပြုဖို့၊ အိမ်နီးချင်း တရုတ် အနေနဲ့လည်း အကြမ်းဖက်အဖွဲ့အစည်း တွေကို ကူညီပံ့ပိုးခြင်း မပြုဖို့ ဆိုတဲ့ တောင်းဆိုမှုတွေ ပါဝင်ခဲ့ပါတယ်။ ဒီလိုတောင်းဆိုရခြင်းဟာလည်း ရှမ်းပြည် (မြောက်ပိုင်း)မှာ ဒေသခံပြည်သူ ထောင်ပေါင်းများစွာ စစ်ဘေးဒုက္ခကြုံ တွေ့နေရတဲ့အပေါ်မှာ စာနာထောက် ထားဖို့ကိုသာ ဦးတည် တောင်းဆိုခဲ့ကြခြင်းဖြစ်ပြီး တရုတ် - မြန်မာ အစိုးရ နှစ်ရပ် တည်ငြိမ်အေးချမ်းရေးနဲ့ ဥပဒေစိုးမိုးရေးကို အလေးထားပြီး လက်တွဲလုပ်ဆောင်ကြဖို့ တောင်းဆိုခဲ့ကြခြင်းဖြစ်ပါတယ်။ ဆန္ဒပြတောင်း ဆိုမှုများဟာ အမျိုးသား ရေးရှုထောင့်ကနေ တောင်းဆိုခြင်းဖြစ်တဲ့အတွက်ကြောင့် နှစ်နိုင်ငံအကျိုးစီးပွားကို ထိခိုက်စေမယ့် တောင်းဆိုမှုမျိုးတွေ မပါဝင်ခဲ့ပါဘူး”ဟု ဆိုသည်။
MNDAA၊ TNLA၊ AA အဖွဲ့များအနေဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံစီးပွားရေးနှင့် ဆက်ဆံရေးတို့ ထိခိုက်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဓာတ်ငွေ့ပိုက်လိုင်းများကို ဖျက်ဆီးနေကြောင်း၊ မကြာသေးခင်ကလည်း မြန်မာ-တရုတ် စီးပွားရေးနှင့် ဆက်သွယ်ရေးတို့အတွက် အဓိကကျသည့် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီး တစ် လျှောက်ရှိ တံတားများကို ဖောက်ခွဲဖျက်ဆီးခြင်းများ၊ လမ်းများပိတ်ဆို့ခြင်းများ၊ လမ်းများဖျက်ဆီးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
လက်ရှိမြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးဆုံးဖြစ်သောကြောင့် တိုက်ပွဲကို ရပ်တန့်သင့်သည်ဟု နိုင်ငံရေးသုတေသနပညာရှင်များက ယုံကြည်ကြသည်။ စစ်ပွဲသည် လူတို့၏ ကိုယ်ရေး ကိုယ်တာနှင့် ပစ္စည်းဥစ္စာ လုံခြုံမှုကို ထိခိုက်စေရုံသာမကဘဲ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်ကိုလည်း နှောင့်နှေးစေသည်။
ယခုဖြစ်နေသော တိုက်ပွဲများကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုမှာ ပုံမှန်အတိုင်း လည်ပတ်နိုင်ခြင်း မရှိဘဲ ကုန်သည်များနှင့် လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းရှင်များ နှစ်ဖက်စလုံး ဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ရပြီး ကုန်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အများပြည်သူများ ထိခိုက်နစ်နာခဲ့ရသောကြောင့် ပြည်တွင်း ငြိမ်းချမ်း ရေး၊ တည်ငြိမ်ရေး၊ နယ်စပ်ကုန်သွယ်မှု နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ယခင်အတိုင်း ပုံမှန်အတိုင်း လည်ပတ်နေမှသာလျှင် ပြည်သူများသည် အေးချမ်းသာယာစွာ နေထိုင်လုပ်ကိုင်နိုင်ပြီး ပြည်သူများ၏ စားဝတ်နေရေး အဆင့်အတန်းကိုလည်း မြှင့်တင်ပေးနိုင်မည် ဖြစ်ကြောင်းလည်း ပြောဆိုနေကြသည်။
လက်ရှိ မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့က အမည်ပေးထားသော 1027 သည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးဖြစ်ပြီး ယင်းကို ရပ်တန့်ကာ နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းမှုများပြုလုပ်သင့်ကြောင်း အကြံပြုပြောဆိုနေကြသည်။
နှစ်ဘက် အပြန်အလှန်နားလည်မှုနည်းဖြင့်သာ ရေရှည်ငြိမ်းချမ်းရေးရရှိရန်၊ နိုင်ငံတော် သာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို မြှင့်တင်ကာ ပြည်သူများအား အေးချမ်းသာယာစွာ နေထိုင်လုပ်ကိုင်နိုင်စေရန် လုပ်ဆောင်သင့်ကြောင်း သုံးသပ် ပြောဆိုနေကြသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းကတရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသတွင် ဖြစ်ပွားလျက်ရှိသော ပဋိပက္ခကို အနီးကပ်စောင့်ကြပ်လျက်ရှိကြောင်း၊ တိုက်ခိုက်မှုများ ချက်ချင်းရပ် စဲရန်နှင့် တရုတ်-မြန်မာနယ်စပ်ဒေသ လုံခြုံဘေးကင်းရေး သေချာစွာ ဆောင်ရွက်ရန် သက်ဆိုင်သော အဖွဲ့ အစည်းများကို တိုက်တွန်းကြောင်း ပြောကြားထားသေးသည်။ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်-မြန်မာနယ်စပ်တွင် ပုံမှန်စစ်ရေးလေ့ကျင့်မှုကို နိုဝင်ဘာ ၂၅ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံကို အသိပေးထားသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက်မစွက်ဖက်ရေး မူဝါဒကို ကျင့်သုံးပြီး တရုတ်နှင့် မြန်မာကြား နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်တို့ နိုဝင်ဘာလ ၂၃ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံခဲ့စဉ်ကလည်း မြန်မာ-တရုတ် နှစ်နိုင်ငံအကြား တည်ရှိပြီးဖြစ်သည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကို အခြေခံ၍ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ခိုင်မာ ရေးနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ ဆက်လက်အကောင်အထည်ဖော်သွားရေးနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် နှစ်ဖက် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် နယ်စပ်ဒေသ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကို အမြစ် ပြတ်နှိမ်နင်းရေးတို့အတွက်လည်း ဆောင်ရွက်လျက်ရှိကြသည်။
မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းလိမ်လည်သူများ လွှဲပြောင်းပေးရာတွင် တရုတ်နိုင်ငံမှ လိုချင်သူများ မပါသေး၍ မြောက်ပိုင်းတွင် တိုက်ပွဲများဆက်လက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း MNDAA နှင့် အနောက်အုပ်စုအ ထောက် အပံ့ယူမီဒီယာများက မြန်မာ-တရုတ်နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြားလာအောင် ဆောင်ရွက်နေကြကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများကို ပြောဆိုထားသေးသည်။
“အဓိကတော့ အနောက်နိုင်ငံတွေက ထောက်ပံ့ထားတဲ့ မီဒီယာများအနေနဲ့ မဟုတ်မမှန်သတင်းတွေ ထုတ် လွှင့်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ နှစ်နိုင်ငံပြည်သူ လူထုအကြား အထင်အမြင်လွဲစေရေး ဆောင် ရွက်နေတာတွေ ရှိပါတယ်။ ဒီထဲမှာ တရုတ်က လိုချင်တဲ့သူတွေမပါလို့မို့ မြောက်ပိုင်းအဖွဲ့တွေက ဆက်တိုက် နေတယ်ဆိုတဲ့၊ တိုက်ပွဲတွေဆင်နွှဲနေတယ်ဆိုတဲ့ ပုံစံမျိုးတွေ။ ဒါတွေသည် နှစ်နိုင်ငံဆက်ဆံရေးမှာ အထူးသတိ ပြုမယ်၊ ဂရုပြုရမယ့် အချက်တွေဖြစ်ပါတယ်။ သူတို့လိုချင်တာသည် နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြားပြီး မြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှာ ဖျက်ဆီးရေးပေါ့။ တစ်နိုင်ငံလုံး ပျက်စီးစေရေး ရည်ရွယ်ချက်နဲ့ ဆောင်ရွက်နေ တာဖြစ်ကြောင်း တွေ့ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ သတိထားစရာကောင်းတဲ့အချက်ကတော့ MNDAA ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုပေါ့။ ဒါတွေကို အဓိက မြန်မာနိုင်ငံထဲမှာ သတင်းဖြန့်ပေးနေတာသည် အနောက်နိုင်ငံရဲ့ အထောက်အပံ့နဲ့ ရပ်တည်နေတဲ့ သတင်းဌာနများက အဓိကဖြစ်နေကြောင်း တွေ့ရပါတယ်။ ထပ်ပြီးထူးခြားမှုရှိတာက ဒီအကြမ်းဖက် MNDAA ရဲ့ တရုတ်ဘာသာနဲ့ ရေးသားတဲ့ သတင်းတွေ Website တွေမှာတောင် မတင်သေးဘူး။ အနောက်အားပေး နိုင်ငံတစ်ခုမှာရှိနေတဲ့ အနောက်နိုင်ငံတွေရဲ့ ထောက်ပံ့မှုနဲ့ ရပ်တည်နေတဲ့မီဒီယာမှာ ဦးစွာပါလာတာကိုတွေ့ရပါတယ်။ ပြီးရင် MNDAA အဖွဲ့နဲ့ ချိတ်ဆက်ပြီးတော့ သတင်းတွေကို တင်နေတာ လည်းတွေ့ရတယ်။ MNDAA အဖွဲ့ သူတို့မှာလည်း သတင်းပြန်ကြားရေးအဖွဲ့ရှိမှာပေါ့။ အဲဒီသတင်းပြန်ကြားရေးအဖွဲ့နဲ့လည်း တိုက်ရိုက်ချိတ်ဆက်ပြီးတော့လည်း လုပ်ဆောင်နေတာ ရှိပါတယ်။ ဒါတွေသည် ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ ဆက်ဆံရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတွေမှာ အဓိကထား ဂရုပြုရမယ့်အချက်တွေဖြစ်ကြောင်း တွေ့ရှိရပါတယ်” ဟု ယင်းက ပြောသည်။
#သတင်းသုံးသပ်ချက်
https://t.me/MyanmarNationalPost

No comments:
Post a Comment