တန်ဆောင်မုန်းလပြည့်နေ့တွင် မန္တလေးမြို့လုံးအနှံ့ကုသိုလ်ကောင်းမှုပြုကြသူများ၊ အပန်းဖြေအနားယူကြသူများဖြင့် စည်ကားလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

တန်ဆောင်မုန်းလပြည့်နေ့တွင် မန္တလေးမြို့လုံးအနှံ့ကုသိုလ်ကောင်းမှုပြုကြသူများ၊ အပန်းဖြေအနားယူကြသူများဖြင့် စည်ကားလျက်ရှိ








MNP ၊ နိုဝင်ဘာ ၂၇

ယနေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအတွက် နေ့ထူးနေ့မြတ် တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့) ဖြစ်သည်နှင့်အညီ မန္တလေးမြို့ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ ကုသိုလ်ကောင်းမှုပြုကြသူများ၊ အပန်းဖြေစခန်းများ၌ လာရောက်အပန်းဖြေကြသူများဖြင့် မြို့လုံးအနှံ့ စည်ကားများပြားလျက်ရှိသည်။

နံနက်အာရုဏ်တက်ချိန်မှစတင်၍ မန္တလေးမြို့ရှိ ဘုရား၊ ပုထိုးစေတီများ၊ ဓမ္မာရုံများ၌ တန်ဆောင်တိုင်မီးထွန်းပွဲတော်၊ မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ပွဲများနှင့် ဘုန်းတော်ကြီးကျောင်းများ၌ ဌာနဆိုင်ရာအသီးသီးတို့မှ ကထိန်သင်္ကန်းကပ်လှူကုသိုလ်ပြုခြင်းနှင့် ဆီမီးထွန်းညှိပူဇော်ပွဲများကို အစဉ်အလာမပျက် ကျင်းပလျက်ရှိရာ မန္တလေးမြို့ခံများအပြင် အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူပြည်သူများက ကုသိုလ်ပြုပါဝင်ဆင်နွှဲကြပြီး အသင်းအဖွဲ့အလိုက်၊ မိသားစုအလိုက် ကထိန်ပွဲတော်များကို သက်ဆိုင်ရာကျောင်းများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခင်းကျင်း၍ ရေစက်ချလှူဒါန်းခြင်း၊ ကုသိုလ်ကောင်းမှုပြုခြင်း၊ စတုဒိသာကျွေးမွေးကုသိုလ်ပြုခြင်းများဖြင့် မန္တလေးမြို့တစ်ခွင် ခြိမ့်ခြိမ့်သဲကျင်းပလျက်ရှိသည်။

မန္တလေးမြို့၏ အထင်ကရတန်ခိုးကြီး ဘုရားတစ်ဆူဖြစ်သည့် မဟာမြတ်မုနိဘုရားကြီးအား ယနေ့နံနက်ပိုင်းက ဆရာတော်၊ သံဃာတော်များအမှူးပြု၍ မျက်နှာသစ်တော်ဝတ်အဖွဲ့မှ မျက်နှာသစ်တော်မူပြီး မသိုးမြတ်သင်္ကန်းတော်ဆက်ကပ်လှူဒါန်းကာ ရဟန်းရှင် လူပြည်သူများကလည်း ဆွမ်း၊ ရေချမ်း၊ ပန်းပူဇော်ခြင်း၊ ဝတ်အသင်းအဖွဲ့များက ဝတ်ရွတ်စဉ်များ၊ ပဌာန်းဒေသနာတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ တရားဘာဝနာအားထုတ်ကြခြင်းများဖြင့် စည်ကားလျက်ရှိသည်။

အလားတူ မန္တလေးတောင်တော်ဆုတောင်းပြည့်ဘုရား၊ ကုသိုလ်တော်ဘုရား၊ ကျောက်တော်ကြီးဘုရား‌ အောင်တော်မူမြတ်စွာဘုရား၊ ရွှေကျီးမြင်ဘုရား၊ ဝေရောစနကျောက်စိမ်း‌စေတီတော်စသည့် တန်ခိုးကြီးဘုရားစေတီတော်တို့တွင်လည်း ရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန်း၍ ဆီမီးပူဇော်ခြင်း၊ ဝတ်ရွတ်စဉ်များ ရွတ်ဖတ်ပူဇော်ခြင်းတို့ ဆောင်ရွက်ကြသည့်အပြင် အလှူရှင်များက အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများအား စတုဒိသာအာဟာရကျွေးမွေးကုသိုလ်ပြုကြခြင်းဖြင့် မြန်မာတို့၏ သဒ္ဒါတရားထက်သန်မှုစိတ်ရင်းများကို ပုံဖော်ခဲ့ကြသည်။

ညပိုင်းတွင်လည်း ဘုရားစေတီများ၌ ဆီမီးပူဇော်ပွဲများကျင်းပခြင်း၊ မီးပုံးပျံများလွှတ်တင်ခြင်း၊ နေအိမ်များ၌ မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဆီမီးနှင့် မီးရောင်စုံထွန်းညှိပူဇော်ခြင်းများဖြင့် မန္တလေးမြို့၏ တန်ဆောင်တိုင်လပြည့်‌နေ့ညအလှကို ပိုမိုပေါ်လွင်စေခဲ့ပြီး မဲဇလီဖူးသုပ်ဒါနပြုကြသူများ၊ ပံ့သကူလိုက်လံကောက်ကြသူများဖြင့် စည်ကားလျက်ရှိသည်။

ထို့ပြင် မန္တလေးမြို့၏ အထင်ကရနေရာများဖြစ်သော ကမ်းနားလမ်းရှိမြို့တော်ဥယျာဉ်၊ ပုသိမ်ကြီးမြို့နယ်ရှိ အပန်းဖြေစခန်းများ၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်းနှင့် ဦးပိန်တံတားတို့တွင်လည်း ဒေသခံပြည်သူများသာမက အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေ အနားယူကြသူများဖြင့် စည်ကားလျက်ရှိသည်။


မောင်အေးချမ်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)