ကောလင်းမြို့နယ်၊ ကျွန်းလှမြို့နယ်တို့မှာ လှုပ်ရှားနေတဲ့ PDF အဖွဲ့တွေကို KIA က ဦးဆောင်တာဖြစ်ပါတယ်။ KIA တပ်ဖွဲ့ဝင်တွေရဲ့ အနိုင်ကျင့်မှုတွေကို ခံနေရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ PDF နဲ့ နီးစပ်သူတစ်ဦးက "PDF တပ်ဖွဲ့ဝင်တွေမှာ ဘာမှလုပ်ပိုင်ခွင့် မရှိပါဘူး။ တချို့ PDF အဖွဲ့ဝင်တွေက အရပ်သား အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအပေါ် အလွန်အမင်း ရက်စက်ယုတ်မာတဲ့ လုပ်ရပ်တွေ မလုပ်ချင်ကြဘူး။ သူတို့လေးတွေက PDF အပေါ် အများပြည်သူ အမြင်စောင်းစေမယ့် လုပ်ရပ်မျိုးတွေဆို တချို့ရှောင်ချင်တယ်ပေါ့ဗျာ။ KIA ရဲ့ ဦးဆောင်မှုနောက်မှာ လိုက်နေရတော့ KIA က သံဃာတော်တွေကို သတ်ဆိုရင်လည်း သတ်ရတယ်။ ဆရာ/ဆရာမ တွေကို ဖမ်းဆီးတဲ့ လုပ်ရပ်မျိုးတွေ မလုပ်ချင်ကြဘူးပေါ့ဗျာ။ အခုက တပ်မတော်ကို တော်လှန်ချင်လို့ KIA ကို အားကိုးတဲ့အဖြစ်က အင်္ဂလိပ်ကို တိုက်ဖို့ ဂျပန်ရဲ့ အကူအညီကို ရယူရင်း ဂျပန်ရဲ့ စော်ကားမှုကို ခံနေရတဲ့ သဘောမျိုး ဖြစ်လာတယ်။" လို့ ဆိုပါတယ်။
ယခုလက်ရှိ ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်းကျေးရွာမှာ KIA/PDF တပ်ဖွဲ့ဝင်များ လက်နက်အင်အားအပြည့်အစုံနဲ့ ခြေကုပ်ယူထားတဲ့အတွက်ကြောင့် ဒေသခံတွေမှာလည်း မလိုလားအပ်တဲ့ ပြဿနာတွေ ပေါ်ပေါက်လာမှာ စိုးရိမ်နေကြပါတယ်။ တပ်ဘက်ကလည်း တကယ်ဖိဖိစီးစီးနှိမ်နင်းတာမျိုးမဟုတ်တော့ ဒေသခံတွေမှာ နီးရာဓားကို ကြောက်ရ၊ အကြမ်းဖက်သမားတွေနဲ့ အလိုက်အထိုက်နေရတာမျိုးလည်း ရှိပါတယ်။ တချို့ကြတော့လည်း ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲနဲ့ အကြမ်းဖက်အားပေးလုပ်နေကြတာ ရှိပါတယ်။ သတင်းတွေက အတိအကျပေးပါတယ်။ အတိအကျ သတင်းပေးသော်လည်း အကြမ်းဖက်နှိမ်နင်းရေးကို အလေးမထားကြတဲ့ အခါကြတော့ သတင်းပေးရတဲ့ ပြည်သူတွေမှာလည်း အကြမ်းဖက်သမားကို ကြောက်ရသလို အားကိုးရာမဲ့တဲ့ အခြေအနေမျိုး ဖြစ်လာပါတယ် ဟု ဒေသခံတစ်ဦး က ပြောပါတယ်။
PDF အဖွဲ့အတွင်း ပါဝင်ခဲ့ပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သူ တစ်ဦးက "ကျွန်တော်တို့ကို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တေဆီ ပို့တာက NLD အမတ်တွေပဲဗျ။ သူတို့က ပို့တာလောက်ပဲ တာဝန်ယူတာပါ။ နောက်ပိုင်း ကျွန်တော်တို့အတွက် ဘာမှ တာဝန်ယူတာ၊ တာဝန်ခံတာ မရှိပါဘူး။ ရှင်းရှင်းပြောရင်တော့ KIA အတွက် တပ်ဖွဲ့ဝင်စုပေးလိုက်တဲ့ သဘောပါပဲဗျာ။ KIA ခေါင်းဆောင်တွေကို NUG က ဘယ်လိုရှာပေးသလဲဆိုတာလည်း ကျွန်တော်တို့ မသိရဘူး။ ကျွန်တော်တို့ကတော့ KIA က ခိုင်းတာကို လုပ်ရတာ။ PDF ဆိုတာ အမည်ခံပါပဲ။ KIA တပ်သား၊ KIA တပ်ဖွဲ့ဝင်အနေနဲ့ လုပ်ရတာပါ။ ကျွန်တော်တို့ကို ခေါ်သွားတုန်းက ပြောတာက တစ်မျိုး၊ KIA ထဲရောက်တော့ ကိုယ်တွေက ဘာမှ မဟုတ်တော့ဘူး။ သူတို့ရဲ့ လက်ပါးစေအဆင့်ပဲ။ အဲဒါကြောင့်လည်း ကိုယ့်နယ်မှာ ကိုယ်ပြန်လှုပ်ရှားမယ်လို့ အကြောင်းပြချက် ကောင်းကောင်းပေးပြီး ရုန်းထွက်နိုင်ခဲ့လို့ လွတ်မြောက်လာတာပါ။" ဟု ပြောသည်။
အကြမ်းဖက်မှုများ ဆိုးရွာစွာ ဖြစ်ပေါ်လျက်ရှိသော စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးတွင် NLD ဦးဆောင်သူများက PDF ခေါင်းဆောင်အဖြစ် အမည်ခံ၍ KIA တပ်ဖွဲ့ဝင်များကို ခေါ်ယူထားပြီး အထူးအခွင့်အရေးပေးထားရကြောင်း၊ KIA တပ်ဖွဲ့ဝင်များ၏ အနိုင်ကျင့် ဗိုလ်ကျမှုများကို PDF အဖွဲ့ဝင်များက ခေါင်းငုံ့ခံနေကြသည့်အပေါ် မကျေနပ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
လေ့လာသူတစ်ဦးက "အကြမ်းဖက်လှုပ်ရှားမှုအခြေအနေကို ကြည့်တဲ့အခါကြတော့ တချို့PDF လေးတွေမှာလည်း လူငယ်တွေ ဖြစ်တဲ့အလျှောက် စိတ်လိုက်မာန်ပါ ဆိုးရွားစွာ လုပ်ခဲ့တဲ့ လုပ်ရပ်တွေ ရှိတာပေါ့။ ဒီလိုဖြစ်လာဖို့က ပယောဂတွေ အများကြီး ရှိတယ်လေ။ အထူးအားဖြင့်ကတော့ NLD ဦးဆောင်သူတွေ သောက်ကျင့်ယုတ်မှာကို ကလေးတွေက ပြန်ကြောကနေတာဗျ။ NLD လွှတ်တော်အမတ်တွေ၊ မြို့နယ်အဆင့် ပါတီတာဝန်ရှိသူတွေက PDF ကို ဦးဆောင်နေတာလည်း ရှိတယ်။ အဲဒီကောင်တွေကို ရဲကလည်း သိတယ်။ ထွေအုပ်ကလည်း သိတယ်ဗျာ။ တချို့ PDF အဖွဲ့ဝင်လေးတွေ ဖမ်းဆီးခံရတဲ့အခါ အဲဒီကောင်တွေကပဲ ရဲစခန်းကို တိုက်ရိုက်ဖုန်းဆက်ပြီး လွှတ်ခိုင်းတာမျိုးတွေ ရှိတယ်။ ရဲကလည်း လွှတ်ပေးခဲ့တာတွေ ရှိတယ်။ PDF အဖွဲ့ဝင်လေးတွေက ဒီလှုပ်ရှားမှုမှာ မပါချင်တော့ဘူးဆိုရင် NLD က ကောင်တွေကပဲ ရဲကို လက်တို့ပြီး ဖမ်းခိုင်းတာပဲ။ အဲဒီလို လုပ်မှာကို ပေါ်တင်ပြောပြီး ခြိမ်းခြောက်တာမျိုးတွေလည်း ရှိတော့ သူတို့ခိုင်းတဲ့ အလုပ်ကို ဇွတ်မှိတ်ပြီး လုပ်ရတော့တာပေါ့ဗျာ။ နောက်တချက် က မူးယစ်ဆေးဝါးရဲ့ သားကောင်ဖြစ်သွားတဲ့ လူငယ်တွေကိုကြတော့ ဘယ်လိုမှ စွဲထုတ်ဖို့ မလွယ်တော့ဘူး။ KIA က လူပါးဝလာတယ်ဆိုတာလည်း မူးယစ်ဆေးဝါးက သူတို့လက်ထဲမှာပဲ ရှိတယ်လေ။ အစကတည်းက သူတို့ဆီမှာ သွားပြီး တပည့်ခံခဲ့ကြတာဆိုတော့ KIA က လူပါးဝတာ ဘာမှမဆန်းပါဘူး။ ယခင်ကလည်း ဒီလိုသဘောသဘာဝတွေ ရှိခဲ့တာပဲ။ အခုလည်း ဒီလိုမျိုးဖြစ်မှာ မလွဲသေချာပါပဲ။" ဟု သုံးသပ်ပြောဆိုသည်။
KIA တပ်ဖွဲ့တွင် အကြမ်းဖက်သင်တန်း တက်ရောက်ခဲ့ကြသော PDF အဖွဲ့ဝင်များအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အကြမ်းဖက်လှုပ်ရှားမှုမှ ရရှိသော ငွေကြေး၊ ပစ္စည်များ ခွဲဝေရာတွင် အဝေမတည့်မှု၊ အချင်းချင်း သတင်းပေး ဟုသံသယဖြစ်ပေါ်ပြီး ရက်စက်စွာ သတ်ဖြတ်မှုများကျူးလွန်လျက်ရှိကြောင်း သိရသည်။
NLD ဦးဆောင်သူများ၊ ၈၈ပွင့်လင်းလူ့အဖွဲ့အစည်းမှ မင်းကိုနိုင် အပါအဝင် ဦးဆောင်သူတချို့သည် အကြမ်းဖက်လှုံ့ဆော်မှုများ ပြုလုပ်ခြင်းကြောင့် အမှုဖွင့်တရားစွဲဆိုခံရပြီးနောက် အမေရိကန်ဦးဆောင်သော အနောက်နိုင်ငံများ၏ အကူအညီဖြင့် ပြည်ပသို့ ထွက်ပြေးရောက်ရှိသွားကြသည်။ ထိုသူများက CRPH, NUG အကြမ်းဖက်အဖွဲ့များကို ဖွဲ့စည်းကာ အကြမ်းဖက်လုပ်ရပ်များ ဖြစ်ပေါ်ရန် စဉ်ဆက်မပြတ်လှုံ့ဆော်ခဲ့ကြပြီး ၎င်းတို့ကို ထောက်ခံအားပေးသည့် လူငယ်များကို KNU, KIA လက်နက်ကိုင်အဖွဲ့များထံ စေလွှတ်ပြီး အကြမ်းဖက်သင်တန်းတက်စေ၍ PDF အကြမ်းဖက်အဖွဲ့များကို ဖွဲ့စည်းကာ KNU, KIA အစရှိသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်း၍ အကြမ်းဖက်လှုပ်ရှားမှုများ စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့ပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း (၆၇၀၀)ကျော် အထိ ရက်စက်စွာ သတ်ဖြတ်ခဲ့ကြသည်။
နောင်တော်လေး (ဘိုကလေး)

No comments:
Post a Comment